Headlines

ကလေးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းလို့ PDF တွေဖမ်းတာခံရတဲ့ ရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ ကိစ္စနဲ့ ပတ်သက်ပြီး ကလေးငယ် အပါအဝင်ဒေသခံ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဒီဇင်ဘာလ ၁၇ ရက်။

စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းပေးတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှောညောင်ပင်ရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ PDF တွေဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး နှောညောင်ပင်ကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးသွားကြောင်းကလေးမြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့နယ် အရှေ့တောင်ဘက် နှောညောင်ပင်ကျေးရွာက စစ်ကောင်စီခန့်် ရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းပေးလို့ဆိုပြီး PDF တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “ အုပ်ချုပ်ရေးမှူးသားအဖ ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲဒီရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၆ ဦးကို သူတို့လက်ချက်ကြောင့်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးတယ်” လို့ပြောပါတယ်။

အဖမ်းဆီးခံရတဲ့ နှောညောင်ကျေးရွာက ဒေါ်သင်းသင်းဌေး နဲ့ သူ့ရဲ့မြေး ၊ ဒေါ်ခင်ရူ၊ ဒေါ်ဇင်မာဖြူ၊ ဦးမျိုးဝင်း၊ ဦးမိုးဆွေတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂) ရက်နေ့က ဖမ်းဆီးခဲဲ့တာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် အခုလ ဒီဇင်ဘာလကစလို့ ကလေးမြို့နယ်နဲ့ မြို့ပေါ်အတွင်း လူငယ်အမျိုးသားတွေကို အရင်ကနဲ့ မတူ အဖမ်းအဆီးပိုလုပ်လာတာတွေရှိပြီး ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *