Salai Thang Phung
၂၀၂၁ ခုနှစ်ကစပြီး နိုင်ငံရဲ့အာဏာကိုရယူထားတဲ့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီဟာ နိုင်ငံရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ်အဖြစ် ပြည်ထောင်စုတစ်ရပ်လုံး တည်ငြိမ်အေးချမ်းပြီး တရားဉပဒေစိုးမိုးရေး၊ တိုက်ပျိုးရေးကို အခြေခံတဲ့ ကုန်ထုတ် လုပ်ငန်းမြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပါတီစုံဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီကျင်းပပြီးအနိုင်ရရှိတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲ အပ်နိုင် ရေး စတဲ့ အချက်(၅)ချက်ကို စစ်ကောင်စီထုတ်သတင်းစာ ၊ရုပ်မြင်သံကြားသတင်းတွေကနေတဆင့်နေ့စဉ် ဝါဒဖြန့် ထုတ် ဝေနေပေမယ့် တကယ့်လက်တွေ့မှာ ဘယ်အချက်ကိုမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။
အဆိုးဆုံးအားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စီးပွားရေးနဲ့ပတ်သက်ပြီး တကယ့်လက်တွေ့ကျ လုပ်ဆောင် ရမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလက်တွေ့ဆောင်ရွက်မယ့်အစား တောင်သူလယ်သမားတွေကို လုံခြုံရေးအကြောင်းပြီး ဖိနှိပ်မှု မျိုးစုံနဲ့ဖိနှိပ်လာပြီး အဲ့ဒီဖိနှိပ်ခံရတဲ့အထဲမှာ ကလေးမြို့နယ်က စပါးစိုက်တောင်သူတွေလဲ အပါအဝင်ဖြစ်လာပါတယ်။
ကလေးမြို့နယ်က စိုက်ပျိုးမြေဧကဟာ ချင်းပြည်နယ်တစ်ပြည်နယ်လုံး စိုက်ပျိုးမြေဧက တစ်သိန်းကျော်နဲ့ နှိုင်းယှဉ် လျှင် ကလေးမြို့နယ်မှာ ဧကပေါင်း(၂)သိန်းကျော်ရှိတဲ့အတွက် ချင်းပြည်နယ်တစ်ပြည်နယ်လုံးထက်ထက်ဝက်ကျော်ပိုများတဲ့ပမာဏဖြစ်ပြီး ဧကပေါင်း (၂)သိန်း ကျော်အနက် ဧကပေါင်း (၁၀၁၀၀၀)ကျော်ဟာ စပါးစိုက်ပျိုးဧကတွေဖြစ်ကြပြီး အခြားသီးနှံ စိုက်ဧက(၉၀၀၀၀) ကျော်ရှိပေမယ့် အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှုအပါအဝင် စစ်ကောင်စီဖက်က လုံခြုံရေး အကြောင်းပြပြီး စစ်ဆေးရေးတွေတင်းကြပ်ထားတာတွေကြောင့် ၂၀၂၄ ခုနှစ်မှာတော့ စုစုပေါင်း စပါးစိုက် ဧကရဲ့ ထက်၀က် ၅၀ % ခန့်သာ စိုက်ပျိုးလို့ရတယ်လို့ CDMဝင်ထားတဲ့ ကလေးမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းတစ်ယောက် က ပြောပါတယ်။
