

သွေး (စစ်ကိုင်း)
ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်, ပြင်းထန်တဲ့ မျိုးဗီဇပြောင်း ကိုဗစ် ၁၉ ဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ပျံ့နှံ့နေပါတယ်။ အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာန (CDC) က ဒီဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်တွေထဲမှာ ကူးစက်မှုနှုန်း အမြန်ဆုံး ဖြစ်တယ် လို့ သတိပေးထားပါတယ်။ ဇွန်လက စ,ပြီး မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ခဲ့တဲ့ ကျမတို့ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူရော၊ သေဆုံးသူ အရေအတွက်ပါ သိသိသာသာ မြင့်တက်လာနေလို့ အထူးသတိပြုရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ တွေ့ရတဲ့ အယ်လ်ဖာ (Alpha)၊ တောင်အာဖရိက နိုင်ငံမှာ တွေ့ရတဲ့ ဘီတာ (Beta)၊ အိန္ဒိယနိုင်ငံမှာ တွေ့ရတဲ့ ဒယ်လ်တာ (Delta) နဲ့ ကက်ပါ (Kappa) စတဲ့ မျိုးဗီဇပြောင်း, မျိုးကွဲ ၄ မျိုးစလုံးကို မြန်မာနိုင်ငံမှာ တွေ့ရှိရတယ် လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။
အထူးသဖြင့် ဒယ်လ်တာမျိုးကွဲ, ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးဟာ ကူးစက်မှုပိုမိုမြန်ဆန်ပြီး လူတစ်ယောက်မှာ ကူးစက်, ဖြစ်ပွားပြီ ဆိုရင် နောက်ထပ် လူဆယ်ဂဏန်းအထိ ကူးစက်နိုင်ပါတယ်။ ကျမတို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဒယ်လ်တာ မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးရသူ အများအပြား ရှိသလို နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးမှာပါ အကြီးအကျယ် ထိခိုက်နေရပါတယ်။
ဇူလိုင်လက စ,ပြီး မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာခဲ့တာက မျိုးဗီဇပြောင်း, မျိုးကွဲဗိုင်းရပ်စ်တွေနဲ့ ဆက်စပ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အဆိုအရ ဒယ်လ်တာ မျိုးကွဲဟာ အယ်လ်ဖာမျိုးကွဲထက် ပိုပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်တယ် လို့ သိရပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ ဒယ်လ်တာမျိုးကွဲ ကူးစက်ပျံ့နှံ့နေပြီး ဆက်လက်လည်း ကူးစက်ပျံ့နှံ့နိုင်တယ် လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုဗစ် ၁၉ ကူးစက်နိုင်ခြေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေဆဲပါ။ ဒယ်လ်တာမျိုးကွဲဟာ အယ်လ်ဖာမျိုးကွဲနဲ့ နှိုင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်တယ် လို့ သုတေသနပြု တွေ့ရှိချက်တွေ အရ သိရပါတယ်။
ဒယ်လ်တာမျိုးကွဲ ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ ခေါင်းကိုက်တာ၊ ဖျားနာတာ၊ လည်ချောင်းနာတာတွေပဲ ဖြစ်ပါတယ်။ ဒယ်လ်တာမျိုးကွဲဟာ အမေရိကန်နိုင်ငံလို နိုင်ငံမှာတောင် ကူးစက်မှု များပြားကျယ်ပြန့်နေပြီး ကူးစက်ခံရမှုတွေရဲ့ ၅၂ ရာခိုင်နှုန်းဟာ ဒယ်လ်တာမျိုးကွဲ ဖြစ်တယ် လို့ သိရပါတယ်။ ဩစတြီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တောင်အာဖရိက စတဲ့ နိုင်ငံတွေဟာလည်း Lockdown ချပြီး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာကြတာလည်း တွေ့ရပါတယ်။
ကမ္ဘာမှာ အခုနောက်ဆုံး တွေ့ရှိရတဲ့ မျိုးကွဲကတော့ Epsilon ဗီဇပြောင်းမျိုးကွဲ ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ စ,တင်တွေ့ရှိခဲ့ရတာပါ။ ဒီမျိုးကွဲဟာ နိုင်ငံပေါင်း ၃၀ ကျော်ထိ ကူးစက်ပျံ့နှံ့နေတယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ Epsilon မျိုးကွဲ ကူးစက်မှု မတွေ့ရသေးပေမဲ့ လက်ရှိအနေအထားမှာ ရောဂါထိန်းချုပ်ကုသ,နိုင်ဖို့ အထူးအရေးကြီးနေတာပါ။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာရဲ့ ဇူလိုင် ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်ရက်တည်းမှာပဲ ကိုဗစ်အတည်ပြု လူနာ ၅,၅၀၆ ဦးတွေ့ရှိခဲ့ရပြီး ဒီအရေအတွက်ဟာ စစ်ဆေးသူ ၁၃,၄၈၇ ဦးကို စစ်ဆေးရာမှာ တွေ့ရတဲ့ အရေအတွက် ဖြစ်လို့ ပိုးတွေ့သူ ရာခိုင်နှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ပါတယ်။ ပြီးတော့ ထပ်မံသေဆုံးသူ ၃၂၆ ဦးရှိတယ် လို့လည်း ဆိုပါတယ်။
မြေပြင်အနေအထားကို ပြန်ကြည့်ရင် ရန်ကုန်မြို့ တစ်မြို့တည်းမှာပဲ ကူးစက်ခံရသူ အရေအတွက်ဟာ သိသိသာသာ များပြားလာနေပြီး တစ်နေ့တည်းမှာ သေဆုံးသူ ဦးရေ တစ်ထောင် အနည်းဆုံးရှိပြီး သုဿာန် ၄ ခုခွဲ သဂြိုဟ်နေရတယ် လို့ ပရဟိတလူမှု ကူညီရေး အသင်းအဖွဲ့တွေရဲ့ ပြောကြားချက်ကို သတင်းတွေမှာ တွေ့ရပါတယ်။ တစ်ဆက်တည်း အောက်စီဂျင် လိုအပ်ချက်လည်း မြင့်တက်နေဆဲ ဖြစ်ပြီး နေ့စဉ်နဲ့ အမျှ အောက်စီဂျင်ဘူး ရရှိဖို့ တန်းစီစောင့်ဆိုင်းနေရသူတွေ အများအပြား ရှိနေပါတယ်။ သေဆုံးရသူ အများအပြားဟာ အောက်စီဂျင်ပြတ်လပ်မှုကြောင့်လို့ ယူဆရပါတယ်။
ကိုဗစ်ကူးစက်မှု ပထမလှိုင်း, ဒုတိယလှိုင်းတွေထက် အခု တတိယလှိုင်းမှာ သေဆုံးမှုနှုန်း များပြားရတဲ့ အကြောင်းရင်းက ကူးစက်မှုမြန်, မျိုးဗီဇကွဲဗိုင်းရပ်စတွေကြောင့် ဖြစ်သလို တစ်ဖက်ကလည်း တစ်နိုင်ငံလုံး လူဦးရေရဲ့ ရာခိုင်နှုန်း အနည်းငယ်ပဲ ကာကွယ်ဆေးထိုးနှံနိုင်သေးတာကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေးတွေ ရောက်ရှိလာနေပြီး ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ပြင်ဆင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောကြားထားပါတယ်။
အစီအစဉ်အရ အသက် ၆၅ နှစ်နဲ့ အထက် အသက်အရွယ်ကြီးသူတွေကို ဦးစားပေး ထိုးနှံသွားမယ် လို့ သိရပြီး ဇူလိုင်လထဲမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထပ်မံရောက်ရှိခဲ့တာပါ။ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံထားတဲ့ နိုင်ငံတချို့မှာ ကိုဗစ်ကူးစက်ခံရမှု ပြန်လည် ဖြစ်ပွားတာတွေ ရှိနေလို့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေက အပြည့်အဝ ကာကွယ်ပေးနိုင် ပါ့မလား ဆိုပြီး စိုးရိမ်သူတွေ ရှိနေပါတယ်။
သုတေသီတွေရဲ့ အဆိုအရ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေဟာ ကာကွယ်ဆေး လုံးဝ ထိုးမထားသူတွေထက် ကူးစက်ခံရနိုင်ခြေ လျော့နည်းတယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံပေးဖို့ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေကနေ ကာကွယ်ဆေးတွေ ဝယ်ယူဖို့လည်း ရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာ ရှိနေပြီး SSPP က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးကို လူဦးရေ ၅ သိန်းအထိ ထိုးနှံပေးဖို့ စီစဉ်နေတယ် လို့ ဆိုပါတယ်။ ဇူလိုင် တတိယပတ်က စ,ပြီး ထိုးနှံပေးနေတာ ဖြစ်သလို တရုတ်က ထုတ်တဲ့ Convidecia ကာကွယ်ဆေးကို အာဂျင်တီးနား၊ ချီလီ၊ မက္ကဆီကို နိုင်ငံတွေမှာလည်း အသုံးပြုနေတာပါ။
