

စိုင်းထွန်းအောင်လွင်
စာရေးသူတို့ငယ်စဉ်ကတော့ ကျောင်းသုံးပြဌာန်းသမိုင်းစာအုပ်တွေမှာ ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေး လိုလို သင်ကြားခဲ့ရတယ်။
ရှမ်းစော်ဘွားတွေ ဖက်ဒရယ်မူကို အကြောင်းပြ တိုင်းပြည်ကနေ ခွဲထွက်ဖို့ ကြံစည်လို့ တိုင်းပြည်မပြိုကွဲရေးအတွက် စစ်တပ် ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက တိုင်းပြည်ချောက်ထဲမကျခင် ဝင်ရောက်ထိန်းသိမ်းလိုက်ရတယ် ဆိုတာမျိုးကအစပါ။
တနည်းအားဖြင့် ဖက်ဒရယ်ဆိုတာကို ကြောက်ရွံ့စရာ တစ္ဆေအဖြစ် ပုံဖော်ခဲ့တယ်။
စာရေးသူ အသက် ၂၀ ဝန်းကျင် အရွယ်ရောက်တော့ မီဒီယာမလွတ်လပ်တဲ့ခေတ်ကာလ ဖြစ်ပေမယ့် ပြည်ပ ရေဒီယိုတွေက လွှင့်တဲ့ သတင်းအစီအစဉ်တွေ နားထောင်ဖြစ်တယ်။ အဲကာလမှာ
ဒီမိုကရေစီ အသံကို ပြည်ပ ရေဒီယို အစီအစဉ်တွေမှာ ကြားရတာများပေမယ့် အဲတုန်းက ရှားရှားပါးပါး ဖက်ဒရယ် ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ လူမျိုးစု တန်းတူရေး အကြောင်းတွေကို ပြည်ပ ရေဒီယိုတွေထဲမှာ ရှားရှားပါးပါး ပုံမှန် ပြောဆိုနေသူတွေထဲ ပူးလ်ကျင်ရှင့်ထန် ပါဝင်တယ်။
တဘက်မှာလည်း တိုင်းပြည်က ဖက်ဒရယ်တစ္ဆေဝါဒဖြန့်မှုတွေထဲက ကြီးလာတဲ့ စာရေးသူအနေနဲ့ ပထမတော့ ဟာ ဒီ လူကြီး တမျိုးပါလားလို့ ထင်မိသေးတယ်။
ပြည်တွင်းမှာနေပြီး ပြည်ပ ရေဒီယိုတွေမှာ ပြောနေတာက တမှု ၊ စစ်အစိုးရရဲ့ ဒို့တာဝန်အရေးသုံးပါးထဲပါတဲ့ ပြည်ထောင်စု မပြိုကွဲရေးနဲ့ သူပြောနေတဲ့ ဖက်ဒရယ်မူက လားရာ ဆန့်ကျင်များဖြစ်နေမလားဆိုတဲ့ ကလေးအတွေးပဲ ဆိုပါတော့။
နောက်ပိုင်း စာအုပ်အချို့တွေ ဖတ်ဖြစ်လာတော့ စာပေ လွတ်လပ်ခွင့်မရှိတဲ့ စစ်အစိုးရ လက်ထက် ထုတ်ဝေတဲ့ မြန်မာ့နိုင်ငံရေးသမိုင်း ၁၉၅၈-၁၉၆၂ လို စာအုပ်တွေမှာ သူ့ရဲ့ ဆွေးနွေးချက်အချို့ကို ဖော်ပြထားတာတွေ့ရတယ်။
အဲတော့မှ စိတ်ဝင်စားသွားတယ်။ ဟာ ဒီဘိုးတော်ကြီး မခေပါ့လားပေါ့လေ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ စု လောက်ကတည်းက ဖက်ဒရယ်ကို ပြောနေသူပါလားပေါ့။
နောက်ပိုင်း ရေဒီယိုအစီစဉ်တချို့မှာတော့ မြန်မာပြည်ပြသနာတွေ ရှင်းဖို့ ၁၉၄၇ ခုက ကျင်းပခဲ့တဲ့ ပင်လုံလို ညီလာခံမျိုးတောင် လိုအပ်တယ်ဆိုတာမျိုး သူကတောင်းဆိုနေတာတွေ့ရတယ်။
၂၀၁၀ ၊ ၂၀၁၁ ခုနစ် ကာလဝန်းကျင် သတင်းလောကထဲဝင်တော့ တခါတလေ သတင်းတွေ သွားမေးရင်း တခါတလေ သူနဲ့ ဆုံဖြစ်တယ်။ အဲတုန်းက တခါတလေ သူ့ကို စာရေးသူ စိတ်ထဲ ဒွိဟ ဖြစ်နေတဲ့ မေးခွန်းတွေ အချို့မေးဖြစ်တယ်။
ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၁၉၆၁ ခုနစ်လောက်က သူသွားတက်ခဲ့တဲ့ တောင်ကြီးလို ညီလာခံက ဖက်ဒရယ်မူဟာ ခွဲထွက်ရေး အတွက်ရည်ရွယ်တာလား ဆိုတာမျိုးတွေကအစပါ။ အဲကာလတွေကတည်းက ရှမ်းမှာ လွတ်လပ်ရေးတောင်းဆိုတဲ့ လက်နက်ကိုင်အုံကြွမှုတွေ ရှိနေတဲ့အတွက်လည်း ဖြစ်တယ်။
သူကတော့ “ လုံးဝ ခွဲထွက်ရေး မဟုတ်ဘူး။ တိုင်းပြည်ပြိုကွဲဖို့လည်းမဟုတ်ဘူး။ ပြည်ထောင်စု တည်တံ့ရေးအတွက် လုပ်တာ။ ဒါက အာဏာသိမ်းလို့ကောင်းအောင် ၀ါဒဖြန့်တာ။ အဲတုန်းက တိုင်းပြည် အခြေအနေကို ကြည့်ရင် တိုင်းရင်းသားတွေ လုပ်တာ မမှားဘူးဆိုတာ တွေ့ရလိမ့်မယ်။ “ လို့ သူက ဆိုဖူးတယ်။
၂၀၁၁ နောက်ပိုင်း စာအုပ်စာပေလွတ်လပ်ခွင့်အတန်ပြန်ရှိလာ ၊ ယခင်က တားမြစ်ခဲ့တဲ့ ဖက်ဒရယ်မူ လှုပ်ရှားမှုဆိုင်ရာစာအုပ်တွေ ပြန်ထွက်လာတာနဲ့ ဖတ်ကြည့်တော့ ပူလ်းကျင်ရှင့်ထန် ဆိုလိုချက်တွေကို စာရေးသူအနေနဲ့ ပိုသဘောပေါက်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ၊ ၁၉၆၁ ခုနစ် ဇွန်လ တောင်ကြီးမှာကျင်းပတဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်ရတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းကျောင်းသား လူငယ်ခေါင်းဆောင် မစ္စတာ ကျင်ရှင့်ထန်ရဲ့ ဆွေးနွေးချက် အစည်းအဝေး မှတ်တမ်းကို ပြန်ကြည့်ရင် စာရေးသူကို သူဖြေခဲ့ဖူးသလိုပဲ သူပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။
“ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ပြိုကွဲတော့မလိုလိုဖြစ်နေတယ်။ ကျွန်တော်တို့ ဘာများမှားနေလို့လဲလို့ ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ယခု မြန်မာနိုင်ငံတော် တဝှမ်းလုံးရဲ့ လမ်းမကြီးဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာမှားနေတာတွေ့ရတယ်။ အခြေခံဥပဒေဟာ တပိုင်းက ယူနစ်ထရီ လို တပြည်ထောင်ပုံစံပါနေပြီး တပိုင်းက ဖက်ဒရေးရှင်း လိုပုံ အချို့လည်းပါနေတယ်။ ကျွန်တော်တို့ ပင်လုံစာချုပ်အရမူချထားတဲ့အတိုင်း တိုင်းပြည်ကလည်း မတည်တော့ဘဲ ပြိုကွဲတော့မလိုဖြစ်နေတယ်။ ပြည်ထောင်စု တည်တံ့ဖို့အတွက် ဖြစ်စေ ၊ ပြည်နယ်များ သာတူညီမျှ ရဖို့အတွက် ဖြစ်စေ ရှမ်းပြည်နယ် ကယားပြည်နယ်က တင်သွင်းတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို ထောက်ခံပါတယ်။ “ လို့ သူက ဆွေးနွေးခဲ့တာတွေ့ရတယ်။
တနည်းအားဖြင့်တော့ ၁၉၆၁ခုနစ် တောင်ကြီး ပြည်နယ်ပေါင်းစုံ ညီလာခံဟာ ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် ၁၃ နှစ်အကြာ အတွေ့အကြုံကို အခြေခံပြီး ရှိနေတဲ့ ပြည်နယ် ပြည်မ ပြဿနာတွေကို ရှင်းဖိုံအတွက် ရှမ်းပြည်နယ်က ကမကထပြု စီစဉ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်ခေတ်တလျှောက် ဖက်ဒရေးရှင်းအတွေ့အကြုံရှိတဲ့ ရှမ်းပြည်နယ်ကပဲ အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးမှာ အခြေခံ ရမယ့်မူ ၊ တနည်းအားဖြင့် ဖက်ဒရယ်အခြေခံမူတွေကို တင်သွင်းခဲ့တာဖြစ်ပြီး ပြည်နယ်အလိုက် ခေါင်းဆောင်တွေရဲ့ သဘောထားမှတ်ချက်ရယူ ခဲ့တာလည်း ဖြစ်ပါတယ်။
ပြည်နယ်ပေါင်းစုံ ညီလာခံမှာ အတည်ပြုခဲ့တဲ့ ဖက်ဒရယ်အခြေခံမူကို ပြန်ကြည့်ရင်
(၁) ဗမာပြည်နယ်ဖွဲ့စည်းရေး
(၂) ပြည်ထောင်စု ပါလီမန် လွှတ်တော်နှစ်ရပ်အား အာဏာတူပေးရေး
(၃) လူမျိုးစု လွှတ်တော်သို့ ပြည်နယ်တိုင်း ညီမျှသော ကိုယ်စားလှယ် အရေအတွက် စေလွှတ်ရေး
(၄) ဗဟိုပြည်ထောင်စုအား အောက်ပါဌာနများကို လွှဲအပ်ပြီး ကျန်ရှိသော အာဏာများနှင့် အခွင့်အရေးများကို ပြည်နယ်များသို့ လွှဲအပ်ရန်။
(က) နိုင်ငံခြားဆက်သွယ်ရေး
(ခ) ပြည်ထောင်စု ကာကွယ်ရေး
(ဂ) ပြည်ထောင်စု ဘဏ္ဍာရေး
(ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်လုပ်ရေး
(င) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
(စ) မီးရထား ၊ လေကြောင်း၊ ရေကြောင်းဆက်သွယ်ရေး
(ဆ) ပြည်ထောင်စု တရားစီရင်ရေး
(ဇ) ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး
(၅) ပြည်ထောင်စု ဘဏ္ဍာတော် မျှတစွာခွဲဝေရေး တို့ဖြစ်တာလည်း သွားတွေ့ရတယ်။
တကယ်တော့ ပူးကျင်ရှင့်ထန်ဟာ အဲတုန်းက ကျောင်းသား အရွယ်မျှသာ ဖြစ်ပါတယ်။ ချင်းခေါင်းဆောင်ကြီး ကပ္ပတိန် မန်းတုံးနှုန်းရဲ့ စီစဉ်ပေးမှုနဲ့ လူငယ်ခေါင်းဆောင်တဦးအနေနဲ့ တောင်ကြီး ညီလာခံကို သွားတက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ညီလာခံမှာ ထူးခြားချက်ကပြည်နယ်အသစ် ရသင့်ရထိုက်တဲ့ တိုင်းရင်းသားတွေဖြစ်တဲ့ ချင်း ၊ ရခိုင် ၊ မွန် တို့ကိုပြည်နယ်သစ် သတ်မှတ်ပေးဖို့ကိုလည်း သဘောတူခဲ့တာတွေ့ရတယ်။
