Headlines

ပြည်တော်ပျက်ကာလ ပြည်တော်သာရွာ ပြာပုံကြားမှ မပျက်သည့် သမ္မာကျမ်းစာအုပ်

ကိုဇံ(ချင်းတောင်)

14 June,2024.

(ကလေးမြို့နယ် ပြည်တော်သာရွာသူ ဓမ္မအမှုတော်ဆောင် ဆရာမ တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် အပေါ် အခြေခံပြီး တင်ဆက် ရေးသားခြင်း ဖြစ်ပါသည်)

သူမ အသက် ၂၅ နှစ်ပြည့် ကတည်းက ခရစ်ယာန် ဓမ္မအမှုတော်ဆောင် တစ်ယောက် ဖြစ်လာခဲ့သည်။ အမှုတော် စဆောင်မှ ဆောက်လုပ်ခဲ့သည့် ကလေးမြို့နယ် ပြည်တော်သာရွာ ဈေးရှေ့ရှိ သူမတို့မိသားစု၏ လေးထပ်တိုက်သည် လွန်ခဲ့သည့် နှစ်လ ခန့်အထိ သစ်လွင် တောက်ပနေဆဲ ဖြစ်သည်။ သူမ၏ ဆုတောင်းခန်းတွင် စာလုံးပိုကြီးပြီး အရွယ်အစားပိုကြီးသော သမ္မာကျမ်းစာ တစ်အုပ်ကို ဝယ်ယူပြီး Bible Study လုပ်ဖို့ အတွက် အခန်းတွင်း၌ ထားခဲ့သည်။ အမှုတော်ဆောင် တစ်ယောက် အနေဖြင့် အိမ်တွင် နေဖြစ်သည်က နည်းနည်း၊ အပြင်ထွက် ဖြစ်သည်က များများ ဖြစ်သည်။ ဒါပေမယ့် ယင်း ကျမ်းစာအုပ် ကတော့ အိမ်တွင် အမြဲ ရှိနေသည်။

ကိုဗစ်-၁၉ ကာလ ရောက်တော့ ယင်း ကျမ်းစာအုပ်ကို သူမ အဖော်ပြုပြီး ဆုတောင်းခဲ့သည်။ ကပ်ကာလ အတွင်းမှာတင် နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတော့ ဆုတောင်းခန်း အတွင်း ကျမ်းစာအုပ်နှင့် သူမ နေ ခဲ့သည့် ရက်တွေ မနည်း။ ကပ်ကာလတို့ ထုံးစံ နည်းတူ နာရေးတို့ လည်း ကြုံရသည်။ သို့သော် အပြင်သို့ သူမ ယူဆောင်မသွားခဲ့ပါ။ အပြင်သွားရင် သယ်ရလွယ်ကူသော အရွယ်အစား ပိုသေးသည့် ကျမ်းစာအုပ် တစ်ခုကို လက်ကိုင်ထားသည်။ ပြောရလျှင် တစ်ကိုယ်တည်း ဝတ်ပြုခြင်း အတွက် သီးသန့်သုံးသော ကျမ်းစာပင် ဖြစ်သည်။

ခေတ်တို့သည် ပြောင်းလာခဲ့သည်။ လမ်းပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြရာမှ လက်နက်ကိုင်တော်လှန်ရေးသို့ ရောက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ပြည်တော်သာရွာ အတွင်း တိုက်ပွဲ အကြီးအကျယ် ဖြစ်လာခဲ့သည်။ အိမ်နီးနားချင်း အားလုံးသည် သူတို့ အိမ်သို့ လာရောက် ခိုလှုံကြသည်။ ရောက်လာသမျှကို အိမ်၏ မြေအောက်ခန်းတွင် ခိုလှုံစေခဲ့သည်။ သူမ အနေဖြင့် ရွာရှိ ဘုရားကျောင်း တစ်ခုတွင် သင်တန်းပေးနေသည့် အချိန် ဖြစ်နေသည်။ ပစ်ခတ်သံတွေကြောင့် ဘုရားကျောင်းထဲရှိ ပရိသတ်များနှင့် အတူ ဘုရားကျောင်း ခုံတန်းရှည် အောင်တွင် မောက်အိပ် ခဲ့ရသည်။ နောက်ရက်များတွင် ရွာနီးချင်း ဖြစ်သော နန်းချောင်းရွာ အပါအဝင် တချို့ ရွာတို့တွင် ရှို့မီးကြောင့် နေအိမ်များ စတင် မီးလောင်လာခဲ့သည်။

