ဇန်နဝါရီလ ၄ ရက်။
ဒီကနေ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ/သား ၅ ဦး အပါအဝင် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၂၃ ဦးလွတ်မြောက်လာကြောင်းကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့ဒေသခံတစ်ဦးက “ ဒီကနေ့လွတ်ငြိမ်းထဲမှာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၄ ယောက် စုစုပေါင်း ၂၃ ဦးလွတ်တယ်၊ ၅၀၅ – က နဲ့ လွတ်တာက အမျိုးသမီး ၁ ဦး အမျိုးသား ၄ ဦး စုစုပေါင်း ၅ ယောက်လွတ်ပါတယ်” လို့ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံတဝန်းက အကျဉ်းသူ၊ အကျဉ်းသား ၆၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတချို့မှာ ဖြေဆိုထားပါတယ်။
ယနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းပေးတဲ့ထဲ နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ (၅၈၆၄)ဦးကို ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်ငြိမ်းပေးတဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။
ဒီကနေ့ လွတ်ငြိမ်းထဲမှာ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းပေးပြီး ပြည်နှင်ဒဏ်ပေးကြောင်းကိုလည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ထောင်ဒဏ်တစ်သက်ကျခံနေရသူ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကိုလည်း ၁၅ နှစ်ထောင်ဒဏ်သို့ ပြောင်းလဲပြီး လျှော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီကနေ့ လွတ်မြောက်လာတဲ့ သူတွေက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ခဲ့သော် ၎င်းပြစ်ဒဏ်အပြင် ယခင်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမှာလို့ စည်းကမ်းသတ်မှတ်ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့လည်း ပါဝင်ပါတယ်။
လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုတွေမှအပ ကျန်ပြစ်မှုများနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ အားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံလျှော့ပေါ့ခွင့် ပေးလိုက်ကြောင်းကိုလည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။