တကယ်တော့ ပင်လုံ လက်မှတ်ထိုး တောင်တန်းသားတွေ အနက် လွတ်လပ်ရေးရစမှာ တိုင်းအဆင့်အဖြစ်သာ ယူခဲ့တဲ့ ဒေသဆိုလို့ ချင်းတောင်တန်းဒေသပဲရှိခဲ့တာပါ။ သူတို့အနေနဲံအစောပိုင်းမှာ ဒီမိုကရေစီအားကောင်းရေး ၊ ဖွံ့ဖြိုးရေးထိုမှတဆင့် တန်းတူရေးဆိုတဲ့ မူကို ကိုင်စွဲခဲ့တယ်။ ချင်း တို့အနေနဲ့ ဒီမိုကရေစီအဖြစ် ကူးပြောင်းရန် ၁၉၄၈ ကတည်းက ဆုံးဖြတ်ခဲ့သော်လည်း ဒီမိုကရေစီ အားကောင်းစေရန် လိုအပ်သည့် အခြေခံ အဆောက်အုံများဖြစ်သည့် ဒေသဖွံ့ဖြိုးရေး အခြေခံ အဆောက်အုံ၊ ပညာရေး ၊ စီးပွားရေး တို့မှာ အင်္ဂလိပ်ခေတ်ကထက်ပင် တိုးတက်လာမှု မရှိပါ။
တဘက်တွင်လည်း ပဒေသရာဇ် စနစ်မှ ဒီမိုကရေစီ စနစ်သို့ ချက်ခြင်းပြောင်းခဲ့သည့် လူထုမှာ အသားမကျမှုနှင့်များစွာ ရင်ဆိုင်ခဲ့ရတယ်။ အစောပိုင်းတွင် ဖဆပလ အစိုးရမှာ ချင်းဒေသက နိုင်ငံရေးအုပ်စုကွဲများအကြား ကျားကစားပြီး ၄င်းတို့ သြဇာကို ပျံ့နှံ့စေခဲ့တယ်။
ဒီမိုကရေစီ နည်းကျအရဆိုရင် ချင်းဒေသ ရွေးကောက်ပွဲတွေမှာ နေရာအများဆုံးရတဲ့
ချင်းအမျိုးသား ကွန်ကရက်မှာ ထိုခေတ်က ချင်းဒေသ အုပ်ချုပ်ရေးအတွက် အဓိက ရာထူးဖြစ်တဲ့ ချင်းရေးရာဝန်ကြီးနေရာမှ ပယ်ချခံရတာတွေရှိတယ်။
ဝန်ကြီးချုပ် ဦးနုစိတ်ကြိုက်ခန့်အပ်သူမှာလည်း ချင်းကောင်စီတွင် လူနည်းစုဖြစ်ပြီး လူကြိုက်မများသည့်အခါ အုပ်ချုပ်ရေးတွင်ပါ အဆင်မပြေမှုများကြုံရလို့ မကြာခဏ ရာထူးအပြောင်းအလဲ ခန့်အပ်ပေးရတာတွေရှိတယ်။
တကယ်တမ်း ဒေသအုပ်ချုပ်ရေးအတွက်ပေးထားတဲ့ ရေးရာဝန်ကြီးဆိုတာကလည်း ပင်လုံစာချုပ်မှာ ဖော်ပြထားသလို ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝမရှိပါ။
တခါသော် ချင်းဝန်ကြီးဖြစ်ခဲ့သူ ဦးဇာရဲလျန်က” မိမိသည် ချင်းဝန်ကြီးဖြစ်သော်လည်းအကြောင်းကိစ္စရှိ၍ ဆောင်ရွက်သည့် အ ခါ ဝန်ကြီးမဟုတ်ပဲ လက်အောက်ငယ်သားပမာဖြစ်၍မျက်နှာငယ်လှကြောင်း” တင်ပြခဲ့ဖူးတယ်။
ပင်လုံစာချုပ်ချုပ်ဆိုစဉ်ကချင်၊ရှမ်း ခေါင်းဆောင်များကဲ့သို့ လုပ်ပိုင်ခွင့်အာဏာ အတော်အသင့်ရှိသော ချင်းပြည်နယ်ကို အလွယ်တကူရယူနိင် ပါ လျက် လုပ်ပိုင်ခွင့်ကိုမယူပဲပြည်မ (ခေါ်)ဗဟိုအစိုးရသို့လုပ်ပိုင်ခွင့် ပုံအပ်ပြီး အထက်(ဗဟို)က ပေးစာကမ်းစာကိုသာ စောင့်မျှော်ရသည့် လုပ်ပိုင်ခွင့်မဲ့ ချင်းဝိသေသတိုင်းရယူခဲ့သည်အတွက် နစ်နာမှုများစွာရှိခဲ့တယ်။ ချင်းတွေက ၀ိသေသတိုင်း သွားယူတဲ့အတွက် ရှမ်း ၊ ကချင် ၊ ကရင်နီတို့ထက်တောင် ပြည်နယ်ဥဒေပြု ပိုင်ခွင့်အာဏာများ၊ အုပ်ချုပ်မှုအာဏာများကို မရရှိသဖြင့်နစ်နာချက်များစွာရှိခဲ့တယ်။
ပြည်နယ်မယူပဲ ဝိသေသတိုင်းသာရယူခဲ့သည့်အတွက်ချင်းတိုင်းရင်းသားတို့မှာ မိမိဒေသကို အုပ်ချုပ်ပိုင်ခွင့်မရှိတော့ပဲ ဗမာပြည်မ၏လက်အောက်ခံ ဒေသငယ်သဖွယ် လက်အောက်ခံ ဘဝရောက်ခဲ့ရတယ်။
ဒါကိုလည်း ၂၃ နှစ်အရွယ် မစ္စတာ ကျင်ရှင့်ထန်က “ အင်္ဂလိပ်တွေ မရောက်ခင်တုန်းက ကျွန်တော်တို့က ဗမာပြည်မှာ မနေပါဘူး။ ဟိုတုန်းက နေခဲ့ရတာ ဖက်ဒရယ်စတိတ် အနေနဲ့တောင်မဟုတ်ဘူး။ လွတ်လပ်ရေး အင်ဒီပန့်ဒန့်ပဲ။ အခုက ( ကချင်ကို ညွှန်းဆို၍ ) ဖက်ဒရယ်စတိတ်သာပြောတယ်။ ဘာမှ မလုပ်နိုင်ဘူး။ အသက်မရှူနိုင်သလိုဖြစ်နေတယ်။ ‘ လို့ သူက ဆွေးနွေးခဲ့တယ်။
လွတ်လပ်ရေးရပြီးနောက် ချင်းဝိသေသတိုင်းဟာ အခွင့်အရေး ဘဏ္ဍာရေးအထောက်ပံ့တွင်လည်း အခက်အခဲရှိခဲ့တယ်။
ဦးရာမှုန်းလ်းရဲ့ မှတ်ချက်တခုကိုကြည့်မယ်ဆိုရင် ဒီအချက်ကို ထင်ထင်ရှားရှားတွေ့နိုင်တယ်။ ‘လမ်းပန်းဆက်သွယ်ရေးအတွက် ဘတ်ဂျက်မှာ စာရွက်ထဲတွင် ၁၀ သိန်း သတ်မှတ်ထားသော်လည်း လက်တွေ့တွင်မူ ၄ သိန်းသာ ရတာ ၊ ကျပ် ၁ သိန်းလျှင် လမ်း တမိုင်သာ ဖောက်နိုင်မည်ဖြစ်သည့်အတွက် တပြည်နယ်လုံအတိုင်းအတာဖြင့်လိုအပ်သော မိုင်ပေါင်း ၄၂၀ ခန့်အရှည်အတွက် အနှစ်ရာချီ စောင့်ရသကဲ့သို့ဖြစ်နေကြောင်း’ ၁၉၆၀ ပြည့်နှစ်တွင် ဦးရာမှုန်းလ် က ပြောဆိုခဲ့တယ်။
ပင်လုံစာချုပ်အရဆိုလျှင် လွတ်လပ်ရေးမတိုင်ခင် ရှိနေခဲ့တဲ့ ရှမ်းပြည်ရဲ့ အနေအထားအတိုင်းအချိုးစားကိုလိုက်၍ ကချင်နဲ့ ချင်းဒေသတို့မှာ ဘဏ္ဍာရေးဆိုင်ရာ အစီမံများ ရရှိရမှာဖြစ်တယ်။ အခွန်ကောက်ခံခွင့်များလည်း လုံလုံလောက်လောက် ရရှိရမယ်။ သို့သော် အခြေခံ ဥပဒေအားနည်းချက်ကြောင့်ဖြစ်မလာခဲ့ပေ။
အစောပိုင်း ချင်းနိုင်ငံရေးမှာ ဦးဇာရဲလျန် ၊ ကပ္ပတိန် မန်တုံးနှုန်းတို့မှာ နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ ပြင်းထန်နေခဲ့သော်လည်း လွတ်လပ်ရေးရပြီး ရွေးကောက်ပွဲ နှစ်ကြိမ်ခန့် ဖြတ်သန်းအပြီးမှာတော့ ချင်းတို့အနေနဲ့ လက်ရှိ ၀ိသေသတိုင်း အဆင့်အတိုင်း ဆက်သွားရန် မဖြစ်မှန်း သဘောပေါက်လာခဲ့တဲ့အတွက် အခြေခံဥပဒေပြင်ဆင်ရေးကို ပြည်နယ်ခေါင်းဆောင်တွေနဲ့ လက်တွဲ ကြိုးပမ်းဖို့ ခြေလှမ်းလာခဲ့တယ်ဆိုရပါမယ်။
ဒါပေမယ့်လည်း ဖက်ဒရယ်အခြေခံ ဥပဒေပေါ်ပေါက်ရေးအတွက် ဆွေးနွေးမှုတွေဟာ ဆုံးခန်းတိုင်တဲ့အထိ မရောက်ခဲ့ပါ။ နိုင်ငံရေး ပြဿနာ နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ ကြိုးပမ်းနေတုန်းမှာပဲ ဖက်ဒရယ်မူဟာ ပြည်ထောင်စု ပြိုကွဲနိုင်တဲ့အတွက် အချိန်မီ တားဆီးဖို့လိုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တယ်။
