Input your search keywords and press Enter.

“ကိုဗစ် ၁၉ ကို မျက်ခြည်မပြတ် သတိပြုပါ”

 

သွေး (စစ်ကိုင်း)

ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံများရဲ့ လူမှုစီးပွားရေးကို ထိခိုက်စေခဲ့သလို ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့လည်း နိုင်ငံတိုင်းက ဆက်လက်ကြိုးစားနေရဆဲ ကာလပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဆိုရင် ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားမှု ပြန်လည်မြင့်တက်လာတဲ့ သတင်းတွေလည်း ကြားနေရတာ၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ် ၁၉ ကူးစက်ခံသူပေါင်း ၂၁၆ သန်းထိ ရှိလာနေပြီး သေဆုံးသူပေါင်းလည်း ၄ သိန်းခွဲနီးပါး ရှိလာနေတာတွေကြောင့် မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကို မျက်ခြည်မပြတ် သတိပြုဖို့ လိုအပ်နေပါပြီ။

အိန္ဒိယနိုင်ငံဟာ အမေရိကန် ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ ဩဂုတ် ၂၉ ရက်နေ့ ၁ ရက်တည်းမှာပဲ အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ ၄၅,၀၀၀ ကျော် ရှိခဲ့လို့ Kerala ပြည်နယ် အစိုးရက အသွား/အလာ ကန့်သတ်မှုတွေ ထုတ်ပြန်ကြပ်မတ်ခဲ့တာ တွေ့ရပါတယ်။ မေးစရာက ‘အိန္ဒိယမှာ ကိုဗစ် ၁၉ ကူးစက်မှု ဘာကြောင့် လျော့ကျလာခြင်း မရှိသေးတာလဲ?’ ဆိုတဲ့ မေးခွန်းပါ။ အိန္ဒိယနိုင်ငံဟာ လူဦးရေ များပြားထူထပ်တဲ့ နိုင်ငံ ဖြစ်တာကြောင့် နိုင်ငံရှိ လူဦးရေ အားလုံး ခြုံငုံမိအောင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ခြင်း မရှိသေးလို့ ဖြစ်ပါတယ်။ အိန္ဒိယ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေး ၆၂၈ သန်းထိ ထိုးပေးနိုင်ခဲ့ပြီ ဆိုပေမဲ့ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူ ၃၂ သန်းကျော်ထိ ရှိနေတာကြောင့် ရောဂါကာကွယ်, ထိန်းချုပ်နိုင်မှု နည်းပါးနေဆဲ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံတို့မှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး နယူးဇီလန်မှာ ဆိုရင် အသွား/အလာ ကန့်သတ်မှုကို သီတင်း ၂ ပတ်တိုးပြီး ကန့်သတ်ထားမယ် လို့ ဆိုပါတယ်။ ဩစတြေးလျ နိုင်ငံမှာတော့ ကျောင်းတွေ ပြန်ဖွင့်ရင် ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတွေ အားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံရမှာ ဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်မှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ဗွီအိုအေ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဗီယက်နမ်နိုင်ငံဟာ ကိုဗစ်ကူးစက်မှု အစောပိုင်းကာလမှာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့တာ တွေ့ရပေမဲ့ တတိယလှိုင်း စ,တင်လာချိန်မှာတော့ ရောဂါကူးစက်မှု ်မြင့်တက်လာပါတယ်။ ဒါကြောင့် ဒီကပ်ရောဂါဟာ လုံးဝပေါ့ဆ,လို့ မရဘဲ ကန့်သတ်မှုတွေ ဖြေလျှော့ရာမှာ စနစ်တကျ ချင့်တွက်, သုံးသပ်ပြီးမှ ဖြေလျှော့ပေးဖို့ လိုအပ်ကြောင်း ဗီယက်နမ် ဖြစ်စဉ်က သက်သေပြ, သတိပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးရမှု များပြားခဲ့ရတာဟာ အိန္ဒိယမှာ စ,တင်တွေ့ရှိခဲ့ရတဲ့ Delta မျိုးကွဲကြောင့် ဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာလည်း မေလထဲမှာ ဒီမျိုးကွဲကူးစက်ခံရမှုကြောင့် လျင်လျင်မြန်မြန်တိုးမြင့်လာတာပါ။ ဗီယက်နမ်နိုင်ငံ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းကိုသာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်တာကြောင့် လူဦးရေ ၉၈ သန်း ရှိတဲ့ ဗီယက်နမ် အတွက် ကိုဗစ်ကာကွယ်ဆေး ၁ သန်းလှူဒါန်းသွားမယ် လို့ အမေရိကန်က ကတိပြုထားပါတယ်။

အိန္ဒိယနိုင်ငံထုတ် Covishield ကာကွယ်ဆေးဟာ Delta မျိုးကွဲကိုပါ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ် ဆိုပေမဲ့ လုံလောက်တဲ့ ပမာဏအထိ မထုတ်လုပ်နိုင်သေးပါဘူး။ ဒါကြောင့် အိန္ဒိယမှာ ပြည်တွင်းကာကွယ်ဆေး တစ်မျိုးဖြစ်တဲ့ ZyCoV-D ကာကွယ်ဆေးကို အသုံးပြုနိုင်ဖို့ အတည်ပြုပေးခဲ့ပါတယ်။

တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးတဲ့ ထိုင်းနိုင်ငံက ကျန်းမာရေး ဝန်ထမ်းပေါင်း ၆၀၀ ကျော်ဟာ ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပိုပြီးစိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ထိုင်းနိုင်ငံကို သွားရောက် အလုပ်, လုပ်ကိုင်နေကြရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရဖို့ ကြိုးစားနေသူတွေ ရှိသလို အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုလည်း မီဇိုရမ်ပြည်နယ် အစိုးရ အစီအစဉ်နဲ့ ကာကွယ်ဆေး ထိုးနှံပေးနေတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုမှာ အသက် ၆၅ နှစ်နဲ့ အထက်တွေကို ဦးစားပေးအနေနဲ့ ထိုးနှံပေးနေပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၁ သန်း ၈ သောင်းနီးပါး ရှိပြီး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၂ သန်း ၆ သောင်းကျော် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လက်ရှိထိုးနှံပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့က Sinopharm ကာကွယ်ဆေး အလုံးရေ ၂ သန်း ထပ်မံရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အလိုက် ထိုးနှံပေးသွားမယ် လို့ ဆိုပါတယ်။

ကိုဗစ် ၁၉ ကူးစက်မှုဟာ ဇူလိုင်လနဲ့ နှိုင်းယှဉ်ရင် အနည်းငယ် ကျဆင်းလာတယ် လို့ ဆိုနိုင်ပေမဲ့ ဩဂုတ်လ အကုန်ပိုင်းမှာ ပြန်လည် မြင့်တက်လာတာ တွေ့ရပါတယ်။ ဩဂုတ် ၃၀ ရက်နေ့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၃,၅၈၃ ဦး ရှိပြီး ဩဂုတ် ၃၁ ရက်နေ့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၃,၃၉၉ ဦး ရှိပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူတွေမှာ ရောဂါကူးစက်ခံရနိုင်ခြေ လျော့နည်းပြီး ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူတွေမှာ ရောဂါကူးစက်ခံရနိုင်ခြေ ပိုများတယ် လို့ ပညာရှင်တွေက လက်ခံပြီး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ကာကွယ်ဆေး ထိုးနှံမထားသူတွေကြား ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာနေတာ တွေ့ရပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ကိုဗစ်ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာနေပြီး ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကိုဗစ်‌ရောဂါပိုး ကူးစက်ခံရသူ ၁၆,၇၀၀ ကျော်ထိ ရှိတယ် လို့ Robert Koch Institute ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အရေးကြီး သတိပြုရမယ့် အချက်ကတော့ ငယ်ရွယ်သူတွေကြားမှာ ကူးစက်ခံရမှု မြင့်တက်လာတယ် ဆိုတဲ့ အချက်ပါ။ ဂျာမနီ နိုင်ငံ ကျန်းမာရေး ဝန်ကြီး Jens Spahn ကလာမယ့် ဆောင်းရာသီမှာ ကာကွယ်ဆေး ထိုးနှံမထားသူတွေမှာ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ မြင့်မားလာနိုင်ကြောင်း သတိပေးပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပြီး အရှေ့တောင်အာရှ နိုင်ငံများ (အာဆီယံ) ထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် ကိုဗစ်ကြောင့် သေဆုံးရမှု တတိယ အများဆုံးနိုင်ငံ ဖြစ်နေဆဲပါ။ ထိုင်းနိုင်ငံ ရောက် ကိုဗစ်ကူးစက်ခံရသူ မြန်မာတွေကို ‘မယ်တော်’ ဆေးခန်းမှာ ကုသ,မှု ပေးနေတယ် လို့ သိရပါတယ်။ ရောဂါပိုး ကူးစက်မှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် စာသင်ကျောင်းတွေကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့ထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေထဲက အသက် ၄၅ နှစ်နဲ့ အထက် ဒုက္ခသည်တွေကို ဩဂုတ် ၂၈ ရက်နေ့က စ,ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာလည်း ရှိပါတယ်။

အောက်စီဂျင်စက်ရုံတွေ ထည်ဆောက်လည်ပတ်ပြီး ကိုဗစ်လူနာတွေ အတွက် အောက်စီဂျင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိးပမ်းနေသူတွေ ရှိနေတာကလည်း ဝမ်းမြောက်စရာပါ။ ဥပမာအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံကို မကြာခင်လည်ပတ်, ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာလည်း ကုတင် ၁,၀၀၀ ဆံ့တဲ့ ကိုဗစ်ကုသ,ရေးနဲ့ Quarantine စင်တာ တည်ဆောက်နေပါတယ်။ လက်ရှိ အချိန်မှာ တစ်နိုင်ငံလုံးမှာ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်မှာ အကျုံးဝင်တဲ့ မြိုနယ်ပေါင်း ၁၁၉ မြိုနယ်ထိ ရှိသွားပါပြီ။

ရောဂါဖြစ်ပွားမှု အနေအထားကို ပြန်ကြည့်ရင် ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေမှာ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေတယ် လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာတော့ ကိုဗစ် ၁၉ ကြောင့် သေဆုံးရမှုက အရင်ကထက် လျော့ကျလာတယ် လို့ ဆိုနိုင်ပါတယ်။ တစ်ဖက်က ကိုဗစ်ကာကွယ်ဆေး ထိုးနှံသွားမယ်, တစ်ဖက်ကလည်း ရောဂါကူးစက်မှုကို ကာကွယ်ဖို့ စနစ်တကျ နေထိုင်သွားမယ် ဆိုရင် ကူးစက်ခံရမှုတွေ ကျဆင်းလာမယ် လို့ မျှော်လင့်ရပါတယ်။

ကိုဗစ် ၁၉ ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်မှသာ စီးပွား‌ရေး လုပ်ငန်းတွေ ပြန်လည်, လည်ပတ်နိုင်မှာ ဖြစ်သလို ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းတွေ အဆင်ပြေလာမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စည်းကမ်း လိုက်နာမှု အားကောင်းလာတာနဲ့ အမျှ ရောဂါထိန်းချုပ်နိုင်ဖို့ ဦးတည်နိုင်မှာပါ။ အခုလို ကူးစက်မှု, သေဆုံးမှုတွေ လျော့ကျလာတာကလည်း ကျွန်မတို့ ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုကြောင့် ဖြစ်ပြီး ကိုဗစ်ကူးစက်မှုကို ဟန့်တား, ကျော်လွှားနိုင်ဖို့ အချင်းချင်း အသိပေးမှု၊ သတိပေးမှု၊ စာနာမျှဝေမှုတွေနဲ့ ဆက်လက်ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။  ။