ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (Zomi Congress for Democracy Party) ပါတီ ရဲ့ပါတီ ဆက်လက်တည်ထောင် မှတ်ပုံတင် ပေးပါရန် လျှောက်ထားချက်ကို စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ငြင်းပယ်လိုက်ကြောင်း ဩဂုတ်လ ၅ ရက်က MRTV/MWD သတင်းဌာနများမှာ သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်မှာ ZCD ပါတီ နှင့် အတူ လူ့ဘောင်သစ်ပါတီ (NSP) ကိုလည်း ငြင်းပယ်ကြောင်း ပါရှိကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ် ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒမ ၆ ပါ ပြဠာန်းချက်များ နဲ့ ညီညွတ်ခြင်း မရှိခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၆/၂၀၂၄) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ခြင်း ဖြစ်တယ် လို့လည်း ပါရှိပါတယ်။
ZCD ပါတီဟာ ZNC ပါတီအမည်နဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်၊တီးတိန်နဲ့တွန်းဇံမြို့နယ်မှာ ၂ နေရာယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၊၂၀၁၅ ရွေးကောက်ပွဲမှာ တီးတိန်နဲ့တွန်းဇံမြို့နယ်ကလွှတ်တော်နေရာအများစုမှာအနိုင်ရခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တီးတိန်နဲ့တွန်းဇံမြို့နယ်မှာ ၂ နေရာအနိုင်ရခဲ့ပါတယ်။
ချင်းပြည်နယ်အခြေစိုက်ပြီးပါတီအသစ်တည်ထောင်လျှောက်ထားတဲ့ ချင်းပြည်သူ့ပါတီ(CPP) ကိုလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ငြင်းပယ်ခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိတယ် လို့လည်း ဆက်လက် ဖော်ပြခဲ့ ပါတယ်။
လက်ရှိ စစ်ကောင်စီ အသုံးပြုတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ဟာ ၂၀၂၃ ဇန်နဝါရီလ ၂၆ ရက်နေ့က ပြဠာန်း လိုက်ခြင်းဖြစ်ပြီး ပုဒ်မ ၂၅ ဟာ နိုင်ငံတော် ဖွံ့ဖြိုးရေး နှင့် အေးချမ်းသာယာရေး ကောင်စီ ဥပဒေ အမှတ် ၂/၂၀၁၀ အရ တည်ရှိနေသော နိုင်ငံရေး ပါတီများ အနေဖြင့် ပါတီ ဆက်လက် တည်ထောင် လိုပါ ရက်ပေါင်း ၆၀ အတွင်း ပြန်လျှောက်ထားရန် နှင့် ပြန် မလျှောက်ပါက အလိုလို ပျက်ပြယ် ကြောင်း ပါရှိပါတယ်။