အာဏာသိမ်းတဲ့ညမှာ မစ္စတာ ကျင်ရှင့်ထန်က မြို့ထဲက မဂ္ဂဇင်းတိုက် တခုရောက်နေပြီး အဖမ်းမခံရပါ။ နောက်ရက်မှာ ဖက်ဒရယ်မူ အကြောင်းပြ ခွဲထွက်ရေး ဆိုပြီး ယိုးမယ်ဖွဲ့ အာဏာသိမ်းတဲ့အကြောင်း မီဒီယာတွေ ဖော်ပြချက်တွေက တဆင့်သိရတာနဲ့ သူ့လိုပဲ အဖမ်းမခံရဘဲကျန်ခဲ့တဲ့ မွန်ကိုယ်စားလှယ် နိုင်ငွေသိမ်း ( ဖက်ဒရယ်မူရေးဆွဲရေး တောင်ကြီးညီလာခံ တက်ရောက်သူ ) ၊ ပအိုဝ်းခေါင်းဆောင် သထုံ လှဖေ ( တောင်ကြီးညီလာခံတက်သူနဲ့ ညီလာခံက ဖွဲ့စည်းတဲ့ ပြည်နယ်များ ညီညွတ်ရေး ကော်မတီမှာ ပါဝင်သူ ) တို့နဲ့အတူ ပြည်နယ်တွေဘက်က တင်ပြတဲ့ ဖက်ဒရယ်မူဟာ ခွဲထွက်ရေးမူမဟုတ် ၊ ပြည်ထောင်စု ပြိုကွဲစေတဲ့မူမဟုတ်ကြောင်း သတင်းစာတိုက်တွေကို လှည့်လည်ရှင်းပြခဲ့တယ်လို့ နိုင်ငွေသိမ်းရဲ့ မှတ်တမ်းစာအုပ်မှာ ဖော်ပြထားတယ်။
ဒါပေမယ့် သတင်းစာတိုက်တွေက သူတို့ရဲ့ လိုက်လံ ရှင်းပြချက်ကို လုံးဝ ထည့်ပေးခဲ့တာမရှိဘူးလို့ နိုင်ငွေသိမ်းက ပြောတယ်။
ပြန်ကြည့်ရင် အဲတုန်းက သတင်းစာအများစုက ဖက်ဒရယ်တို့ Pluralistic Politics တွေနဲ့ ပတ်သက်ရင် အများစုက ဗဟုသုတမရှိသလို အဆိုးမြင်ကြတာများပါတယ်။ တိုးတက်တဲ့ အယူအဆရှိတဲ့ လူထု လိုသတင်းစာတွေ ၊ ဗန်းမော်တင်အောင် ၊ ဒဂုံတာရာတို့လို သတင်းစာ စာရေးဆရာ အချို့မှအပ ကျန်အတော်များများက ပြည်ထောင်စု သဘောတရားကို နားလည်ခြင်းလည်း မရှိပါ။ ၆၂ နောက်ပိုင်း တပြည်ထောင် ပိုဆန်လာသလို ဒီမိုကရေစီလည်းပျောက်သွားတယ်။ ဒါပေမယ့် ခေတ်ကြပ်ကြီးတွေထဲမှာ ဖြတ်သန်းရတဲ့ ပူးလ်ကျင်ရှင့်ထန်ဟာ နိုင်ငံရေးဆက်လုပ်ခဲ့တယ်။
ပူးလ်ကျင်ရှင့်ထန်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုကို ပြန်ကြည့်ရင် အစိုးရ အဆက်ဆက် ဖမ်းဆီးထိန်းသိမ်းမှု နဲ့ ထောင်ကျခံရတာ စုစုပေါင်း ၁၀ ကြိမ်လောက်ရှိခဲ့တယ်။ ၁၉၇၄ ခုနစ်မှာ ထောင်ကျခဲ့ပြီး အဲဒီ ထိန်းသိမ်းခံရမှုဟာ ၄ နှစ်ကျော်ကြာတယ်။
၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ အပြီးမှာတော့ ၁၉၉၀ ပြည့်နှစ်မှာ ကျင်းပ မယ့် ရွေးကောက်ပွဲအတွက် ဇိုမီးနေရှင်နယ် ကွန်ဂရက်ဆိုတဲ့ ပါတီကို တည်ထောင်ခဲ့ ပါတယ်။ တစ်ပြိုင်နက်တည်းမှာလည်း တိုင်းရင်းသား အခွင့်အရေးအပြင် သူ့မှာ သူ့ ဇိုမီးမျိုးနွယ်စုတွေ အတွက် တရားဝင် မျိုးနွယ်စုအဖြစ် သတ်မှတ်ခံရရေး အတွက်ပါ ကြိုးစားလာခဲ့ရပါတယ်။
“အဲဒီကာလမှာ ကျွန်တော်တို့ မျိုးနွယ်စု တရားဝင် ဖြစ်ရေးအတွက်ပါ လုပ်ရတော့ ချင်းပြည်နယ်ထဲက တခြား မျိုးနွယ်စုတွေရဲ့ ငြိုငြင်မှုတွေနဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ပါခံခဲ့ရတယ်” လို့လည်း ပူးလ်ကျင်ရှင့်ထန်က ပြောပြဖူးတယ်။
၉ဝရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ဇိုမီးပါတီလည်း အနိုင်ရပါတီစာရင်းထဲပါတယ်။
နိုင်ခဲ့တဲ့ NLD လည်း လွှတ်တော်ထဲ မရောက် အစိုးရ မဖွဲ့နိုင်ခဲ့သလို ပူးလ်ကျင်ရှင့်ထန်တို့ ပါတီကလည်း စစ်အစိုးရရဲ့ ပစ်မှတ်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။
ပူးလ်ကျင်ရှင့်ထန် အနေနဲ့ စစ်အစိုးရ လက်ထက် တစ်လျှောက်မှာလည်း မကြာခဏဆိုသလို ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်အစိုးရကို အန်တုတဲ့ လှုပ်ရှားမှု တစ်ရပ်ဖြစ်တဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီတွေက ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး လွှတ်တော် ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းတော့လည်း ပါဝင်ခဲ့ပြန်ပါတယ်။
စစ်အာဏာရှင်တွေကို အန်တုခဲ့တဲ့ အတွက်လည်း စားဝတ်နေရေးအတွက် စီးပွားရေး လုပ်ငန်းတွေ ပိတ်ပင်ခံခဲ့ရတာတွေ ရှိသလို နိုင်ငံကူးလက်မှတ် မရတာတွေလည်း ရှိခဲ့ပြီး နောက်ဆုံး လမ်းနဲ့ မလွတ်ဘူးဆိုပြီး အာဏာပိုင်တွေကနေ သူနေထိုင်တဲ့ အိမ်ဖျက်ဖို့ လုပ်တဲ့အထိပါ ခံခဲ့ရပါတယ်။ ရွှေဝါရောင် အရေးအခင်း ဖြစ်လာတော့လည်း အခြား နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြန်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေကိုလည်း လက်မခံခဲ့သလို အန်အယ်လ်ဒီနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနည်းတူ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဝင်မပြိုင်ခဲ့ပါဘူး။ ဒုတိယ ပင်လုံညီလာခံဆိုတဲ့ အယူအဆကိုလည်း သူကစခဲ့တယ်။
၂၀၁၀ နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ အတူ အန်အယ်လ်ဒီက လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက် သွားခဲ့ပါတယ်။ သူတို့ လုပ်ခဲ့တဲ့ စီအာရ်ပီပီ ကိုလည်း ကျောခိုင်းသွားတယ်။
