Headlines

ချင်းတော်လှန်ရေးအစုအဖွဲ့တွေအကြား လိုအပ်နေတဲ့အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု

“ အပေးအယူ ပြတ်ပြတ်သားသားလုပ်ရမယ် မှားရင်လည်း မှားတဲ့အတိုင်း မှားတဲ့အကြောင်း ဝန်ခံပြီးတော့ အဲဒါကို ပြင်ရဲတဲ့ သတ္တိလည်းရှိရမယ် ၊အစောပိုင်းက ဘာမှမမှားဘူး ငါလည်းမမှား ….သူကလည်း မမှားဘူး ၊တစ်ခုထောက်ပြတိုင်း ပြန်ပြန်ငြင်းနေတာ ၊အကုန်မှန်တယ် မှားတာတစ်ခုမှမရှိဘူးဆိုတာမျိုး ဖြစ်ဖြစ်နေတာဆိုတော့ ကျနော်တို့လည်း စိတ်ညစ်တာပေါ့လေ ဘာမှလည်းပြောချင်စိတ်မရှိတော့ဘူးလေ အခုတော့ အကုန်လုံးက အပေးအယူလုပ်ဖို့ အဆင်သင့်ရှိတယ်လို့ ကျ နော် ကြားရတဲ့အခါမှာတော့ အရမ်းဝမ်းသာတယ် အမြန်ဆုံးလုပ်ဖို့ဘဲ အမြန်ဆုံးလုပ်နိုင်လေ ကောင်းလေဘဲ နည်းနည်းထပ်ကြာသွားရင် လပိုင်းနဲ့ ထပ်ကြာသွားရင်ကို ကျနော်တို့ဒုက္ခရောက်မယ်”

Salai Kipp

ဝါရင့်ချင်းနိုင်ငံရေးသမား

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း၊ ဝါရင့်ချင်းနိုင်ငံရေးသမားလည်းဖြစ်သူ ဒီမိုကရေစီအတွေးအခေါ်နဲ့ ဖက်ဒရယ်ကျွမ်းကျင်သူ Salai Kipp ကို လက်ရှိ ချင်းတော်လှန်ရေးအင်အားစုတွေအကြားစည်းလုံးရေးနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို Chin World Media ကမေးမြန်းခဲ့စဉ်က”အပေးအယူ ပြတ်ပြတ်သားသားလုပ်ဖို့ မှားရင်လည်း မှားတဲ့အတိုင်း မှားတဲ့အကြောင်း ဝန်ခံဖို့၊အဲဒါကို ပြင်ရဲတဲ့ သတ္တိလည်းရှိဖို့ ” သူက ဒီလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) က ဇူလိုင်လ ၁၈ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ၂ ပတ်အကြာ ကောက်ယူခဲ့တဲ့ ချင်းလူထု သဘောထား စစ်တမ်းနဲ့ သြဂုတ်လ ၂၁ ရက်နေ့ မှာ CCM ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ Chin Civic Movement (CCM) ကထုတ်ပြန်ခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF )ဦးဆောင်တဲ့ Chinland Council အင်အားစုနဲ့ ချင်းညီနောင်အဖွဲ့ အချင်းချင်းကြား လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး Chin Civic Movement (CCM)က စစ်တမ်းကောက်ယူခဲ့ပြီး ချင်းလူမျိုးနွယ်စု ၃၅ မျိုးနွယ်စုပါဝင်တဲ့ လူဦးရေ ၁၀၁၀ ဦးက စစ်တမ်းဖြေဆိုထားပါတယ်။

ချင်းတော်လှန်ရေးအစုအဖွဲ့တွေအကြား မပေါင်းစည်းနိုင်ရခြင်းအဓိကလိုအပ်ချက်ဟာ နိုင်ငံရေးခံယူချက် တွေ မတူညီမှုထက် တဖွဲ့နဲ့တဖွဲ့အကြား အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုမရှိခြင်း၊လေးစားမှုလိုအပ်ခြင်းတို့ကအဓိကကျတယ်လို့ CCM စစ်တမ်းမှာ ဖြေဆိုသူအများစုက ယုံကြည်ကြပါတယ်။

Chin Civic Movement (CCM) ကတာဝန်ရှိသူ တစ်ဦးက “လူအယောက် ၁ထောင်ကျော်ဖြေဆိုထားတာဖြစ်တာမို့လို့ အနည်းဆုံး ၉၅ ရာခိုင်နှုန်း ယုံကြည်မှုရှိတယ် ဒါသည် ချင်းလူထုတစ်ခုလုံးရဲ့ အသံကို လွှမ်းခြုံနိုင်တယ် ကိုယ်စားပြုနိုင်တယ်ဆိုတာ ယုံကြည်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ချင်းအချင်းချင်းကြား ပဋိပက္ခကို ဖြစ်စေတာဟာ ချင်းတော်လှန်ရေးအဖွဲ့များ အကြား နားလည်မှုတည်ဆောက်ရန် အားနည်းခြင်းကြောင့်လို့ စစ်တမ်းဖြေဆိုသူ အများစုက CCM ရဲ့စစ်တမ်းမှာ ဖြေကြပါတယ်။