“အနည်းဆုံး (၃)ပုံ(၁)ပုံကနေ ထက်ဝက်လောက်က စိုက်ပျိုးလို့လုံးဝမရဘူး၊ အဲ့ဒီစိုက်ပျိုးလို့ရတဲ့ လယ်တွေကျပြန်တော့ စစ်ကြောင်းထိုးတဲ့အချိန်စစ်ဘေးရှောင်တာတွေနဲ့ဆိုတော့ ကောင်းကောင်းဂရုမစိုက်နိုင်ဘူး”လို့ ပြောပါတယ်။
ဆန်စပါး၊ကောက်ပဲသီးနှံတွေပေါကြွယ်ပြီး မြို့နယ်အတွင်းဖူလုံရုံသာမက ချင်းပြည်နယ်မြောက်ပိုင်း မြို့ကြီးတွေ အထိပါ တင်ပို့ရောင်းချနေရတဲ့ ကလေးမြို့နယ်ကဆန်စပါးဈေးဟာ ယခင်အာဏာ မသိမ်းမီကဆန်ဈေးထက် (၂)ဆ၊(၃)ဆ ကျော်အထိဈေးနှုန်းမြင့်တက်လာပါတယ်။ အာဏာမသိမ်းမီက ကျပ်ငွေ ၃သောင်းခွဲနဲ့ပေးဝယ်ရတဲ့ ဧရာမင်းဆန်တစ်တင်းခွဲအိတ်ဟာ ယခုအချိန်မှာ အမြင့်ဆုံးဈေးနှုန်းအဖြစ် အခု၂၀၂၄ ခုနှစ်မှာ တစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာပါတယ်။
ကလေးမြို့ပေါ်နေဒေသခံ (၃)ပုံ(၂)ပုံနဲ့မြို့နယ်အတွင်းကဒေသခံအားလုံးနီးပါးဟာ လယ်ယာလုပ်ငန်း လုပ်ကိုင် ကြတဲ့သူတွေ ဖြစ်ပြီး ကလေးမြို့နယ်ကထွက်တဲ့ ဆန်စပါး၊ ပဲအမျိုးမျိုး၊ စားသုံးဆီတွေကို ချင်းပြည်နယ် မြောက်ပိုင်းက ဟားခါး ၊ထန်တလန် ၊ဖလမ်း၊ တီးတိန်၊ တွန်းဇန်မြို့တွေ ကိုသာမက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အထိပါ တင်ပို့ရောင်းချခဲ့ကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကလေးမြို့ပေါ်နဲ့ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်ကြသူတွေဟာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတဲ့ တောင်သူတွေဖြစ်ကြပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရန်ကြီးအောင် ကျေးရွာ ကျေးရွာ၊ မှန်တော ကျေးရွာနဲ့ကြံသာကျေးရွာကဒေသခံတွေဟာ နေရပ်ကိုမပြန်နိုင်သေးသလိုလယ်ယာ စိုက်ပျိုးရေးလုပ်ငန်း မလုပ်နိုင်တာလဲ နှစ်နဲ့ချီနေပြီလို့ စစ်ဘေးရှောင်လာကြတဲ့သူတွေက ပြောပါတယ်။
“ဒီနှစ်နဲ့ဆို (၂)နှစ်ရှိပြီ ပထမဖြစ်တဲ့နှစ်တုန်းကတော့ ကောက်ခြောက်ကြဲပြီးစိုက်တာပေါ့၊ မနှစ်နဲ့ဒီနှစ်တော့ ကောက် ခြောက်လဲမကြဲနိုင်ဘူး၊ ဒီအတိုင်းပဲပစ်ထားရတယ်”လို့ မှန်တောကျေးရွာကတောင်သူတစ်ယောက်က ပြောပါ တယ်။
ကလေးမြို့နယ်တောင်ပိုင်းကမှန်တောကျေးရွာနဲ့ ကြံသာကျေးရွာက ဒေသခံတွေဟာ ၂၀၂၂ခုနှစ် ဇန်ဇဝါရီ လပိုင်း လောက်ကစပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး ရန်ကြီးအောင်ကျေးရွာကဒေသခံတွေကတော့ ၂၀၂၁ခုနှစ် ဇွန်လပိုင်းကစပြီး ရွာလုံး ကျွတ် စစ်ဘေးရှောင်ကြတာဖြစ်ပါတယ်။
