Headlines

ကျီခါးမြို့နဲ့ ပတ်ဝန်းကျင်ကို Chinland Council ပူးပေါင်းတပ်မှ ထိန်းချုပ်ထားခြင်းမရှိကြောင်းသိရ

နိုဝင်ဘာလ ၁၈ ရက်။

လက်ရှိမှာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က ကျီခါးမြို့နှင့် ပတ်ဝန်းကျင်ဒေသတွေကို အပါအဝင် CNF/A ဦး ဆောင်ပြီး CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်မှ ထိန်းချုပ်ထားခြင်း မရှိဘူးလို့ ကျီခါးမြို့ခံ တစ်ဦးထံမှ သိရှိရပါတယ်။

“CNF နှင့် သူ့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေက မေလ ၁၉ ရက်နေ့မှာ ကျီခါးမြို့ကို ရောက်လာကြတယ်။ ရဲစခန်းကို မီးရှို့လိုက်တယ်။ ဘာထိတွေ့ တိုက်ပွဲ မှ မရှိပါဘူး။ အပြန်အလှန် ပစ်ခတ်တာလဲ မရှိပါဘူး။ သူတို့ အလံ ထောင်ပြီး ပြန်လှည့်သွားကြတယ်။ သူတို့ ခဏ ရောက်လာတာက လွဲရင် ဘာမှ ထိန်းချုပ်တာ၊ အုပ်ချုပ်တာမျိုး မရှိပါဘူး” လို့ ကျီခါးမြို့ခံတစ်ဦးက ပြော ပါတယ်။

CDF-Tonzang အနေဖြင့် လက်ရှိ ထိန်းချုပ်တဲ့ နေရာက တွန်းဇံမြို့ နဲ့ အနီးပတ်ဝန်းကျင် သာ ဖြစ်ပြီး အနောက်ဘက် တွင် မဏိပူရမြစ်ကူး တံတားရှိတဲ့ နတ်ဇန် ရွာ ထိသာ ဖြစ်တယ်လို့ လဲ ZRA-EC နဲ့ နီးစပ်သူ တစ်ဦးထံမှ ဆက်လက် သိရှိခဲ့ရ ပါတယ်။

“CC တပ်တွေက ကျီခါးမြို့ ဝင်ရောက် ချီတက်လာတယ် ဆိုတာ အမှန်တရားပါ။ သူတို့ ဝင်ရောက်ခဲ့ဖူးတာနဲ့ ထိန်းချုပ်တယ် ဆိုပြီး လက်ခံ လို့ မရပါဘူး။ သူတို့ ချီတက်မလာခင် ကတည်းက စစ်ကောင်စီ အနေနဲ့ ရဲ နှင့် စစ်သား အားလုံးကို ကျီခါးမြို့ကနေ ရုပ်သိမ်းခဲ့ ပြီးသားပါ” လို့ ZRA-EC နဲ့ နီးစပ်သူတစ်ဦးကပြော ပါတယ်။

CDF-Tonzang ရဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း “အခြေအနေအရပ်ရပ်ကြောင့် CDF-Tonzang တပ်ဖွဲ့အပါအဝင် ချင်းလဲန်းပူးပေါင်းတပ်ဖွဲ့သည် ကျီခါးမြို့တွင် တပ်မထိုင်ပဲ တွန်းဇံမြို့ပေါ် နှင့်အနီးတစ်ဝိုက်တွင်သာ တပ်ထိုင်ထားကြောင်း၊ ZRA တပ်ဖွဲ့သည် အခွင့်အရေးယူကာ ကျီခါးမြို့တွင် တပ်အထိုင်ချကြကြောင်း” စသည်ဖြင့် ဖော်ပြထား ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့မှာ ZRA-EC နှင့် CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်တို့တွန်းဇံမြို့နယ် မဏိပူရမြစ် အနောက်ဘက်ခြမ်း ရှိ မွာလ်ကွေး ကျေးရွာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး ၂ ဖက် ကျဆုံးမှုများ ရှိတယ်လို့ လည်း နှစ်ဖွဲ့စလုံး မှ ကြေငြာချက် အသီးသီး ထုတ်ပြန်ခဲ့ ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *