

ရေး – Salai Hung Tun Gei
“လောလော်ဆယ်တော့ လေးငါးနှစ်လောက်နေရမယ်ထင်တယ်။ နိုင်ငံရေးပြသနာလည်း တအားသောင်းကျန်းနေသေးတယ်။ နေရအုံးမယ်ထင်တယ်။ ကျတော်တို့လည်း ဒီမှာနေတော့ စိတ်ညစ်တာပေါ့” လို့ ဦးယောဟန်က နေရပ်ပြန်ဖို့ မျှော်လင့်ချက်မရှိကြောင်း ပြောပါတယ်။
ဦးယောဟန်နဲ့သူ့မိသားစုတွေ သူတို့နေုထိုင်တဲ့ ပလက်ဝမြို့နယ် ကုန်ပြင်ရွာကနေ မီးဇာဘေးရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာ လေးလလောက်ရှိပါပြီ။ သူတို့နေထိုင်တဲ့ ဒေသမှာ တပ်မတော်နဲ့ ရခိုင်တပ်မတော်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် ထွက်ပြေး တိမ်းရှောင်လာတာဖြစ်ပါတယ်။
ဒါပေမယ့် ဦးယောဟန်ကတော့ သူဒီစခန်းမှာ နှစ်များစွာ ထပ်နေရအုံးမယ်လို့ ကြိုတင်တွေးတော လက်ခံထားပြီးဖြစ်ပါတယ်။
တိုက်ပွဲတွေက ရွာနားအထိနီးကပ်လာတဲ့အချိန်မှာ အစိုးရတပ်မတော်အနေနဲ့ ရွာသားတွေက ပြေးဖို့ မလိုအပ်ဘူးလို့ ပြောခဲ့ကြားမှုတွေရှိနေပေမယ့်လည်း လူအများကတော့ တော်တော်လေး ကြောက်လန့်နေခဲ့ရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ရတာလို့ သူကပြောပါတယ်။
ဦးယောဟန်က “နောက်ပိုင်းမှာ ပြသနာတက်လာမှာ။တစ်စုံတစ်ခုဖြစ်မယ်ထင်ပြီးရှောင်လာခဲ့တယ်။ ဒီနှစ်မှပဲ မီးဇာစစ်ဘေးရှောင်စခန်းကိုထွက်လာခဲ့တယ်” လို့ပြောပါတယ်။
ဒါပေမယ့်လည်း အခုအချိန်မှာတော့ အိမ်ပြန်ဖို့ မျှော်လင့်ချက်က နဲနဲပဲရှိတော့တယ်လို့ ဦးယောဟန်က ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ရဲ့တိုက်ပွဲတွေက တော်တော်လေး ပြင်းထန်ခဲ့ ပါတယ်။AA ကတော့ ရခိုင်လူမျိုးတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ထက် ပိုမြင့်တဲ့ အုပ်ချုပ်ရေးအာဏာ ရဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲအများအပြားဖြစ်ခဲ့ပြီး တစ်ချို့ကတော့ နယ်စပ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်အတွင်းက အထူးသဖြင့် ပလက်ဝမြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။
ဒီလိုတိုက်ခိုက်မှုတွေကြောင့်ထောင်ပေါင်းများစွာသော ပြည်သူတွေက စစ်ဘေးရှောင်တွေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ လတွေက နှစ်ဖက်အဖွဲ့အစည်းအကြား တိုက်ပွဲတွေ တိုးပွားလာတယ်လို့ အစီရင်ခံစာတွေက ဖော်ပြသလို အနာဂတ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ် စိုးရိမ်မှုတွေလည်းရှိပါတယ်။
အခြားစစ်ဘေးရှောင်တွေနည်းတူ ဦးယောဟန်တို့မိသားစုလည်း နေ့စဉ် အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ အဓိကတော့ အစားအသောက်၊ နေစရာ၊ အ၀တ်အစားနဲ့ အသက်မွေးဝမ်း ကြောင်းအတွက်ပါ။
