ဒီဇင်ဘာလ ၂၇ ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ်တပ်ဖွဲ့ မုံရွာခရိုင််အမှတ် (၃) တပ်ရင်းက ရဲဘော် (၇) ဦးကျဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း မုံရွာခရိုင်အမှတ် (၃)တပ်ရင်းက ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက “ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက ရဲဘော် (၇)ယောက် ပေးဆပ်ကျဆုံးခဲ့ရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ကို ပဓာနမထားပဲ အောင်ပွဲတွေရရှိနိုင်ရန် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၇) ဦးကို ဦးညွှတ်ဂုဏ်ပြုကြောင်းနဲ့ နွေဦးတော်လှန်ရေးမိဘပြည်သူတွေအနေနဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေအားလုံးရဲ့ မလျော့သောဇွဲဖြင့် ယနေ့အချိန်ထိ လိုချင်သော ပန်းတိုင်မရောက်မချင်း ဆက်လက်ပြီး ကြိုးစားနေမည်ဖြစ်ကြောင်းကိုလည်း သစ္စာကတိပြုတယ်” လို့ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့စလို့ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့နဲ့အတူ Yaw Defense Force (YDF) ၊ Yaw Army (YA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း (၃) တို့ကပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မင်းတပ်မြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခလရ (၂၇၄) တပ်ရင်းကို အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) က စစ်ကူ၊ စစ်လက်နက် ခဲယမ်း၊ စစ်ရေးဆိုင်ရာ အကြံဥာဏ်တွေ ပံ့ပိုးပေးခဲ့ပြီး စစ်ဆင်ရေးပြီးဆုံးပြီးနောက် စစ်ကောင်စီဘက်က စစ်သုံ့ပန်း (၁၅၀) ကနေ (၁၆၀) ဦးခန့် ဖမ်းဆီးရမိထားကြောင်းနဲ့ ၁၂၂ မမ ဟာဝေဇာလက်နက်ကြီး (122 mm Howtizer) အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တချို့ထွက်ပြေးခဲ့ပြီး ထွက်ပြေးတဲ့အထဲကနေ အားလုံးနီးပါးကို ပြန်မိခဲ့သလို လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါးခန့်လောက်သာ ရှိတော့မယ်လို့ ရှေ့တန်းရောက်သတင်းရင်းမြစ်တွေပြောပြချက်အရ သိရပါတယ်။