ယင်းနောက် အသင်းတော်၏ စီမံမှု အရ ရွာကို ထားခဲ့ပြီး ကလေးမြို့ရှိ သာသနာရုံးတွင် အမှုတော်မြတ် အတွက် ဆက်လက် တာဝန်ယူခဲ့ရသည်။ သူမ၏ ဝတ်ပြုရာတွင် အသုံးပြုသော ကျမ်းစာအုပ်သည် ရွာရှိ လေးထပ်တိုက် အိမ်၏ ဝတ်ပြုခန်းတွင် မပြတ် နေရာ ယူနေခဲ့သည်။

ဧပြီလ အစောပိုင်း က‌နေ စတင်လာသော စစ်ကောင်စီ စစ်တပ်၏ ကလေးမြို့ အနောက်မြောက် စစ်ကြောင်း၏ စစ် အငွေ့အသက်တို့သည် ပြည်တော်သာရွာတွင်လည်း မွန်းထူလာခဲ့သည်။ သူမတို့၏ ရွာ နီးချင်း ဖြစ်သည့် ပျဉ်းခုံကြီးရွာ အထိ‌ ရောက်လာပြီး နေအိမ်များကို မီးရှို့ခဲ့သည်။ ဧပြီလ နှောင်းပိုင်းတွင် ရွာနီးချင်း ယောက်ချိုကွင်းရွာကို စစ်ကောင်စီ စစ်တပ်တို့ ဝင်ရောက် စစ်ကြောင်းထိုးခဲ့ပြီး နေအိမ် များကို အကြိမ်ပေါင်းများစွာ မီးရှို့ပြာချ ခဲ့သည်။ ချင်းပြည်နယ် ဘက်ခြမ်း မိုင်နွဲရွာကိုလည်း ဆက်လက် မီးရှို့ခဲ့တော့ ပြည်တော်သာရွာခံများ မိမိတို့ရွာ နှင့် နေအိမ်တို့တွင် မနေရဲ တော့ဘဲ စစ်ရှောင်ခဲ့ကြသည်။

သူမ၏ မိသားစုဝင်များသည်လည်း ပိတ်ဆို့ထားသည့် လမ်းကြောင်းများကို လမ်းကြမ်းသော ကွင်းလမ်းများမှ ဖြတ်သန်းခဲ့ပြီး ကလေးမြို့ရှိ သူမ၏ အလုပ်လုပ်ရာ သာသနာ အိမ်ယာသို့ လာရောက် ခိုလှုံကြသည်။ အိမ်သား အားလုံးသည် အဝတ်တထည် ကိုယ်တထည် ဖြင့် စစ်ရှောင် ထွက်လာကြသည် ဖြစ်ရာ သူမ၏ ကျမ်းစာအုပ်ကို ဘယ်သူမှ မယူအား ကြပေ။ ယင်းသို့ဖြင့် နန်းချောင်းရွာ အပါအဝင် ပြည်တော်သာရွာထဲကို ဧပြီလ ၃၀ ရက်နေ့က စပြီး စစ်ကောင်စီ တပ်များမှ စစ်ကြောင်း စတင် ထိုးခဲ့ပါတော့သည်။ ဒရုန်းဒဏ်၊ လက်နက်ကြီးဒဏ် တို့ကို အကြီးအကျယ် ခံခဲ့ရသည်။

မေလ ၃ ရက်နေ့ ရောက်တော့ ပြည်တော်သာ ရွာထဲရှိ နေအိမ်များကို မီးရှို့ခဲ့သည့် သတင်းသည် မီဒီယာများမှ တဆင့် တက်လာခဲ့သည်။ မေလ တစ်လလုံး နီးပါး ဆက်တိုက် မီးလောင်ကျွမ်းခဲ့သည်။ အလုပ်ကိစ္စကြောင့် သူမသည် မေလ ၈ ရက်နေ့တွင် ကလေးမြို့ နှင့် မိသားစုကို စွန့်ခွာပြီး ရန်ကုန်ကို ဆင်း၊ ယင်းက တဆင့် မလေးရှားကို ထွက်ခွာခဲ့ရသည်။ ရွာ၊ အိမ် နှင့် မိသားစု၏ အဝေးသို့ သူမ ရောက်ရှိခဲ့သည်။ ရှို့မီးတို့သည် မနား၊ ရွာတွင်း၌ ဆက်လက် လောင်ကျွမ်းခဲ့သည်။ သူမ အလုပ်ကလည်း မပြီး မလေးရှား၌ ဆက်နေခဲ့ရသည်။

ရွာတွင်းသို့ ခိုးဝင်နိုင်သူများမှ တဆင့် မေလ ကုန်ပိုင်းတွင် ပြည်တော်သာရွာ၏ ဝမ်းနည်းဖွယ် ပြာပုံ အခြေအနေကို သူမ စတင် မြင်ခဲ့ရသည်။ သူမ တရားဟောမည့် ဆုတောင်းပွဲ မစခင် ဖုန်းထဲသို့ ဓာတ်ပုံတချို့ ဝင်လာခဲ့သည်။ ဖွင့်ကြည့်လိုက်တော့ ရစရာ မရှိအောင် ပျက်စီးနေသည့် သူမတို့၏ လေးထပ်တိုက် အိမ်လေး ဖြစ်နေသည်။ ရွာတွင်း ရှိနေအိမ်များစွာ၏ ဝမ်းနည်းဖွယ် မြင်ကွင်းများလည်း ပါလာသည်။ သူမ တရားဟောဖို့ စင်ပေါ်တက်လိုက်ပြီး တရားစဟောတော့ မျက်ရည်တွေ အလိုလို ထွက်ကျလာခဲ့သည်။ “မိမိတို့ မိဘတွေက မစားရက်၊ မဝတ်ရက်ဘဲ စုဆောင်းခဲ့ပြီး ဆောက်လုပ်ခဲ့တဲ့ အိမ်တွေ၊ ကျွန်မတို့ တစ်နှစ်တောင် ကောင်းကောင်း အနေခဲ့ရတဲ့ အိမ်တွေ၊ ပြာကျသွားခဲ့ပြီ” ဟုပြောလိုက်တော့ စကားကို ဆက်မပြောနိုင်ဘဲ ဆွံ့အသွားခဲ့သည်။ သို့တိုင် “ဘုရားသခင်၏ ခွင့်ပြုချက် မရှိဘဲ ဘယ်အရာမှ မဖြစ်ပျက်ပါ” အစချီပြီး ဆုတောင်းပွဲ တက်သူအားလုံးကို သူမကိုယ်တိုင် ပြန်နှစ်သိမ့်ခဲ့သည်။

သူမလည်း ဇွန်လဆန်းတွင် မြန်မာပြည်ကို ပြန်လာခဲ့သည်။ ယင်းချိန်တွင် စစ်ကောင်စီတပ်များ ပြည်တော်သာရွာ မှ စွန့်ခွာသည့် အချိန်လည်း ဖြစ်သည်။ ကလေးမြို့ ပြန်ရောက်တော့ နှေးကွေးလွန်းသော အင်တာနက် ကွန်နက်ရှင် အောက်တွင် ရွာ၏ ပြာပုံမြင်ကွင်းများကို သူမ ဆက်လက် ကြည့်ရှုခဲ့ရသည်။ ရွာရှိ လူပေါင်း ၆၀၀၀ ကျော်သို့သည် စစ်ရှောင်ဘဝ ဖြင့် ဒေသ အသီးသီးကို ရောက်ရှိခဲ့ကြကာ အိုးမဲ့အိမ်မဲ့ ဖြစ်နေခဲ့ရသည့် ဘဝကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သူ နှစ်ဦး ပစ်သတ်ခံရပြီး ရက်ပေါင်းများစွာ သဂြိုလ် နိုင်ခြင်း မရှိသည့် အဖြစ်တို့သည် သူ့ကို စောင့်ကြိုခဲ့သည်။ မိုင်းနင်းမိ လို့ ရွာသား တစ်ဦး ကွယ်လွန်ခဲ့ရသလို မိုင်းကွဲလို့ ဒဏ်ရာ ရရှိသည့်သူ များစွာ တို့ကို ကြားသိခဲ့ရ ပြန်သည်။ ဒရုန်းဗုံး နှင့် အမြောက်ကျည် တို့ကြောင့် ဒဏ်ရာ ရရှိပြီး နေရာစုံတွင် အဆင်ပြေသလို ကုသခဲ့ရသည့် ရွာသားများစွာ တို့၏ စာရင်းတောင် အတိအကျ ကောက်လို့ မရ။ စသဖြင့် သူ့ကို ကြိုဆိုသည့် သတင်းသည်က အကောင်း တစ်ခုမှ မရှိ။

တချို့သည် တောထဲ တွင် စစ်ရှောင်နေရသည်။ တချို့သည် တခြားရွာသို့ စစ်ရှောင်ရသည်။ အများစုကတော့ ကလေးမြို့တွင် စစ်ရှောင် နိုင်ခဲ့သည်။ တလကျော် ကာလအတွင်း စစ်ရှောင်ရင်း ရောဂါ အမျိုးမျိုးကြောင့် ရွာသား သုံးဦး ကွယ်လွန်သွားခဲ့သည်။ ပြည်တော်သာရွာရှိ နေအိမ် ၉၀၀ ကျော် မီးလောင်ပြာကျခဲ့သည်ကို မြေပြင်သို့ သွားရောက်ခဲ့သူများ ထံမှ ကြားသိခဲ့ရသည်။ မီးလောင်ဘဲ ကျန်ရှိသည့် နေအိမ် ၅၀ ကျော်တို့သည်လည်း ဗုံးဒဏ်၊ ကျည်ဒဏ်များကြားတွင် အကောင်းအတိုင်း တစ်ခုမှ မရှိတော့။ ဘုရားကျောင်း ၁၇ ခု ရှိသည့် အထဲမှာမှ မီးမလောင်သည့် ဘုရားကျောင်း ဆိုလို့ နှစ်ခုသာ ရှိသည်။ သူမတို့ ဘုရားကျောင်း ဆိုရင် မီးလောင်သည့် အထဲ ပါမသွားပေ။ သို့သော် ကျည်ဒဏ်တွေကြားတွင် အကျည်းတန် နေသည်။ ဘုရားကျောင်းထဲရှိ အသုံးအဆောင် ပစ္စည်း အကောင်း တစ်ခုမှ မရှိ။