အစိုးရက ထောက်ပံ့တာလား NGO ကထောက်ပံ့တာလည်းမသိပေမယ့် သူ့မိသားစုအနေနဲ့ မီးဇာ စစ်ဘေးရှောင်စခန်းမှာ တစ်နေ့ကို ဆန်တစ်အိတ် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိက အခက်အခဲဆုံးပြသနာက အလုပ်အကိုင် မရှိမှု အခက်ခဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
“စစ်ပွဲတွေကြောင့် ၂၀၁၇ ကတည်းက ဖြစ်လာတဲ့စစ်ပွဲတွေကြောင့် လူထုအနေနဲ့ တကယ့်ကိုပဲ ဒုက္ခရောက်ရှိတာပေါ့လေ။ ကိုယ့်ရွာကိုယ့်မှာတော့ လယ်တွေရော စိုက်ပျိုးရေးတွေလည်းရှိတယ်။ဒီမှာရောက်တော့ ဘာမှမရှိဘူး ။ အခက်ခဲတွေတအားရှိနေတယ်” လို့ဦးယောဟန်ကပြောပါတယ်။
ကိုယ့်ရပ်ရွာကနေ ထွက်ပြေးလာပြီးနောက် စစ်ဘေးရှောင်စခန်းရောက်ရှိချိန်မှာတော့ အနီးအနားတစ်ဝိုက်မှာ အစိုးရတပ်မတော်ရှိနေတဲ့အတွက် လုံခြုံမှုအတိုင်းအတာတစ်ခုအထိ ရှိတယ်လို့ ခံစားရကြောင်းပြောပါတယ်။ စစ်ပွဲကပဲ ဒေသခံတွေရဲ့ ဘ၀တွေကို ခက်ခဲအောင်လုပ်နေတယ်လို့ ဦးယောဟန်က ဖြည်စွက်ပြောကြားပါတယ်။
ဦးယောဟန်က “ဒီလိုဖြစ်လာတာက ကျတော်တို့ရဲ့စစ်ပွဲမဟုတ်ဘူး။ အစိုးရကနေ ပတ်သက်ပြီး ဖြစ်လာတော့ အစိုးရက ဂရုစိုက်ဖို့လိုတယ်လို့ ပြောချင်တယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျတော်တို့က အငတ်ခံရမှာဆိုးလို့လေ” လို့ပြောပါတယ်။
မီးဇာဒုက္ခသည်စခန်းမှာ မိသားစုနဲ့အတူရောက်ရှိနေတဲ့ နောက်ထပ်စစ်ဘေးဒုက္ခသည်တစ်ဦးက ကုန်းပြင်ရွာက ဒေါ်မြင့်မြင့်ဆန်းပါ။ တိုက်ပွဲတွေက သူမတို့ရွာနားကို နီးကပ်လာချိန်မှာ အိမ်ထောင်စု ၄၄ စုနဲ့အတူ စစ်ဘေးရှောင်စခန်းကို ထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။ တစ်ခြားသူတွေကလည်း ပလက်ဝကို သင်္ဘောနဲ့ ထွက်ပြေးတိမ်းရှောင်တာတွေလညှ်းရှိပါတယ်။
စစ်ဘေးရှောင်စခန်းမှာ နေထိုင်ရတဲ့ သူတွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ဘ၀က လည်းခက်ခဲတယ်လို့ သူမကဆိုပါတယ်။
သူမက “အမျိုးသမီးတွေက အခက်ခဲရှိတယ်။ ကျမတို့က ဆန်လည်း မရှိဘူး ထမင်းစားဖို့မရှိဘူး။အလုပ်လုပ်ဖို့လည်းမရှိဘူး။ ရေတွေလည်း အဆင်မပြေဘူး။ အဲဒါနဲ့ သူများဆီမှာအငှားလုပ်ငန်းလုပ်ပြီး အဲဒါနဲ့စားရတယ်”လို့ပြောပါတယ်။
မိသားစုစားဝတ်နေရေးအတွက် အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသားများနည်းတူ ရုန်းကန်ရတယ်လို့သူကပြောပါတယ်။ စခန်းမှာရှိတဲ့ အမျိုးသမီးအများစုကတော့ ဘုရားကျောင်းဆောက်ဖို့အတွက် အုတ်တွေ သဲတွေ ၊ကျောက်ခဲသယ်တဲ့ အလုပ်တွေကိုလုပ်တယ်လို့ ဆိုပါတယ်။
သူမက “ကျမတို့စစ်ရှောင်စခန်းမှာ မိသားစုများတဲ့သူက ၁၁ယောက် ၁၀ယောက်ရှိတယ်။ တစ်ယောက်နှစ်ယောက်အငှားသွားကြတယ်။ကျမတို့ကကလေးရှိတော့ တစ်ယောက်တည်းသွားရတယ်။ အဲဒါနဲ့စားရတာမလုံလောက်ဖူးပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းက လများစွာ တိုင်အောင် အကူညီထောက်ပံ့မှုတွေမရရှိခဲ့ပေမယ့် အခုတော့ ဘယ်အဖွဲ့အစည်းကမှန်းမသိပေမယ့် ငွေကျပ်တစ်သောင်းပေးတယ်လို့ဆိုပါတယ်။ အစိုးရဘက်ကတော့ စစ်ဘေးရှောင်စခန်းကိုလာရောက်ကြည့်ရှုတာတွေမရှိသေးဘူး သူကထည့်သွင်း ပြောကြားပါတယ်။