CCM ရဲ့စစ်တမ်းမှာ ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပဋိပက္ခက တော်လှန်ရေးရည်မှန်းချက်ပြည့်မြောက်စေရေးကို နှောင့်နှေးစေနိုင်တယ်လို့ အများစုက ဖြေဆိုထားကြပြီး ချင်းလူမျိုးစုအချင်းချင်းအကြား မျိုးရိုးစဉ်ဆက် အမုန်းတရားပြန့်ပွားတည်ရှိစေနိုင်တယ်လို့လည်း စိုးရိမ်ချက်ကို ဖြေဆိုကြတယ်လို့ သိရပါတယ်။

……………………….

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ချင်းလူမျိုးတွေကြားထဲမှာ တော်လှန်ရေး အင်အားစု ၂ စု ဟာ သူ့ပရိတ်သတ်နဲ့သူ၊ သူ့ကို ထောက်ခံတဲ့သူ့အင်အားစုကိုယ်စီနဲ့ ကွဲပြားစွာထွက်ပေါ်လာပါတယ်။

အဲ့ဒီ ချင်းတော်လှန်ရေး အစုအဖွဲ့ ၂ ခု ကတော့ ၁၉၈၈ ခုနှစ်ကနေ စတင်လာခဲ့တဲ့ ဝါရင့်ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ Chinland Council နဲ့ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက် ချင်းလူရွယ်/လူငယ် တွေက စတင်တည် ထောင်ခဲ့တဲ့ Chinland Defence Force (CDF/PDF) အ ခြေပြု ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့တို့ပဲဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF/A)ဟာ ဆိုလို့ရှိရင် ချင်းပြည်အတွင်းမှာ ၁၉၈၈ က နေ လက်နက်ကိုင်ပြီး မြန်မာစစ်တပ်ကို တွန်းလှန်တိုက်ခိုက်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း(၃၆)တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦးဟာ ဝါရင့်သက်တမ်းရင့်လက်နက်ကိုင်အဖွဲ့အစည်းပီပီ ပြည်တွင်း/ပြည်ပက ချင်းလူမျိုးတွေရဲ့ ထောက်ခံအားပေးမှုကို နှစ်များစွာ အများဆုံး ရရှိခဲ့တဲ့အဖွဲ့အစည်းလို့ ဆိုနိုင်ပါတယ်။

CNF ဟာ ၂၀၂၁ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းကာစမှာ သူ့ရဲ့ နိုင်ငံရေးဆိုင်ရာရည်မှန်းချက်က ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အတိုင်းလိုက်နာမလိုလိုနဲ့ ပြတ်သား ခိုင်မာမှုမရှိခဲ့ဘူးလို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကာလမှာ ချင်းလူငယ်များက CDF တပ်ဖွဲ့မတည် ထောင်ကျခင်မှာ CNF ကိုဆက်သွယ်ပြီး ဦး ဆောင်မှု တောင်းခံခဲ့ ပေမယ့် CNF ဆီက ရှင်းလင်းခိုင်မာတဲ့ သတင်းစကားမကြားခဲ့ရ ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ CDF_Mindat ဦးဆောင်သူ ဆလိုင်း ယောမာန်က ကိုမြတ် ကျော်သူနဲ့အင်တာဗျူးမှာ အတိအလင်း ပြောကြားခဲ့ပါတယ်။

CNF ဟာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေ အင်အား ရာဂဏန်းမျှသာရှိခဲ့ပြီး၊လက်နက်အင်အား ဆိုလည်း အနည်းအကျဉ်းသာရှိခဲ့ပါတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမူမဖြစ်ခင်က ချင်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့ဆိုလို့ ၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့ကာ ၂၀၁၅ ခုနှစ်က အစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) ချုပ်ဆိုခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) သာ အဓိကတည်ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာသိမ်းမူကိုဆန့်ကျင်တော်လှန်တဲ့ ဒေသအလိုက် မျိုးနွယ်စုအလိုက် လက်နက်ကိုင်အဖွဲ့တွေ ချင်းပြည်နယ်မှာအများအပြားပေါ်ပေါက်လာခဲ့တယ်။ လက်ရှိအချိန်မှာ ချင်းပြည်နယ်မှာ ဒေသနဲ့မျိုးနွယ်စုအခြေပြုလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ရှိတယ်လို့ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာဖွဲ့စည်းခဲ့တဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC)ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ချင်းပြည်ကောင်စီ(Chinland Council ) ပေါ်ပေါက်ရေးအတွက် ၂၀၂၃ ဒီဇင်ဘာလ ၄ ရက်ကနေ ၇ ရက်နေ့အထိ ချင်းပြည်နယ်စပ် Victoria Base မှာကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ ချင်းအမျိုးသားတပ်ဦး(CNF) ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နဲ့ဒေသအစုအဖွဲ့ကကိုယ်စားလှယ်များ စုစုပေါင်း ၂၃၅ ဦးတက်ရောက်ခဲ့ကာ Chinland Council ဖွဲ့စည်းပြီး ေကြာင်းညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်ကောင်စီ(Chinland Council) မှာ ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး/တပ်မတော်(CNF/A) ၊ CDF-Matupi တပ်မဟာ (၂)၊ ၊CDF-Lautu ၊ CDF-Zotung ၊CDF- Paletwa ၊ CDF-Hualngoram ၊ CDF-Tonzang၊ CDF-Hakha, CDF-Thantlang, CDF-KKG ၊ CDF-Zophei ၊ CDF/ CDM SIYIN ၊ PDA-Tedim၊ CDF-Mara ၊ CDF-Zanniatram နဲ့ Mindat Council စတဲ့အဖွဲ့များ ပါဝင်ပါတယ်။