ပူလ်းကျင်ရှင့်ထန်လည်း နောက်ဆုံးမျှော်လင့်ချက်တမျှင်နဲ့ ၂၀၁၅ မှာ ဇိုမီးပါတီကို ဦးဆောင်ပြီး လွှတ်တော်ထဲဝင်ခဲ့တယ်။ ယိုယွင်းလာတဲ့ ကျန်းမာရေးအရကော ၊ နိုင်ငံရေး လှုပ်ရှားမှု ခွင်ကျဉ်းတာအပါအဝင် အန်အယ်လ်ဒီရဲ့ ပစ်ပယ်ထားမှုတွေကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူ့ကို နေပြည်တော်မှာ တခါပြန်တွေ့တော့ သူက မချင့်မရဲ ဖြစ်နေပြီး ဒီပုံအတိုင်းဆိုရင် အရင်က ဒေါ်စုကို မျှော်လင့်ခဲ့တာ ငါးပါးမှောက်ပြီလို့ သူက ညည်းတယ်။
‘သူက တိုင်းရင်းသားအရေးမပါပဲ ဒီမိုကရေစီ မအောင်နိုင်တာ နားမလည်တာလား ၊ ဒါမှမဟုတ်ဒီအတိုင်း သာယာနေတာလား။တိုင်းပြည်မှာက လက်နက်ကိုင် များလွန်းတယ်။ ပြည်တွင်းစစ် ပြသ၁နာ မရှင်းနိုင်ရင် ဒီမိုကရေစီအတွက်ပါ ပြသနာရှိတယ်။’ လို့ စာရေးသူကို ပြောဖူးတယ်။
ဒါပေမယ့် အဲဒီ အချိန်အထိ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်က သူသွားတက်ခဲ့တဲ့ ဖက်ဒရယ်ညီလာခံတွေ ဖက်ဒရယ် လှုပ်ရှားမှုတွေအကြောင်းပြောရင်တော့ သူ့့ရဲ့ ညှိုးငယ်နေတဲ့ မျက်နှာက ချက်ခြင်း ဝင်းပလာတာ သတိထားမိတယ်။
အရင်တုန်းက ၈ ပြည်နယ်မူဆိုတာမျိုးက အခုခေတ်အခြေအနေအရ မဖြစ်နိုင်ဘူးဆိုရမှာဖြစ်ပေမယ့် ကျန်အချက်တွေက အကုန်ခေတ်မှီနေတယ်။ ဗမာကလည်း ပြည်နယ်ယူဖို့လိုတယ်။ အဲဒီမူမှာပါတဲ့ လွှတ်တော် နှစ်ရပ်အာဏာတူပေးရေးတို့ ၊ ကျန်တဲ့ အာဏာခွဲဝေမှု ပုံစံတို့ဆိုတာ အခုထိ တိုင်းရင်းသားအင်အားစုတွေကို ဆွဲဆောင်နိုင်ဆဲပဲ။ ဒါကြောင့်အခုထိ တိုင်းရင်းသားအတော်များများက အဲဒီမူကို ကိုးကား လက်ဆင့်ကမ်းနေကြတာ လို့ သူက စာရေးသူကို မှတ်ချက်ပြုဖူးတယ်။
ပူလ်းကျင်ရှင့်ထန် ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေး လှုပ်ရှားမှုတွေအနက် နှစ်အများစုဟာ အမှောင်ခေတ်တွေထဲ ဖြတ်ခဲ့ရတာဖြစ်တယ်။
စာရေးသူရဲ့ သတင်းထောက်ဘဝ အစောပိုင်းကတည်းက သူနဲ့ သိကျွမ်းခွင့်ရခဲ့တာက အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဗဟုသုတတွေ ရစေတယ်။
အမှောင်ခေတ်တွေထဲကို လှိုင်းတံပိုးဒဏ်တွေနဲ့အတူ လှုပ်ခါ လှည့်ခါ ၊ ဆူကြုံနိမ့်မြင့် ဖြတ်သန်းခဲ့ရတဲ့ သူဟာ စာရေးသူတို့အတွက် သက်ရှိသမိုင်းလည်း ဖြစ်ခဲ့ဖူးတယ်။ ကာလအတန်ကြာ ဒွိဟ ဖြစ်စရာ ဖြစ်စေခဲ့တဲ့ ၁၉၆၁ ခုနစ် ပြည်နယ်တွေရဲ့ ဖက်ဒရယ်လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း ကိုးကားစရာ သက်ရှိသမိုင်းအဖြစ် ရှိပေးခဲ့တယ်။
အေးငြိမ်းရာမှာ အနားယူပါတော့ ပူလ်း။။။