အဲ့ဒီအပြင် ရွာလုံးကျွတ်စစ်ဘေးမရှောင်ကြဘဲ စစ်ကောင်စီဖက်ကစစ်ကြောင်းထိုးတဲ့အချိန် ဘေးလွတ်ရာတော တောင်တွေမှာ ခေတ္တတိမ်းရှောင်ကြတဲ့ ဒေသခံတောင်သူတွေဟာ စစ်ကောင်စီဖက်က မကြာခဏစစ်ကြောင်း ထိုးပြီးဝင်ရောက်လာတာကြောင့် ကောက်ခြောက်ကြဲပြီး စိုက်ပျိုးကြပါတယ်။ ကောက်ခြောက်ကြဲပြီး စိုက်ပျိုးတာ ဟာ လယ်မြေကိုထွန်ယက်ပြီးစပါးကြဲတာဖြစ်ပြီး အထွက်နှုန်းအားဖြင့် သိသိသာသာလျော့နည်းတယ် လို့ တောင်သူ တစ်ယောက်ကပြောပါတယ်။
“စပါးတင်း(၅၀၀)ထွက်တဲ့လယ်က အခုဆို(၂၀၀)ထွက်ဖို့တောင်အနိုင်နိုင် မိသားစုစားဖို့နဲ့လာမယ့်ရာသီမှာစိုက်ဖို့ မျိုးလိုတာတွေကြောင့် ကောက်ခြောက်ကြဲရတာ”လို့ တောင်သူတစ်ယောက်ကပြောပါတယ်။
ကလေးမြို့နယ်မှာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ပြီး လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်တဲ့ တောင်သူအရေအတွက်ဟာ ၂၀၂၃ခုနှစ် ဇွန်လ လယ်ပိုင်းလောက်က စပြီး ၂၀၂၄ ခုနှစ်မှာ တဖြည်းဖြည်းပိုများလာပြီး ကလေးမြို့နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ ကလေးမြို့ တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမကြီးပေါ် သာစည်ကျေးရွာ၊ အနောက်တောင်ဖက်က စက္ကန့်ကျေးရွာနဲ့ ကလေးမြို့ အစွန်ဖက်ရပ်ကွက်ဖြစ်တဲ့ ယခင်မြို့လှကျေးရွာ (မြို့လှရပ်ကွက်)တို့ကို စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ တာကြောင့် ရွာလုံးကျွတ်စစ် ဘေးရှောင်လာကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လာတဲ့ သာစည်ကျေးရွာက လူနေအိမ် (၃၀၀) ကျော်နဲ့ စက္ကန့်ကျေးရွာက လူနေအိမ်(၃၀၀)ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကျေးရွာအတွင်း စခန်းချနေ ထိုင်ကြ တဲ့အချိန် ဒေသခံတောင်သူတွေသိုလှောင်ထားတဲ့ စပါးကျီထဲကစပါးတွေကိုစိတ်ကြိုက်ယူသွားကြတဲ့အပြင် စစ်ဘေးရှောင်ရာကနေစပါးရိတ်လာတဲ့တောင်သူတွေကိုလဲ ချိမ်းခြောက်ပြီးငွေကြေးကောက်ခံတာတွေလုပ်ဆောင် နေတယ်လို့ သာစည်ကျေးရွာက ဒေသခံတွေက ပြောပါတယ်။
“စပါးရိတ်မယ်ဆို တစ်ယောက်ကို(၁၀)သိန်း တောင်းတယ်၊ ဘယ်နှဧကကိုဘယ်လောက်ဆိုပြီး သတ်မှတ်ပြီးတော့ တောင်းတာမဟုတ်ဘူး၊ စစ်သားတွေက သူတို့ကိုအသိမပေးပဲ၊ ပိုက်ဆံမပေးပဲနဲ့စပါးရိတ်မယ်ဆို အဆိုးမဆိုနဲ့ စပါးခင်းတွေကို အကုန်မီးရှို့ပစ်မယ်ဆိုပြီးပြောတယ်”လို့ သာစည်ရွာက တောင်သူတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီဖက်က ကောက်ခံတဲ့ငွေကြေးပမာဏဟာ မိသားစုတစ်စုတစ်နှစ်လုံးဆန်ဝယ်စားလို့ရတဲ့ ပမာဏ ဖြစ်နေပြီး ရိတ်သိမ်းစရိတ်၊ သယ်ယူစရိတ်နဲ့ဆန်ကြိတ်မယ့်စရိတ်တို့နဲ့ယှဉ်ရင် အမြတ်အစွန်း အနည်းငယ်သာ ကျန်တာတွေကြောင့် စပါးမရိတ်ဖို့ဆုံးဖြတ်ကြတဲ့ တောင်သူအရေ အတွက်ကပိုများတယ်လို့ သူကဆက်ပြော ပါတယ်။
အဲ့ဒီအပြင် ကျေးရွာတွင်းတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်သူတွေရဲ့လယ်ယာသုံးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာအပြင် မီးရှို့လို့မရတဲ့ ထယ်သွား၊ ထွန်သွားတွေကိုလဲ သံပုံဆိုင်မှာ ပိဿာချိန်နဲ့ ရောင်းချတာတွေ အထိပါ ပြုလုပ်နေကြတယ်လို့ သာစည်ရွာခံတွေကပြောပါတယ်။
“စပါးရိတ်ဖို့ပိုက်ဆံလဲကောက်တယ် စက်ပစ္စည်းတွေလဲမီးရှို့ဖျက်ဆီးတယ်၊ ဖျက်ဆီးလို့မရတဲ့ဟာကို သံပုံဆိုင်မှာ ရောင်းတယ် တကယ်တော့ တောင်သူတွေကို လယ်စိုက်လို့မရအောင်တမင်လုပ်နေတာ ပြီးတော့ ပြည်သူ တွေကို ထမင်းငတ်အောင် တမင်လုပ်နေတာနဲ့အတူတူပဲ”လို့ သာစည်ရွာက တောင်သူတစ်ယောက်က ပြောပါတယ်။
၂၀၂၄ ခုနှစ် မတ်လကနေ စစ်ကောင်စီတပ်ရဲ့ ကလေးမြို့နယ် အနောက်မြောက် ဒေသ ထိုးစစ်ကြောင့် ဆည်ကြီး၊ မော်စီ၊ ပျဉ်းခုံကြီး၊ ဟံသာ၊ ယောက်ချိုကွင်း၊ ငှက်ပျောတော၊ မိုင်နွဲ၊ ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း အစ ရှိသော ကျေးရွာများမှ နေအိမ် ၂၀၀၀ ကျော် မီးလောင် ပြာကျ ခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံပြည်သူများဟာ စစ်ရှောင်ထွက်ပြေး ခဲ့ရပါတယ်။ကလေးမြို့ အနောက်မြောက်ဘက်က ကျေးရွာတွေက ဒေသခံများ အနေဖြင့် စစ်ရှောင်ရင်း စပါးစိုက်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာစပါးရိတ်ကာလဖြစ်ပြီမို့ ကလေးမြို့ အနောက်မြောက်ဘက်က ကျေးရွာတွေက ဒေသခံများ အနေဖြင့် စစ်ရှောင်ရင်း စပါးစိုက် ခဲ့ရတာ ဖြစ်တဲ့ အတွက် လယ်မြေ အားလုံးကို စိုက်ပျိုး နိုင်ခြင်း မရှိခဲ့ဘဲ လယ်မြေများကို ထယ်ထိုးပြီး လယ်ကြေ အောင် ထွန်ယှက် နိုင်ခြင်း မရှိခဲ့ သော်လည်း စပါး ထွက်ရှိမှု ပုံမှန်နီးပါး ရရှိတယ်လို့ ပြည်တော်သာ ရွာသား ဒေသခံ တောင်သူ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။
