

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဝန်းကျင်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်အများအပြားဟာ စစ်ပွဲအချိန် ရှည်ကြာလာတဲ့အမျှ စားနပ်ရိက္ခာနဲ့ အလှူငွေပြတ်လတ်မှုတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူ ၂,၀၀၀ နီးပါးရှိနေပြီလို့ မီဇိုရမ်ပြည်နယ် အခြေစိုက်သတင်းစာတွေက ရေးသားထားကြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့လည်း ဒုက္ခသည်တွေကို ဆန်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
“အခုဆို နီးစပ်ရာအမျိုးတွေ၊ ကျေးရွာတွေမှာ အလုပ်ရှာတယ်။ အဲဒီကနေရတဲ့ဟာနဲ့ပဲ သူတို့ ရုန်းကန်ကြရတယ်။ အဲဒီစစ်ပွဲကြောင့် ဒေသခံရွာသားတွေဟာ အိန္ဒိယနိုင်ငံဖက်နဲ့ သူတို့ရွာနဲ့ အနီးအနားတွေကို ထွက်ပြေးတိမ်းရှောင်ပြီး အခက်အခဲပေါင်းစုံ ကြုံတွေရတာလည်း စစ်ပွဲစကတည်း အခုအထိပဲဖြစ်ပါတယ်” လို့ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။
စစ်ပွဲတွေဟာ ပြီးခဲ့တဲ့လတွေအတွင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး မကြာသေးခင်ကမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဘက်ကို ရောက်ရှိသွားပါတယ်။
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ AA ကို ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အရင်ကတော့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နဲ့အတူ လက်တွဲပြီး တပ်မတော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၅ ခုနှစ်မှာတော့ AA ဟာ သီးခြားလှုပ်ရှားလာပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်ဒေသတွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ပါတယ်။
တပ်မတော်နဲ့ AA တို့အကြား အခုနောက်ဆုံးဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့သြဂုတ်လနှောင်းပိုင်းမှာ စတင်ခဲ့ပြီး စက်တင်ဘာလအထိ ပလက်ဝမြို့နယ်ထဲမှာ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ တပ်မတော်က နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်ပြီး AA ကို အဲဒီနယ်မြေထဲကနေ မောင်းထုတ်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ Myanmar Institute for Peace and Security ထံက သိရပါတယ်။
သူတို့အဆိုအရ AA ဟာ လက်နတ်ခဲယမ်းတွေအပါအဝင် လေ့ကျင့်သင်ကြားထားတဲ့ တိုက်ခိုက်သူ ရာပေါင်းများစွာကို ဘူးသီးတောင်နဲ့ ပလက်ဝမှာရှိတဲ့ တောင်တန်းတွေနဲ့ ဝေးလံခေါင်းဖျားတဲ့ ဒေသတွေဆီ ပို့ဆောင်ခဲ့ပြီး ခံစစ်တွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ပလက်ဝမြို့နယ်မှာ တိုက်ခိုက်မှုလေးကြိမ်နဲ့ ဘူးသီးတောင်မှာ နှစ်ကြိမ်ဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပြီး မြေပြင်အခြေအနေမှာတော့ တိုက်ခိုက်မှုတွေ ဒီထက်ပိုများနိုင်တယ်လို့ MIPS က ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေဆဲမှာပဲ AA က တာဝနှ်ရှိသူတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ MNDA တို့က တာဝန်ရှိသူတွေနဲ့အတူ အစိုးရကိုယ်စားလှယ်တွေကို တွေ့ဆုံပြီး အပစ်အခတ်ရပ်ဆဲရေးအတွက် ဆွေးနွေးခဲ့ကြသလို လက်ရှိအချိန်မှာလည်း ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
ပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက်ကိုတော့ အစိုးရက နေရေးထိုင်ရေးနဲ့ စားနပ်ရိက္ခာတွေ ကူညီပေးနေပေမယ့် လုံလောက်အောင် မရရှိကြပါဘူး။ သွားရောက်ကူညီမယ့် အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေရှိနေတဲ့အတွက် အရပ်ဖက်လူမှု အဖွဲ့ အစည်းတွေရဲ့ အကူအညီ ရယူနိုင်ဖို့ဆိုတာကလည်း စစ်ဘေးရှောင်တွေအတွက် ခက်ခဲနေပါတယ်။
အခုဆိုရင် ဆောင်းရာသီကာလ ရောက်နေပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲအပြင် အဝတ်အစား လိုအပ်ချက်တွေ၊ စောင်လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ အခက်အခဲပေါင်းစုံကြုံနေရပေမယ့်လည်း အစိုးရက အခုထိ သိသာထင်ရှားတဲ့ ကူညီမှုတွေ မဆောင်ရွက်တာဟာ တစ်မင်တကာ လျစ်လျူရှုထားတာဖြစ်တယ်လို့ ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူးဖြစ်သူ ဦးစောမြက ဝေဖန်လိုက်ပါတယ်။
“အစိုးရက အသိအမှတ်မပြုချင်သလို ခံစားရတယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ အသိအမှတ်ပြုတယ်ဆိုရင် သူတို့ရဲ့ နေရာထိုင်ခင်း၊ စားရေးသောက်ရေးတွေကို စီစဉ်ပေးတာမျိုး ထွက်လာရမှာ” လို့ ဦးစောမြက ပြောပါတယ်။
“အစိုးရအနေနဲ့ တကယ်အလေးထားတယ်ဆိုရင် ပလက်ဝမြို့ဘေးနားမှာ နေရာသတ်သတ်မှတ်မှတ်ပေးပြီး အစားအသောက်တွေ အရင်ထောက်ပံ့ဖို့လိုသလို နောင်ရေရှည်အဆင်ပြေဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေးဖို့ လိုတယ်” လို့ သူကထောက်ပြပါတယ်။
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကတော့ အစိုးရအနေနဲ့ ပလက်ဝဘက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် တတ်နိုင်လောက် ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေတယ်လို့ ကာကွယ်ပြောကြားပါတယ်။
“တောက်လျှောက် ထောက်ပံ့ပေးပါတယ်။ မြို့နယ်ကတင်လာတဲ့ စာရင်းအတိုင်း ထောက်ပံ့ပေးပါတယ်။ လွတ်သွားတာတော့ မရှိလောက်ဘူး။ ကျေးရွာအုပ်စုက တင်ပြတဲ့အပေါ်မှာ ထွေအုပ်က ချက်ခြင်း၊ ချက်ခြင်း ကူညီ ဆောင်ရွက်ပေးနေပါတယ်။ ချင်းပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွေက ပုံမှန် ထောက်ပံ့တယ်။ အလှူရှင်တွေကလည်း လိုအပ်ရင် လိုအပ်သလို ထောက်ပံ့ပေးတာပေါ့” လို့ သူက ပြောပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ သူက ဆက် ပြောပါတယ်။
ပလက်ဝမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်ကတော့ အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို အစပိုင်းမှာသာ ကူညီတာဖြစ်ပြီး နောက်ပိုင်း ကူညီမှုမရှိတော့ဘူးလို့ ပြောပါတယ်။
အခုလိုစစ်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်းမှာ ဒေသခံတွေကို ခြိမ်းခြောက်မှုနဲ့ ပေါ်တာဆွဲခံရမှုတွေကို AA နဲ့ တပ်မတော်တို့က ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက စွပ်စွဲကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေကို မေးမြန်းပေမယ့် မေးမြန်းခွင့်မရရှိခဲ့ပါဘူး။
ချင်းပြည်နယ်အစိုးရကတော့ ပြီးခဲ့နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၁,၃ဝဝ လောက်ရှိတယ်လို့ ခန့်မှန်းပြောဆိုထားပေမယ့်လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အစီအရင်ခံစာမှာတော့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေအပါအဝင် စုစုပေါင်း ၆,ဝဝဝ ကျော်ရှိတယ်လို့ဆိုပါတယ်။
သားသမီးခြောက်ဦးရဲ့ ဖခင်ဖြစ်သူ ရပ်ချောင်းရွာသား ဦးဟွေ့တိန်းဟာ မိုင်းထိမှန်ခဲ့မှုကြောင့် မျက်နှာပျက်စီးဒဏ်ရာ၊ ဘယ်လက်ချောင်းဒဏ်ရာ၊ ယာခြေတစ်လုံး ပေါင်းရင်းထိဒဏ်ရာ၊ သွားအပေါ်အောက်လေးချောင်းကျိုး ဒဏ်ရာတွေရရှိပြီး ယနေ့အထိ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်။ သူဟာ အစားအစာ ပြတ်လပ်လာမှုကြောင့် အောက်တိုဘာ ၂၉ ရက်နေ့မှာ တောထဲကို ဟင်းစားထွက်ရှာနေတုန်း မိုင်းနင်းမိခဲ့တာလည်းဖြစ်တယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။
ရက္ခိုင့်တပ်မတော်က အဲဒီဒေသတွေမှာ အင်အား ကြီးထွားဖို့အတွက် ကြိုးစားနေသလို တပ်မတော်ကလည်း သူတို့ကို နယ်မြေတွင်းက ဖယ်ထုတ်ဖို့ ကြိုးပမ်းနေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေကတော့ အခက်ခဲတွေကို အချိန်အနည်းငယ်ကြာတဲ့အထိ ဆက်လက်ရင်ဆိုင်နေကြရဦးမှာ ဖြစ်ပါတယ်။