

Salai Benezer
တစ်ဆို့နေသည့် ငြိမ်းချမ်းရေဖြစ်စဉ်ကြောင့်အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား အမြန်တွေ့ဆုံညှိနှိုင်းပြီးသဘောတူညီချက်တစ်ခု အမြန်ချမှတ်နိုင်ရန် လိုအပ်ကြောင်း အပစ်အခတ်ရပ်စဲရေးစာချုပ်ချူပ်ဆိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကြေညာချက်တစ်ရပ်ကို စက်တင်ဘာလ (၁၁) ရက်နေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံ၍ အနာဂါတ် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး အတွက် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို ကိုအခြေခံသည် ဘုံရည်မှန်းချက်နှင့် သဘောတူညီချက်များကို NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင်လည်းကောင်း၊ ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်သော ထိပ်သီးခေါင်းဆောင်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်ရေးအတွက်အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါရှိသည်။
ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု ပိုမိုအားကောင်းလာစေရန်အတွက် ဇူလိုင်လ (၁၃) ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဖွဲ့မှ ဆွေးနွေးတင်ပြသည့် ၂၁ ပင်လုံ ညီလာ ခံ ဆက်လက်ပြုလုပ်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးမှုတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌန်းခွင့်အမျိုးသားတန်းတူရေး၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မှုများ ချမှတ်နိုင်ရေးကိစ္စနှင့် ပြည်ထောင်စုတပ်မတော်ဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာ ချမှတ်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှုပုံစံများ ရှာဖွေရေးကိစ္စများ၊ အလုပ်အဖွဲ့များ ကော်မတီများနှင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆုံးဖြတ်ပေးနိုင်ရေးကိစ္စ၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိစ္စ စသည့် အချက်ငါးချက်နှင့်အတူ အစုအဖွဲ့များအကြား ရှိနေသော နက်ရှိုင်းသည့် ကွာဟချက်များနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်များအဖွဲ့PPST မှ အစိုးရတပ်မတော်ခေါင်းဆောင်များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းကြေညာထားသည်။
အဆိုပါသဘောတူညီချက်ကို စက်တင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့ထိ ထိုင်နိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခက်တိုက်ခက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏တတိယအကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။