March 11, 2024
ကိုဇံ(ချင်းတောင်)
တလောက ချင်းမီဒီယာ တစ်ခု ကနေ ချင်းပြည်နယ် ဘိန်းစိုက်ပျိုးမှု နှင့် ပတ်သက်သည့် ဆောင်းပါး တစ်ခု ဖတ်မိပါသည်။ အခန်းဆက် အဖြစ် ဆက်လက် ဖတ်ရှု ရမည်ဟု မျှော်လင့်မိ သော်လည်း ထပ်မတွေ့ဖြစ်တော့ပါ။
လတ်တလော လူမှုကွန်ယက်ပါ ဘိန်းစိုက်ပျိုးမှုသတင်းတွေ ဖတ်ကြည့် လိုက်တော့ အပေါ်ယံ ဆန်သည်ဟု ခံစားမိသည်။ ဆယ်စုနှစ် ကျော် ဖြစ်စဉ် အပေါ် ဖြေရှင်းမည့် နည်းလမ်းများ လက်တွေ့ကျကျ ချပြတာမျိုးလည်း မိမိ အနေဖြင့် မတွေ့မိပါ။ စိုက်ပျိုးသည့် ဒေသကို ဖော်ပြရာတွင်လည်း တစုံတခု ဘက်လိုက် သလို ခံစားရသည်။
ဒေသနှင့်နောက်ခံ
ကျီခါးမြို့သည် တွန်းဇံမြို့နယ်၏ အနောက်ဘက် ခြမ်းတွင် တည်ရှိသည်။ တွန်းဇံမြို့နယ် အရှေ့ဘက်ခြမ်း လေသာတောင်တန်း (Thangmualdung) အရှေ့ဘက်ခြမ်း ရှိ လူနေမှု ကျဲပြီး စိုက်ပျိုးမှု မပြတ်သည့် ဒေသကြီး ဖြစ်သည်။ တီးတိန်မြို့နယ် အရှေ့မြောက်ဘက်ဒေသ၏ လေသာတောင်တန်း အရှေ့ဘက်ခြမ်း လည်း ဘိန်းစိုက်ပျိုးမှု နှင့် မလွတ်ကင်းပေ။ ပြောရရင် ချင်းပြည်နယ် မြောက်ဘက် အစွန်ဆုံး ဒေသ တစ်ခုလုံး နီးပါး ပြန့်ကျဲလာသည်ဟု ဆိုရမည်။
လေသာတောင်တန်း ဟု ဆိုလိုက်ရင် သိရှိသူ နည်းပါးသည်။ ကလေးလွင်ပြင် မြောက်ဘက် ပိုင်း ကနေ အနောက်ဘက်ကို လှမ်းကြည့်လိုက်ရင် တွေ့ရသည့် တောင်တန်းကြီး ဖြစ်သည်။ ချင်းလို Thangmualdung ဟုခေါ်သည်။ အမြင့်ဆုံးတောင်ထွတ်သည် ကနေဒီတောင်ထိပ် ခေါ် ထွမ်းဗွမ်းတောင်ထိပ် ဖြစ်သည်။ တောင်ဘက်တွင် အရှေ့ဘက်ရှိ ကလေးလွင်ပြင်ထဲသို့ စီးဝင်သွားသော မဏိပူရမြစ် လျိုမြောင်ကြီးဖြင့် အဆုံးသတ်သည်။ မြောက်ဘက်တွင် အိန္ဒိယပြည်ထဲထိ ရောက်ရှိသွားသည့် မဏိပူရ မြစ်ဝှမ်း၏ အရှေ့ဘက်ရှိ တောင်မြောက် သွယ်တန်းထားသည့် တောင်တန်းကြီး ဖြစ်သည်။
အဦးပိုင်း ကာလတွင် လေသာတောင်တန်း ကုန်းမြင့်ပိုင်း သည် သဘာဝ တောနက်ကြီးဖြစ်ပြီး မိုး ကြိုးဝိုင်း သစ်တော အဖြစ် ခေတ် အဆက်ဆက် သတ်မှတ်ထားသည့် ဒေသများ ဖြစ်သည်။ သစ်ပင်ကြီးများ အုံ့ဆိုင်းနေသဖြင့် နွေရာသီတွင်ပင် နေရောင် မပေါက်သည့် တောင်ကြောများစွာ ရှိသည်ဟု လူကြီးတွေဆီကနေ ကြားသိရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခု ကျော်ခန့်က သစ်ပင်တစ်ပင်ကို ယောင်္ကျားသား ၇ ဦးမှ ပုဆိန် ကိုယ်စီဖြင့် တနေကုန် ခုတ်ရသည့် သစ်ပင်ကြီးများ ရှိသေးသည်ဟုလည်း သိရသည်။
၂၀၀၈ မတိုင်ခင် ကြိုကြားကြိုကြား ခိုးစိုက် ကြရာမှ ၂၀၀၈ ကြွက်ဘေး ( Mautam) ကြောင့် ကြီးကြီးကျယ်ကျယ် စိုက်ပျိုးလာကြခြင်း ဖြစ်သည်။ ၂၀၀၈ ကြွက်ဘေး ကြောင့် သီးနှံ ပေါင်းစုံ ပျက်စီး အပြီး ဘိန်းစိုက်ပျိုးမှုသည် ကြွက် မဖျက်ဆီးသော သီးနှံ အဖြစ် တခုတည်းေသာ ရွေးချယ်စရာ ဖြစ်လာခဲ့သည်ဟု မိမိ ဆုံတွေ့ဖူးသော တောင်သူ တချို့က ပြောပြဖူးခဲ့သည်။ ၂၀၀၈ ကြွက်ဘေးသင့် ဒေသများသည် အစိုးရမှ လည်းကောင်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ မှ လည်းကောင်း ထိရောက်သော ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပံ့ပူးမှု အားနည်းခဲ့သည်။ နောက်နှစ်များတွင် Food for Work အစီအစဉ်များ ဆောင်ရွက် လာခဲ့သော်လည်း ကပ် ကာလနဲ့ယှဉ်ရင် အတော် နောက်ကျခဲ့သည်။ ယင်းသည်ပင် လေသာမိုးကြိုးဝိုင်း အတွင်း ဘိန်းစိုက်ပျိုးမှု ပြန့်ကား ကျယ်ပြန့် လာခြင်း၏ အကြောင်းရင်း တစ်ခု အဖြစ် မိမိ အနေနှင့် မှတ်ချက်ပြုမိခဲ့သည်။
၂၀၁၀ ဝန်းကျင်တွင် အိန္ဒိယ နိုင်ငံမှ ဝယ်လက်များသည် ဘိန်းဆီ တစ်ကီလိုဂရမ် ကို ရူပီး တစ်သိန်း ထိပေးဝယ်ခဲ့သည်။ ယင်းကြောင့် ဘိန်းဆီ မခြစ်ရသေးဘဲ အခင်းလိုက် တွက်ချက် ရောင်းဝယ် ကြသည် အထိ စီးပွားရေးသမားများ ခြေချင်းလိမ် ခဲ့ရသည်။ သို့သော် ယင်းဈေးသည် ကြာကြာ မခံ၊ နောက်ရာသီတွင် ဘိန်းဆီ တစ်ပိဿာကို မြန်မာငွေ ကျပ် ငါးသိန်းဖြင့် ဝယ်လက် မရှိ ဖြစ်ခဲ့ပြန်သည်။ စိုက်ခင်း အပြန့်ကျယ်လာမှုသာ အဖတ်တင်သည်။ တဖက်တွင် ရောင်းမထွက်သည့်အတွက် သိုလှောင် ထားသော ဘိန်းဆီများကို ဒေသ အတွင်း ဘိန်းမည်း အဖြစ် ဖြန့်ချိ သုံးစွဲလာခဲ့ကြသည်။ တချို့ တောင်သူများပါ ဘိန်းမည်း သုံးစွဲလာကြသည် အထိ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်လာစေ ခဲ့သည်။
၂၀၁၂ နောက်ပိုင်းတွင် ဈေးနှုန်း တစ်ခု ပြန်လည် တည်ငြိမ် လာခဲ့သည်။ နှစ်စဉ် စိုက်ပျိုးခင်း လည်း မကျဆင်းသော်လည်း သိသိသာသာ ထိုးတက် ကျယ်ပြန့်လာခြင်း သိပ်မရှိပေ။ ဈေးကွက်အနေဖြင့် ပွဲစားများနှင့် ရောင်းဝယ် ရသလို ဒေသ အတွင်း သုံးစွဲမှု အတွက်လည်း ရောင်းဝယ်ကြကာ ဈေးကွက် နှစ်ခု ဖြစ်လာသည်။
၂၀၂၀ ကိုဗစ် ကာလ အသွားအလာ ကန့်သတ်မှုသည် အလုပ်အကိုင် အခွင့်အလမ်း များစွာ ထိခိုက်စေခဲ့ရုံ မက အသွားအလာ ကန့်သတ်မှု မရှိသော တောအုပ်ဘက်ကို လူငယ်များစွာ ရောက်စေခဲ့သည်။ အနည်းဆုံး chainsaw များဖြင့် သစ်ခွဲသည့် ဦးရေပါ ထိုးတက်စေခဲ့သည်မှာ အငြင်းပွားစရာ မရှိသလောက်ပင် ဖြစ်သည်။ ဘိန်း စိုက်ခင်းများတွင် လုပ်ကိုင်သည့် လူငယ်လည်း များလာခဲ့သည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်း လာတော့ ဘိန်း စိုက်ပျိုးမှုသည် ထိန်းမနိုင် သိမ်းမရ ထိုးတက်လာခဲ့သည်။ ငွေကြေးဖောင်းပွမှုကြောင့် ဈေးလည်း အတင့်အသင့် ပြန်လည် ရရှိလာသည်။
စိုက်ပျိုးမှုရာသီစက်ဝိုင်း
ဆောင်းဦး ကာလတွင် တောင်ယာကို ခုတ်ထွင် ရှင်းလင်း ကြပြီး နွေရာသီ အတွင်း တောင်ယာမီးရှို့ကြသည်။ သီးညှပ် စိုက်ပျိုးသူများသည် တောင်ယာ မီးရှူပြီးတာနဲ့ တခြားသီးနှံများ မျိုးကြဲကြသည်။ အများစု သည် ဩဂုတ်လ တွင် ဘိန်း မျိုးစေ့ကို စတင် ကြဲကြသည်။ လိုအပ်ရင် ဆောင်းမဝင်ခင် ပေါင်းရှင်း ကြသည်။
အစောပိုင်း ကာလတွင် သစ်တောကြီးများ အောက်ခြေ၌ ရှိသော သဘာဝ မြေဆီမြေနှစ် များဖြင့်သာ စိုက်ပျိုး ကြရာမှ ယခုကာလတွင် ဓာတ်မြေဩဇာများပါ သုံးလာကြသည်။ တခြားသီးနှံများသည် အနောက်ကျဆုံး ဆောင်းလယ်တွင် ရိတ်သိမ်း ခဲ့ရသည်။ ဘိန်း ကိုမူ နွေဦး ကာလတွင် ရိတ်သိမ်း ရသည်။ ရိတ်သိမ်းသည်ဟု ဆိုရာတွင် တခြား သီးနှံများကဲ့သို့ အစေ့ အနှံ အသီး တို့ကို ခူးဆွတ် ရိတ်သိမ်းရသည် မဟုတ်။ အပွင့် အောက်ခြေရှိ အသီးကို အတွင်းသား မထိအောင် ခြစ်ပြီး အစေး ထွက်စေကာ၊ အစေးများ အရည် ခမ်းလာသည့် အခါ ခြစ်ချ ရခြင်း ဖြစ်သည်။ စောလျင်စွာ လုပ်လို့ မရသလို နောက်ကျ လို့လည်း မရဟု ဆိုသည်။
ဘိန်းဆီ ခြစ်သည့် ကာလအတွင်း အခင်းများ၌ အလုပ်သမား များစွာ လိုအပ် ခဲ့သည်။ သို့ေကြာင့် ချင်းပြည် မြောက်ပိုင်းရှိ လူငယ် များစွာကို အတော်အတန်များသည့် လုပ်အားခဖြင့် ခေါ်ယူ လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်။
တခြားရာသီများတွင် ဘိန်းခင်း နှင့် တခြား တောင်ယာခင်းများ ခွဲခြားရန် ခက်ခဲ သည်။ ဆောင်းတွင်းပိုင်း ရောက်လာတော့ ဘိန်းပင်များ ပန်းပွင့်လာသည်။ ယင်းချိန်ကျမှ ဘိန်းခင်းမှန်း သိသာသည်ကများသည်။ တခြားချိန်တွင် မုန်ညှင်းပင် သာသာ သာ ရှိသည်။
စိုက်ပျိုးရခြင်းအကြောင်းပြချက်
တောင်သူ အများစုသည် မိမိတို့ ဝမ်းစာ အတွက် ဟူသော အကြောင်းပြချက်ဖြင့် စိုက်ပျိုးကြသည်။ တပိုင်တနိုင် စိုက်ပျိုးသူတွေသာများသည်။ စီးပွားဖြစ် စိုက်ပျိုးမှုများတွင် ဒေသခံ တောင်သယတွေထက် စီးပွားရေးသမားများ နှင့် တခြားဒေသမှ စိုက်ပျိုးသူများ ပါရှိသည်။ တချို့စိုက်ခင်းများ အတွက် အရင်းစိုက်ထုတ်သူများထဲတွင် မြို့ပေါ် လူကုံထံများပါ ပါရှိသည်ဟု သိရသည်။ စိုက်ပျိုးမှု ကွင်းဆက်သည် ရှည်လျား ရှုပ်ထွေးလှသည်။
ယခုလို လူမှုကယ်ဆယ်ရေး ကူညီမှု ဝေးလံပြီး စီးပွားရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း မရှိတော့သည့် ကာလတွင် တခြား အကြောင်းပြချက် ထူးထူးထွေထွေ လိုအပ်တော့မည် မဟုတ်ပေ။ စစ်မက် ဖြစ်ပွားရာ ဒေသမှ တောင်သူတစ်ဦးသည် “စစ်တကယ် ဖြစ်ရင် တခြားပိုင်ဆိုင်မှုတွေ ယူပြီးပြေးဖို့ မလွယ်ဘူး။ ရွှေတို့ ပိုက်ဆံတို့ကို သုံလို့ မရတဲ့ အခြေအနေ ကြုံတွေ့ရတတ်တယ်။ ဘိန်းမည်း က ဆာလောင်မှု၊ နာကျင်မှု အတွက် အရေးပေါ် သုံးလို့ ရသလို သယ်လို့လည်း လွယ်တယ်။ အခြေအနေ လိုက် ရွှေတို့ ပိုက်ဆံတို့ ပြောင်းလို့ရတယ်” ဟု ဆွေးနွေးပွဲ တစ်ခုတွင် ပြောကြားခဲ့ဖူးသည်ကို ပြန် သတိရမိပါသည်။
ထိရောက်သောချဉ်းကပ်မှု
2013-2014 ဝန်းကျင်တွင် TNI နှင့် ပူးပေါင်းပြီး လူ့အခွင့်အရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် မိုင် ချယ်ရီ ဇဟောင် သည် ဘိန်း စိုက်ပျိုးမှု နှင့်ဘပတ်သက်ပြီး အရပ်ဘက် နှင့် တောင်သူများ စုစည်းပြီး အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် မိမိ အနေဖြင့် သတိ မထားမိ တော့ပါ။ (မရှိတော့ဟု မဆိုလို။ အဆက်ပြတ်ခဲ့မိသည်) ယင်း ဆွေးနွေးပွဲ တွေက လွှဲပြီး လက်တွေ့ကျသော ချဉ်းကပ်မှုမျိုး မိမိ အနေဖြင့် မတွေ့မိသေးပါ။ မည်သည့် အရပ်ဖက် အဖွဲ့အစည်း ကမှ ကိုင်တွယ်တာမျိုး မတွေ့ရပါ။ ပြောရမည် ဆိုလျှင် မည်မျှ စိုက်ပျိုးကြပြီး မည်မျှ ထွက်ရှိသည်ကိုတောင် မည်သည့် ဒေသခံ အဖွဲ့အစည်းမှ သုတေသန နှင့် စစ်တမ်း မပြုလုပ်နိုင်ခဲ့ပေ။
ဘာသာရေး သမားမျာ အနေဖြင့် ဘာသာရေး အဆုံးအမကို အခြေခံပြီး စိုက်ပျိုးမှု အပေါ် တားမြစ်သည့် ဟောပြောချက်များ တော့ အနည်းအများ ကြားရသည်။ စီမံချက်ဆန်သော လှုပ်ရှားမှုများ မှာမူ မရှိသလောက် အနည်းအကျဉ်းသာ တွေ့ရသည်။
၂၀၂၁ မတိုင်ခင် ကာလများတွင် ပြည်နယ် အစိုးရမှ ဦးဆောင်သည့် စိုက်ခင်း ဖျက်ဆီးရေး စီမံချက်ဆိုင်ရာ လှုပ်ရှားမှုများ နှစ် အလိုက် ပြုလုပ်တတ်သည်။ သို့တိုင် တကယ့် အခေါင်အဖျား ရှိ စိုက်ခင်းကြီးများထိ မပေါက်ရောက် နိုင်ကြပေ။ သွားလာရ မလွယ်ကူသော နေရာများတွင်သာ စိုက်ပျိုးကြသည်က များသည်။ အစိုးရ အခိုင်အမာ ရှိသည့် ကာလတွင်ပင် အစိုးရ မူဝါဒ နှင့် စီမံချက် ကိုယ်တိုင်က ထိရောက်စွာ အရေးယူ နိုင်ရန် ခက်ခဲသည်ဖြစ်ရာ အခုလို ပဋိပက္ခ ကာလတွင် မိမိ အနေဖြင့် ပြောစရာပင် လိုမည်မထင်ပါ။
နှမ်းဖြူးခြင်း
အများနည်းတူ ကိုယ်လည်း ယခုကိစ္စကို နှမ်းဖြူး ချင်မိပါသည်။ ဘိန်းစိုက်ပျိုးမှု ဟုပြောလိုက်ရင် ပထဝီ၊ နိုင်ငံရေး၊ စီးပွားရေး or ဈေးကွက် နှင့် လုံခြုံရေး ကိစ္စရပ်များ ထည့်သွင်း ရမည်။ ယခုကိစ္စများ ထပ်ပြော ထပ်ရေး ရင် စာရှည်သွားမည်။ ချင်းပြည်နယ် မြောက်ဘက် ဘိန်းစိုက်ပျိုးမှု အကြောင်း ပြောချင် ပါက ဒေသကြီး သုံးခုခွဲ ကြည့်မြင်မှုသည် လည်း အရေးကြီးမည်။ တွန်းဇံမြို့နယ် အနောက်ခြမ်းသည် တစုံတခုသော အခြေအနေ ကြောင့် နာမည်ထကြီး လာသည့်တိုင် အစဉ်အလာ ကြီးပြီး ဖြစ်သော တွန်းဇံ အရှေ့ဘက်ခြမ်း နှင့် တီးတိန်မြို့နယ် အရှေ့ဘက်ခြမ်း များပါ ခြုံငုံသည့် သတင်း နှင့် သုံးသပ် လေ့လာချက်များလည်း လိုသည်ဟု ထင်မိပါသည်။ မိမိ အနေဖြင့် ဒေသ သုံးခု အဖြစ် ခွဲခြမ်းရသည်မှာ လက်ရှိ လုံခြုံရေး ထိန်းချုပ်မှု အရ မတူသည့် သုံး အုပ်စု ဖြစ်နေ သောကြောင့် ဖြစ်သည်။
ဆယ်စုနှစ်တစ်ခု ကျော်လာသည့်တိုင် အာမေဋိတ် အသံ တစ်ခုပြုကြပြီး ဩချရင်း တစ်နှစ်စာ ကုန်သွားခဲ့သည် ချည်းပင်။ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း၊ ဉာဏ်ပင်ပန်းခံပြီး ဖြေရှင်းရန် ပိုင်းဖြတ်ထားသည် လက်တွေ့ဆန် စကားလုံးများ ပျောက်ကွယ်နေဆဲပင်။ နှစ်ဖက် အကျိုးစီးပွား ထိခိုက်နိုင်မည့် လမ်းကြောင်းကို ရှောင်နေကြတုန်း ပင်။ မထိခိုက်မည့် လမ်းကြောင်းကို ချပြမည့်သူတွေလည်း ပျောက်နေဆဲ ပင်။
မိမိကိုယ်တိုင်သည်လည်း နှမ်းဖြူးရုံသာ ပြောဆိုမိ နေတုန်းပင်။
ကိုဇံ(ချင်းတောင်)