Chinland Council ကို လက်မခံတဲ့ ချင်းလက်နက်ကိုင်အဖွဲ့များက ချင်းညီနောင်အဖွဲ့ ( CB)ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး CB အဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF-Mindat၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)CDF-Kanpalet၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) CDF-Matupi Brigde 1  နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်ပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ နိုင်ငံရေးပိုင်းဆိုင်ရာမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှာပါဝင်ထားပြီး လက်တွဲဆောင်ရွက်နေပါတယ်။

ချင်းလူမျိုးကို အ ခြေပြုပြီးဖွဲ့စည်းထားတဲ့ လက်နက်ကိုင် တော်လှန် ရေးအင်အားစု တွေဖြစ်တဲ့အတွက် မြို့နယ်အလိုက်/မျိူးနွယ်စုအလိုက် ဘယ်လို အ ခြေခံခံ ချင်းတမျိုးသားလုံးလွတ် မြောက် ရေးဆိုတဲ့ ပန်းတိုင်၊ရည်မှန်းချက် တွေက ၁၀၀ မှာ ၉၀ တူပြီးသားဖြစ်ပါတယ်။ ချင်းလက်နက်ကိုင်အင်အားစု တွေအကြားမသင့်မြတ်ရခြင်းဟာ ၁၀၀ မှာ ၉၀ တူပြီးသား မူဝါဒ တွေ၊ဖွဲ့စည်းပုံ တွေထက် အချင်းချင်းအကြား အပြန်အလှန် လေးစားမှု၊အသိအမှတ်ပြုမှုမလုပ်ခြင်း၊မရှိခြင်းက အဓိက အဟန့်အတား လို့ ကျ နော်မြင်ပါတယ်။အချင်းချင်းအကြား အပြန်အလှန် လေးစားမှု၊အသိအမှတ်ပြုမှုရှိလာရင် စကားစပြောရတာ၊ ဆွေး နွေးညှိနှိုင်းရတာ အဆင်ပြေလာမှာပါ။

လက်ရှိမှာ ချင်းပြည်နယ်မှာ Chinland Council ပူး ပေါင်းတပ်ဖွဲ့သိမ်းပိုက်ထားတဲ့မြို့ တွေရှိသလို ၊ ချင်းညီ နောင်ပူး ပေါင်းတပ်ဖွဲ့သိမ်းထားတဲ့မြို့ တွေလည်းရှိပါတယ်။ ချင်းလက်နက်ကိုင်အင်အားစု ၂ စု ရဲ့အစွမ်းဟာ မ သေးလှပါ။ ပေါင်းစည်းနိုင်ရင် အလွန်အား ကောင်းတဲ့ တခြားလူမျိုး တွေပို ကြောက်ရတဲ့ ချင်းလက်နက်ကိုင်အင်အားစုကြီးဖြစ်လာမှာ အ သေ အချာပါပဲ။

လက်ရှိမှာ Chinland Council (CC) နဲ့ ချင်းညီနောင်( CB)တို့အကြားသင့်မြတ် ရေးအတွက်ကြိုးပမ်း နေကျချိန်မှာ အ ရေးကြီးဆုံး ပထမဆုံး လုပ်ရမယ့်အချက်ကနှစ် ပေါင်း ၃၀ ကျော် မြန်မာ့နိုင်ငံ ရေးမှာ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးသမိုင်းမှာ ချင်းကိုယ်စားပြုလှုပ်ရှားခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ကို လေးစားမှု ပေးဖို့လိုသလို၊ ၂၀၂၁ နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ခေတ်သစ်ချင်းလူငယ်တွေရဲ့ဦးဆောင်မှုနဲ့ ပေါ် ပေါက်လာတဲ့ ချင်းညီ နောင်အဖွဲ့ကိုလည်း လေးစားမှုပေးဖို့လိုပါတယ်။ဒါဆို ပထမအဆင့်စကားစပြောရတာ၊ ဆွေး နွေးညှိနှိုင်းရတာ အဆင်ပြေလာမှာပါ။

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) က ပြုလုပ်ခဲ့တဲ့ ချင်းလူထု သဘောထား စစ်တမ်းက ဖော်ပြနေပါတယ်။


မိုင်မိုင်မန်းထာ

Leave a Reply

Your email address will not be published. Required fields are marked *