“နစ်နာမှုရှိတယ်။ ဒီကိုပြောင်းတာဘာတစ်ခုမှမရှိတော့ဘူး။ စားဝတ်နေရေးအခက်အခဲရှိတယ်။ ပစ္စည်းတွေလည်း သိပ်မရတော့ အခက်အခဲရှိတယ်။ အခက်အခဲက အိမ်တိုင်းအိမ်တိုင်းမှာအများကြီးပဲရှိတယ်” လို့သူမကပြောပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတော့ ပလက်ဝမြို့နယ်လူမှုကူညီမှုကူညီရေးပရိဟိတ အဖွဲ့ပါ။ အဲဒီအဖွဲ့ရဲ့ဥက္ကဌဖြစ်တဲ့ ဦးဝှေ့တန်းကတော့ လုံခြုံရေးအခြေအနေအရ အစိုးရဘက်က ကန့်သတ်ချက်တွေကြောင့် စစ်ဘေးရှောင်တွေရဲ့အခြေနေတွေကို စောင့်ကြည်ဖို့ ကအခက်အခဲတွေရှိတယ်လို့ဆိုပါတယ်။ စစ်ဘေးရှောင်တွေက အခက်ခဲများစွာကို ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပလက်ဝမြို့က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအခက်အခဲရှိသလို မကြာမီ ကျောင်းတွေပြန်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်လည်း ကြိုတင်စိုးရိမ်မှုတွေရှိတဲ့အပြင် ရာသီဥတုပူပြင်းတာကြောင့် ကျန်းမာရေးပိုင်းဆိုင်ရာ အခက်အခဲတွေကိုလည်း ပုံမှန်စိုးရိမ်နေရတယ်လို့ ဦးဝှေ့တန်းကပြောပါတယ်။
သူက “အဓိကအခက်ခဲက စားဖို့ဆန်ရိက္ခာလိုအပ်တယ်။ ဇွန်လဆန်းကျောင်းဖွင့်ရင် သူတို့သားသမီးတွေပညာသင်ကြားရေးအတွက်ထောက်ပံ့မှုလိုတယ်။ ခုတစ်လောက ရာသီဥတုပူပြင်းတော့ သန်ရှင်းတဲ့ရေအခက်ခဲရှိနိုင်တယ်။ ရေကောင်းရေသန့် သန့်ရှင်းတဲ့ရေရဖို့လိုအပ်တယ်။ ပြီးတော့ ရာသီဥတုပူပြင်းလို့ ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးတွေ လိုအပ်မယ်လို့ ထင်တယ်” အခြေအနေကို ပြောပါတယ်။
သူကဆက်ပြီး “တိုက်ပွဲဖြစ်တော့ နှစ်ဘက်အဖွဲ့အစည်းထိခိုက်မှုရှိတယ်။ ရွာသားတွေကလည်းအကြောက်တရားတွေရှိတယ်။ ဟိုပြေးဒီပြေးနဲ့ ။နောက်တစ်ခါ အခြားစီးပွားရေးတောင်ယာခုတ်တာတို့ကိုယ်လုပ်ချင်သလို လုပ်လို့မရဘူး ။ လမ်းပန်း ဆက်သွယ်ရေး လည်းကိုယ်သွားချင်သလိုသွားလို့မရဘူး အဲဒီလိုမျိုှးရှိလာနိုင်တယ်” လို့ပြောပါတယ်။
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွဲတွေက ရခိုင်ပြည်နယ်တွင်းဖက်မှာ ပြင်းထန်လာနေပေမယ့် ပလက်ဝမြို့နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် စစ်ဘေးရှောင်တွေရဲ့ ဘ၀ကတော့ အခုထိ ခက်ခဲနေဆဲဖြစ်သလို စစ်ပွဲကိုလည်း ထပ်မံမဖြစ်ပွားဖို့ကိုလည်း ဒေသခံတွေအနေနဲ့ မျှော်လင့်နေတာဖြစ်ပါတယ်။
( ဒီဆောင်းပါးကို Frontier Myanmar နဲ့ ချင်းဝေါလ်သတင်းဌာနတို့မှ ပူးပေါင်းပြီး ရေဒီယိုဆောင်းပါးအဖြစ် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ် )