

Salai Khup Khup
ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအပိုင်းတွင် အရည်အသွေး ပိုမိုစနစ်တကျတိုးတတ်စေရန် ကန်ပက်လက်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် သင်တန်းသား(၆၀)ကို သင်တန်းပို့ချပေးလျှက်ရှိကြောင်း ချင်းပြည်နယ် ခရီးသွားညွှန်ကြားရေးမှုး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးကပြောသည်။
ချင်းပြည်နယ် ခရီးသွားညွှန်ကြားရေးမှုးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဦးအောင်ဖြိုးက “ချင်းပြည်နယ် ခရီးသွားလုပ်ငန်း အတွင်းမှာရှိတဲ့ ဝန်ဆောင်မှုပေးတဲ့ လူတွေရဲ့ ဝန်ဆောင်မှုပေးတဲ့ အရည်အသွေးတွေ စနစ်တကျတိုးတတ်လာမယ်။ ခရီးသွားလုပ်ငန်းမှာ လိုအပ်နေတဲ့ လုပ်သားစွမ်း အားတွေလည်း ကိုယ့်ဒေသရဲ့ လူတွေရဲ့စွမ်းအားစုနဲ့အတူဖြည့်စည်း ပေးနိုင်လိမ့်မယ်။ လက်ရှိလုပ်ငန်းတွေမှာ အရည်သွေးမြင့်မြင့်နဲ့ ချင်းလူမျိုးတွေကို ပိုခန့်အပ်ပေးနိုင်ဖို့ နောက်ဒီကနေ တစ်ဆင့် ချင်းပြည်နယ်အတွင်းမှာရော မြန်မာနိုင်ငံအတွင်းမှာရော နိုင်ငံတကာမှာပါ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်”ဟုပြောသည်။
ဟိုတယ်နှင့်တည်းခိုရိပ်သာ ဝန်ဆောင်မှုဆိုင်ရာ သင်တန်းတွင် ပညာရပ်သုံးမျိုးသင်ကြား ပို့သသွားမည်ဖြစ်ပြီး အဆိုပါဘာသာရပ်တွင် အိပ်ခန်းဆောင်ထိန်းသိမ်းမှု၊ အစားအသောက်နှင့် ယမကာဝန်ဆောင်မှု၊ ဧည့်ကြိုတို့ဖြစ်ပြီး သင်တန်းကာလ (၁)လအကြာ စနစ်တကျသင်ကြား သွားမည်ဖြစ်ပြီး သင်တန်းသားများ ကြိုးစားပါက နိုင်ငံတကာတွင်လည်း အလုပ်ကိုင်အခွင့်အလမ်းလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ခရီးသွားညွှန်ကြားရေးမှုးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဦးအောင်ဖြိုး ကပြောသည်။
ချင်းပြည်နယ် ခရီးသွားညွှန်ကြားရေးမှုးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဦးအောင်ဖြိုးက “သင်တန်းကပေးတဲ့ သင်တန်းဆင်းလက်မှတ်ဟာလည်း ကျတော်တို့ ဝန်ကြီးဌာနက အသိမှတ်ပြု ထားတဲ့ သင်တန်းဆင်းလက်မှတ်လည်း ဖြစ်သလို နိုင်ငံတကာ အဆင့်မှီဟိုတယ် ကြီးတွေဖြစ်ဖြစ် သွားရောက်လုပ်ကိုင် လိုသူတွေအတွက်လည်း အလုပ်ခန့်နိုင်ဖို့ အတွက် အခြေခံအကျဆုံးဖြစ်တဲ့ လက်မှတ်တစ်ခုဖြစ်တယ်။ ကိုယ့်ဒေသမှာလည်း အလုပ်ကိုင် အခွင့်လမ်းတွေရနိုင်သလို နောက်ဆုံးသူတို့ကြိုးစားမယ်ဆိုရင် နိုင်ငံတကာမှာလည်း အလုပ်ကိုင် ရနိုင်ပါတယ်”ဟုပြောသည်။
ကန်ပက်လက်မြို့တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲကိုလည်း ၂၄ရက်နေ့က စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် သင်တန်းသူ/သား(၆၀)ဦးဖြင့် အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်းလည်း သိရှိရသည်။