နိုဝင်ဘာလ ၂ ရက်။
တီးတိန်မြို့နယ်၊မံဆောင်းတံတားမှာကုန်ကားကြီးများ၏ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း နှင့် ပတ်သက်ပြီး ယာယီတံတား ကော်မတီမှ စီမံရာမှာ စီနီယာ အလိုက်ချိတ်ဆက်မှုကို ကျော်လွန်ပြီး ကော်မတီအဖွဲ့ဝင်များ၏ ကားများကို ဦးစားပေး လုပ်ကိုင်ပေးမှုကြောင့် အငြင်းပွားဖွယ်ရာများ ရှိလာရာမှ လွန်ခဲ့တဲ့ ၂ ပတ်ကစပြီး PDF-Zoland တပ်ဖွဲ့ဝင်များ ဝင်ရောက်ထိန်းချုပ်လာကာ အစဉ်လိုက် တန်းစီမှုကို စီမံလိုက် သဖြင့် လက်ရှိတွင် ကုန်တင်ကုန်ချ ဦးစားပေးမှု ပြဿနာ ပြေလည် သွားကြောင်း မံဆောင်းတံတားတွင် ကုန်တင်ကုန်ချ အလုပ်သမား လုပ်သူတစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။
“အရင်ရောက်ပြီး စီနီယာ ချိတ်တဲ့ ကားတွေကို ကျော်တက်ပြီးတော့ အသိတွေရဲ့ ကားတွေကို ဦးစားပေးပြီး ကုန်ကဲ့ယူ စေခဲ့တာ။ ပြဿနာ အကြီးကြီး မဟုတ်ပေမယ့် ပွတ်တိုက်မှု က ဆက်တိုက် ဖြစ်လာတယ်။ PDF-Zoland ကို တိုင်ချက် ဖွင့်တဲ့လူ ရှိတယ်လို့လည်း ပြောကြတယ်။ သူတို့ နေရာယူလာတော့ စီနီယာ အမှတ်စဉ်ပေးမှုကို သူတို့ကိုင်တွယ် သွားတယ်။ သူတို့ကိုတော့ စီနီယာ နံပတ် ချိတ်ခ ကျပ် ၅၀၀၀ ပေးရတယ်” လို့ ကုန်တင်ကုန်ချ အလုပ်သမားတစ်ဦးက
ပြောပြပါတယ်။
“ကျွန်တော်တို့ တပ်ဖွဲ့တွေ မံဆောင်းတံတားမှာ နေရာယူတာ နှစ်ပတ်ကျော် ရှိလာပါပြီ။ အလုပ်အကိုင်များ လာတာနဲ့ အမျှ အလုပ်သမားတွေလည်း များလာပြီး ပြဿနာတွေလည်း များလာတော့ အခြေအနေ လိုအပ်ချက် အရ PDF-Zoland က ဝင်ရောက် ထိန်းချုပ် ပေးခဲ့ရတာပါ” လို့ PDF-Zoland တပ်ဖွဲ့ဝင် တစ်ဦးက မံဆောင်းတံတားတွင် ဝင်ရောက် နေရာယူခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
“လက်ရှိ အချိန်ထိတော့ PDF-Zoland ကနေ အလုပ်သမားတွေ အပေါ် အတင်းအကြပ် ငွေကြေး ကောက်ခံ တာမျိုး မရှိဘူး။ အလုပ်သမား အဖွဲ့လိုက် တခါ ပေးလိုက်ရတယ်။ အဲတာလည်း အဖွဲ့ခေါင်းဆောင်က ပေးရမယ် ပြောလို့ ပေးကြတာပါ။ နောက်ပိုင်း ကျွန်တော်တို့ အနေနဲ့ အခွင့်အခါ သင့်သလို ကိုယ် တတ်နိုင်သလောက်လေး လှူဒါန်းခဲ့ ရပါတယ်” လို့ ကုန်တင် အလုပ်သမားမှ ဆက်လက် ပြောကြားခဲ့ ပါတယ်။
ပုံမှန် အားဖြင့် မံဆောင်းတံတားရှိ ကုန်တင်ကုန်ချ အလုပ်သမားတိုင်းသည် မိမိတို့ လုပ်အားခ ၏ ၁၀% ကို တံတားကော်မတီ ထံ ပေးသွင်းခဲ့ရကြောင်း၊ ကျန်းမာရေး ကောင်းပြီး တနေကုန် အလုပ်လုပ် နိုင်သော အလုပ်သမား တစ်ဦးဟာ တရက်လျှင် လုပ်အားခ ကျပ် ရှစ်သောင်းမှ တစ်သိန်း ခန့် အထိ ရရှိ ကြကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။
ဇွန်လ ၈ ရက်နေ့မှာ မံဆောင်းတံတားဟောင်းကို စစ်ကောင်စီ စစ်တပ်မှ မိုင်းခွဲ ဖြိုချ ပြီးနောက် ဒေသခံများသည် ဆောက်လက်စ တံတား၏ တန်း နှစ်ခုပေါ်တွင် ယာယီ တံတားခင်းပြီး တံတား တဖက်သို့ တင်ပို့လာသည့် ကုန်များကို အလုပ်သမားများမှ ချပေးခဲ့ ပါတယ်။ ယင်းကုန်များကို အလုပ်သမားများမှ တွန်းလှည်းဖြင့် ယာယီ တံတားပေါ်တွင် တင်ဆောင်ကြကာ နယ်စပ်ကုန်သွယ်ရေး စခန်းအထိ သွားရောက်မည့် မြစ်တဖက်ရှိ ကားများပေါ်သို့ တင်ပေးခဲ့ကြ ပါတယ်။