ကလေးမြို့နယ်မှာ မိုးတွင်းကာလမှာ ဧရာမင်း၊ဆင်းသုခ၊မနောသုခစပါးကို စိုက်ပျိုးကြပြီးဆင်းသုခ မိုးစပါမှာ အခြားစပါးတွေထက် သက်တမ်းတိုတာကြောင့်အမြန်ရိတ်သိမ်းပြီးအဆိုပါနေရာမှာ ကုလားပဲကြဲတာအပြင် ဆီထွက်သီးနှံကိုအလျင်အမြန်စိုက်ပျိုးတာကြောင့် ဆင်းသုခမိုးစပါးကိုစိုက်ပျိုးတဲ့တောင်သူတွေက ပိုများပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဖက်ကလုံခြုံရေးအကြောင်းပြပြီး လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ် ထားတာတွေကြောင့် ကလေး မြို့ပေါ်ကတောင်သူတွေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်စိုက် ပျိုးတဲ့သူအနည်းငယ်သာရှိပြီး သူတို့အခေါ်မြေစုနဲ့လုပ်ခိုင်းပြီးစိုက်ပျိုးလာကြပါတယ်။
ရှမ်းပြည်မှာ ၁၀၂၇ စစ်ဆင်ရေးဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကလေးမြို့နယ်တောင်ပိုင်းက ရန်ကြီးအောင် တပ်စခန်း၊ မြောက်စည်းရဲစခန်းနဲ့အနောက်မြောက်ဖက်ခြမ်းက ရာဇဂြိဟ်တပ်စခန်း၊ စစ်ကောင်စီရဲ့ အကျဉ်းစခန်း (၂)ခု ကို PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့ကိုဝင်လာမယ့် လမ်းကြောင်းအားလုံးကိုပိတ်ဆို့ပြီး ဖြတ်သန်းသွားလာတဲ့သူတွေကိုလဲ လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးတာတွေ ပိုမိုတင်းကြပ်စွာလုပ်ဆောင်လာပါတယ်။
စစ်ကောင်စီဖက်က မြို့ပေါ်ကိုဝင်လာမယ့်လမ်းကြောင်းအားလုံးကိုကန့်သတ်လိုက်ကြတာကြောင့် ဒေသခံတွေဟာ လူမှုရေး၊ စီးပွားရေးမှာအခက်အခဲဖြစ်နေပြီး အထူးသဖြင့် တောင်သူတွေအပေါ်အကျိုးတက်ရောက်မှုပိုများပြီး စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေမှာ စပါးသယ်ကားတစ်စီးကို ကျပ်ငွေ(၂) သောင်းကနေ(၅)သောင်းအထိ ယာဉ်ဖြတ်သန်းသွားလာခွင့်အနေနဲ့ပေးရတာတွေရှိနေပြီး တချို့ဂိတ်တွေဆို ဖြတ်သန်းသွားလာလို့ လုံးဝမရဘူးလို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ယောက်ကပြောပါတယ်။
“ဒိုးဝင်းချောင်းဂိတ်မှာတော့ တစ်စီးကို (၂)သောင်းတောင်းတာရှိတယ်၊ အလွန်ဆုံး(၅)သောင်းပေါ့ သူတို့ပါးစပ်က တောင်းသလောက်ပေးရတယ်၊ ထိုမာဖက်ကမှာကြတော့ လုံးဝသယ်လို့ပြုလို့မရဘူး ညှိပြီးသယ်လို့လဲမရဘူး”လို့ ပြောပါတယ်။
ကလေးမြို့နယ်ကထွက်တဲ့ ဆန်ကိုအဓိကဝယ်ယူနေကြတဲ့ ချင်းပြည်နယ်မှာ နှစ်စဉ်စိုက်ဧကလျော့နည်းလာပြီး ၂၀၂၂-၂၀၂၃ခုနှစ်စပါးစိုက်ဧကဟာ ဧကပေါင်း ၄၅၀၀၀ဧက သာစိုက်ပျိုးပြီး ပြည်နယ်တစ်ခုလုံးရဲ့ ဝမ်းစာဖူလုံမှုဟာ (၅၀)ရာခိုင်နှုန်းအောက်လျော့နည်းနေပြီး တီးတိန်မြို့ နယ်မှာ (၆၀)ရာခိုင်နှုန်းရှိတယ်လို့ ချင်းပြည်နယ်ရဲ့ ဝမ်းစာဖူလုံမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာပြောဖူးပါတယ်။
ယခုနှစ်မှာ ကလေးမြို့ကထွက်တဲ့ဆန်အိတ်တစ်တင်းခွဲတစ်အိတ်ကို ချင်းပြည်နယ်မှာ တစ်သိန်းခုနှစ်သောင်း (၁၇၀၀၀၀)ကျပ်နဲ့ပေးဝယ်နေရပြီး ကလေးမြို့မှာတော့ တစ်သိန်းနှစ်သောင်း (၁၂၀၀၀၀)ကျပ်သာရှိတဲ့အတွက် ဆန်တစ်အိတ်မှာ(၅၀၀၀၀)အထိဈေးနှုန်းကွာဟနေပါတယ်။
ကလေးမြို့နယ်မှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လယ်ယာလုပ်ငန်းကောင်းမွန်စွာ မလုပ်ကိုင်နိုင်တာ၊ စစ်ကောင်စီ ရဲ့လုံခြုံရေးအကြောင်းပြပြီး တောင်သူတွေကို စစ်ဆေးတာတွေအပြင် စပါးသယ်ယူခနဲ့ရိတ်သိမ်းခအတွက် ငွေကြေးကောက်ခံတာတွေကြောင့် ကလေးမြို့ပေါ်မှာယခုနှစ်အတွင်း ဆန်စပါးဈေးယခုထက်ပိုမိုမြင့်တက်လာခဲ့ ပြီး အကျိုးဆက်အနေနဲ့ ကလေးမြို့နယ်ကထွက်တဲ့ဆန်စပါးကိုဝယ်ယူစားသုံးနေကြတဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေဆန်ဈေးနှုန်းဈေးမြင့်တက်တဲ့ဒုက္ခဒဏ်ကို ပိုမိုခံစားခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်နေ့ ကစပြီး လက်ရှိ အချိန်ထိ ချင်းတောင်တက်မယ့် ကားတွေကို ဆန်အိတ် သယ်ဆောင်ခွင့် စစ်တပ်မှ ကန့်သတ် ပိတ်ပင်လိုက်တဲ့အတွက် ချင်းပြည် တီးတိန်၊ဖလမ်းနဲ့ဟားခါးမြို့က ဆန်နဲ့စားနပ်ရိက္ခာဈေးနှုန်းဟာ ကလေးမြို့နဲ့ အတော်လေး ကွာဟ သွားခဲ့ ပါတယ်။
လက်ရှိမှာလည်း ကလေးမြို့နယ်ရဲ့ ဝင်ပေါက်ထွက်ပေါက်ဖြစ်သော တာဟန်း-ဒိုးဝိုင်းချောင်း-ပျဉ်းခုံကြီး- ပြည်တော်သာ- လက်ပံချောင်း လမ်းမပေါ်ရှိ ဆည်ကြီး ချောင်းကူး တံတားကို ၂၀၂၄ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့ လောက်က စပြီး စစ်ကောင်စီတပ်က ဂိတ်ထိုးလမ်းပိတ်ဆို့မှုကြောင့် ကလေးမြို့နယ်ရဲ့အနောက်မြောက်ဘက်က ကျေးရွာများမှ တောင်သူများ ကလေးမြို့ကိုစပါးပို့ဖို့အခက်အခဲဖြစ်နေကြောင်း ၊ဒေသခံများဟာ ကွင်းလမ်းများမှ သွားလာ ရခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းစပါးစိုက်တောင်သူတွေဆီကသိရပါတယ်။