ကိုဗစ်ကူးစက်နိုင်ခြေနဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံက ကာကွယ်ဆေး ထိုးထားပြီးသူတွေကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ Pfizer BioNTech ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပြီးရင် ဒယ်လ်တာမျိုးကွဲ ဗိုင်းရပ်စ်ကို ၈၈ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တာ တွေ့ရှိရပြိး Astrazeneca ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပြီးရင် ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်ကို ၆၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တာ တွေ့ရှိရပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ဖို့က အရေးတကြီး လိုအပ်ချက် တစ်ခု ဖြစ်ပြီး တစ်ဖက်ကလည်း ကူးစက်မခံရအောင် ဂရုစိုက်နေထိုင်ကြဖို့လည်း သတိရှိနေရမှာပါ။
ရန်ကုန်မြို့သာမက စီးပွားရေးအရ အရေးပါတဲ့ မန္တလေးမြို့မှာလည်း ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေပါတယ်။ ဇူလိုင် လဆန်းက စ,ပြီး သေဆုံးရသူတွေ များပြားလာနေတာ ဖြစ်ပြီး လူမှုကူညီရေး ပရဟိတအဖွဲ့တွေက ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်း တစ်ခုတည်းမှာပဲ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ ဦးရေ ၃၀ ကို သင်္ဂြိုဟ်ဖို့ ကူညီပေးခဲ့ရတယ် လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာလည်း ကိုဗစ်ကြောင့် သေဆုံးသူဟာ ဇူလိုင် ၂၃ ရက်နေ့ထိ ၈၃ ဦးထိ ရှိလာကြောင်း တရားဝင်ထုတ်ပြန်ချက် တွေ အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ ချင်းပြည်နယ်ထဲက မြို့နယ်တွေမှာလည်း ကိုဗစ်ကူးစက်ခံရမှု ကြောင့် သေဆုံးရမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
ရောဂါကူးစက်မှု များပြားနေဆဲ ဖြစ်တဲ့ အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်နေ့မှာ (Stay At Home) “နေအိမ်တွင် နေထိုင်ရေး အစီအစဉ်” ကို မြိုနယ် ၇ မြို့နယ်မှာ ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့ရတာကြောင့် တစ်နိုင်ငံလုံးမှာ စုစုပေါင်း ၉၃ မြို့နယ် ဖြစ်သွားပါပြီ။ ရောဂါကူးစက်မှု ထိန်းချုပ်ရေး အတွက် အခြေခံပညာကျောင်းတွေကို လည်း ဇူလိုင် ၂၆ ကနေ ဩဂုတ် ၁ ရက်နေ့အထိ ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။ ဒါအပြင် အများပြည်သူ အလုပ်ပိတ်ရက်ကိုလည်း ဇူလိုင် ၂၆ ကနေ ဩဂုတ် ၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ် ထားပါတယ်။
ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးတွေ များပြားလာရတာကို လေ့လာကြည့်ရင် တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးမှုက အကြောင်းတစ်ရပ်ထဲမှာ ပါဝင်ပါတယ်။
ဒါကြောင့် ပြည်သူတစ်ဦးချင်း အနေနဲ့ ရောဂါကူးစက်မှု မခံရအောင် တတ်နိုင်သမျှ ကာကွယ်ဖို့ လိုအပ်သလို ရောဂါကူးစက်မှု ဖြစ်လာခဲ့ရင်လည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ရရှိဖို့ တာဝန်ရှိသူတွေဘက်က စီစဉ်ပေးရမှာပါ။ နေအိမ်မှာသာ တတ်နိုင်သရွေ့ နေထိုင်တာ၊ အာဟာရပြည့်တဲ့ အစားအစာတွေ စားသောက်တာ၊ အပြင်ကို မဖြစ်မနေ ထွက်ရတဲ့အခါ mask တပ်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ လက်ကို မကြာခဏဆေးတာတွေ ပြုလုပ်ရမှာ ဖြစ်ပြီး ပြည်သူအချင်းချင်း ဖေးမ,ကူညီမှုနဲ့ ကိုဗစ်ကူးစက်မှု ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ။
သွေး (စစ်ကိုင်း)