ဇွန်လ ၁၁ ရက်နေ့ ရောက်တော့ မောင်လေးဖြစ်သူက အိမ်ကို သွားကြည့်မည် ဟု ပြောလာသည်။ သူမလည်း ရွာကို သွားရောက် ကြည့်ရှုလိုခဲ့သည်။ သို့သော် သူ့ မောင်လေးက ခရီးကြမ်းသည့် ကွင်းလမ်းတွင် သူမကို မခေါ်ချင် ခဲ့ပေ။ စစ်ရေး အခြေအနေကြောင့် အထင်မှတ်ပဲ လမ်းပိတ်သွားတာမျိုး ဖြစ်တတ် သလို၊ မိုးရွာရင် ရွံနွံ့ကြောင့် ခရီးနှောင့်နှေးရသည်မို့ မခေါ်ချင်တာလည်း ဖြစ်မည်။ သူမ ကိုယ်တိုင် ဦးစီး အလှူခံပြီး တည်ဆောက်ခဲ့သည့် မူကြိုကျောင်းကို တချက် ကြည့်ပေးဖို့သာ မှာကြားခဲ့ရသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်သော ရွာတွင်းကနေ ဘာ အဆက်အသွယ်မှ မရခဲ့။ ညနေစောင်းသည် အထိ ခေါင်းသည် ရွာဘက်ကို အခါခါ လှည့်မိသည်။

သူမ၏မောင်လေး တို့ ရောက်လာတော့ ဓာတ်ပုံပေါင်းများစွာ ပြလာခဲ့သည်။ မူကြိုကျောင်း အကြောင်း အရင်ဆုံး မေးဖြစ်သည်။ အဖြေကတော့ ပြတ်သည်။ ပြာကျခဲ့ပြီတဲ့။ သူမတို့ နေအိမ်၏ I Beam တိုင်ကြီးများသည် မီးလောင်ဒဏ်ကြောင့် တွန့်လိမ် ကွေ့ကောက် ခဲ့သည်ကို တွေ့မြင်ရသည်။ အိုးခွက် ပန်းကန် က အစ အိမ်သုံး ပစ္စည်းတို့ အကောင်း တစ်ခုမှ မရှိ။ ဖုန်းဖန်ပြားပြင် ကနေ ဓာတ်ပုံ တစ်ခုပြီး တစ်ခု ကြည့်နေမိသည်။ တစ်နေရာ ရောက်တော့ သူ အလွန် အံ့ဩသွားခဲ့သည်။

ပြာပုံကြားက ကျမ်းစာ တစ်အုပ် ထွက်လာခဲ့သည်။ အတိအကျ ပြောရရင် သူမ၏ ဆုတောင်းခန်းထဲ က ကျမ်းစာအုပ်သည် ပြာပုံကြားတွင် အပျက်အစီး တစ်ခုမှ မရှိ၊ အကောင်း အတိုင်း ကျန်ရှိနေ၏။ မောင်လေး ဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်တော့ မျက်ရည်စများကြားတွင် သူမကို ပြုံးပြပြီး ကျောပိုးအိတ်ထဲမှ ကျမ်းစာအုပ်ကို ထုတ်ပေးခဲ့သည်။ ကျမ်းစာအုပ်သည် တကယ့် အကောင်း အတိုင်းပင်။

သူမ၏ ဒူးတို့သည် အလိုလို ညွတ်ကျသွားပြီး ဒူးထောက်မိ လျက်သား ဖြစ်သွားခဲ့သည်။ ကျမ်းစာအုပ်ကို ရင်ဝယ် တင်းကျပ်စွာ ပွေ့ဖက်မိသည်။ မျက်ရည်တို့သည် အလိုလို ကျမိသွားခဲ့သည်။ တိုးညှင်းစွာ ဆုတောင်း နေခဲ့မိသည်။

“ကျေးဇူးတင် လိုက်တာ ကိုယ်တော်ရယ်။ ကိုယ်တော့် နှုတ်ကပတ်တော်ကို ကိုယ်တော် စောင့်ရှောက်တော်မူ ခဲ့တယ်။ ကိုယ်တော့် အမှုတော်မြတ်အတွက် ကိုယ်တော်ပေးတော်မူတဲ့ အင်အားတွေက ရဲဝံ့စွာ အမှုတော်ထမ်းဖို့ လုံလောက်ပါတယ်။”

ကိုဇံ(ချင်းတောင်)

Leave a Reply

Your email address will not be published. Required fields are marked *