

သွေး (စစ်ကိုင်း)
ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇမျိုးကွဲ ၄ မျိုး အထိ ပြောင်းသွားပြီး ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ လျင်လျင်မြန်မြန် ကူးစက် ပျံ့နှံ့နေ သလို မြန်မာနိုင်ငံမှာလည်း မျိုးဗီဇပြောင်း ကိုဗစ်ပိုး ကူးစက်ခံရသူတွေ ရှိလာနေတာကြောင့် ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ သတိရှိရှိ၊ အသိရှိ ကြိုးပမ်းကြဖို့ အထူးလိုအပ်နေပါပြီ။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ ယူကေနိုင်ငံမှာ Alpha (B.1.1.7) (အယ်လ်ဖာ) မျိုးကွဲ၊ တောင်အာဖရိကမှာ Beta (B.1.351) (ဘီတာ) မျိုးကွဲ၊ ဘရာဇီးမှာ Gamma (P.1) (ဂမ်မာ) မျိုးကွဲနဲ့ အိန္ဒိယမှာ Delta (B.w.617.2) (ဒယ်လ်တာ) မျိုးကွဲ စသဖြင့် မျိုးဗီဇပြောင်းကာ ကူးစက်နေတယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ အယ်လ်ဖာ၊ ဒယ်လ်တာနဲ့ အသွင်ပြောင်း ကက်ပါ (Kappa) မျိုးခွဲတွေ တွေ့ရှိရတယ် လို့ ကျန်မာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယမှာ ကူးစက်နေတဲ့ ဒယ်လ်တာ မျိုးကွဲဟာ ယူကေမှာ ကူးစက်နေတဲ့ အယ်လ်ဖာ မျိုးကွဲထက် ကူးစက်မှုနှုန်း ၃၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်တယ် လို့ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ကိုဗစ်ကူးစက်ခံရသူ လူနာအရေအတွက် တစ်နေ့တခြား တိုးတက်များပြား လာရုံသာမက ရခိုင်ပြည်နယ်မှာလည်း ခရီးသွား ရာဇဝင် မရှိဘဲ ဒေသတွင်း ကူးစက်မှုတွေ တွေ့လာရပါတယ်။ ပဲခူးတိုင်း ဒေသကြီးက ဖြူးနဲ့ လက်ပံတန်းမြို့နယ်တွေမှာ ကိုဗစ်ကူးစက်လူနာတွေ များပြားလာတဲ့ အတွက် Stay At Home (နေအိမ်တွင် နေထိုင်ရေး) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်းကြီးဌာနက ကြေညာထားပါတယ်။
တတိယလှိုင်း မျိုးဗီဇပြောင်း ကိုဗစ်ပိုးကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချူလာကောင်လာ ဆေးရုံက သတိပေးထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားပါတယ်။ ဗီဇပြောင်းကိုဗစ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၁ ရက်ကနေ ၃ ရက်အတွင်း လည်ချောင်း နည်းနည်းနာလာတာကို ခံစားရပေမဲ့ ဖျားနာကိုက်ခဲတာ၊ အစားအသောက် ပျက်တာ မရှိသေး ပါဘူး။ ဒါပေမဲ့ ၄ ရက်မြောက်နေ့မှာ အာသီးနည်းနည်း ယောင်လာတတ်တယ်၊ စကားပြောရင် လည်ချောင်းနာလာ တတ်ပါတယ်။ ခေါင်းနည်းနည်းကိုက် လာတတ်သလို အစာအိမ် လေထ,တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၅ ရက်မြောက်နေ့မှာ လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာနိုင်ပြီး အဆစ်အမြစ် နာကျင်ကိုက်ခဲလာတာ တွေ့ရတယ် လို့ ဆိုပါတယ်။
၆ ရက်မြောက်နေ့မှာ ကိုယ်အပူချိန်ချိန် ၃၇ ဒီဂရီ ဆဲလ်ဆီးယပ် အထက်ရောက်လာတာ၊ ချောင်းခြောက်ဆိုးတာ၊ စကားပြောရင်, အစာ စားရင် လည်ချောင်းနာတာ၊ မောပန်းနွမ်းနယ်တာ၊ အသက်ရှူဖို့ အခက်အခဲ ရှိတာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော, အော့အန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ၇ ရက်မြောက်နေ့မှာတော့ ချောင်းအဆက်မပြတ် ဆိုးပြီး သလိပ်တွေ ထွက်နေတာ၊ ခေါင်းကိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံး ကိုက်ခဲနာကျင်တာ၊ အော့အန်တာတွေ ဖြစ်လာနိုင်ပါတယ်။
၈ ရက်မြောက်နေ့မှာ ကိုယ်အပူချိန် ၃၈ ဒီဂရီဆဲလ်ဆီးယပ် အထက်ရောက်ပြီး အပြင်ဖျားတာ၊ အသက်ရှူရ ခက်တာ၊ ချောင်းဆိုးတာ၊ အဆစ်အမြစ်နဲ့ ကြွက်သားတွေ နာကျင်တာ၊ ခြေထောက်နဲ့ ခန္ဓာကို အောက်ပိုင်း ကိုက်ခဲနာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ၉ ရက်မြောက် နေ့မှာတော့ တချို့သော ရောဂါလက္ခဏာတွေ သက်သာလာပေမဲ့ အသက်ရှူဖို့ ခက်ခဲလာပြီး အဖျားတက်လာတတ်ပါတယ်။
ဒီအချက်တွေကို ကြည့်ရင် မျိုးဗီဇကွဲ ကိုဗစ်ပိုးတွေရဲ့ ကူးစက်မှုက ရောဂါဝေဒနာ ဘယ်လောက်ထိ ပြင်းထန်တယ် ဆိုတာ သိမြင်နိုင်သလို ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးပြီ ဆိုရင်တောင် မျိုးဗီဇပြောင်း ကိုဗစ်ပိုးကို ထိရောက်တဲ့ ကာကွယ်မှု ပေးနိုင်ဖို့ ဆိုတာ စိတ်ချလို့ မရဘူး ဆိုတဲ့ အချက်ကိုပါ သိမြင်နိုင်ပါတယ်။
ချင်းပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ကိုဗစ်အတည်ပြု လူနာတွေ များပြားလာနေသလို သေဆုံးသူတွေလည်း တိုးလာနေ ပါတယ်။ ဖလမ်းမြို့မှာ ဇွန် ၁၉ ရက်နေ့က ကိုဗစ်ကြောင့် သင်းအုပ်ဆရာ တစ်ဦး ကွယ်လွန်ခဲ့ရ သလို သေဆုံးသူ များလာတဲ့ အတွက် တတ်နိုင်သမျှ နေအိမ်မှာပဲ နေထိုင်ကြဖို့ ဖလမ်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များ အဖွဲ့က ဇွန် ၂၁ ရက်နေ့မှာ မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဟားခါးမြို့မှာ အသက် ၇၆ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။
ကိုဗစ်အတည်ပြု လူနာ စစ်ဆေးတွေ့ရှိမှုကို ကြည့်ရင် တစ်နိုင်ငံလုံးမှာ ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်းမှာပဲ ပိုးတွေ့လူနာ ဦးရေ ၆၃၀ ထိ တွေ့ရှိရတဲ့ အတွက် ပိုးတွေ့ရှိမှု ၁၂ ဒသမ ၃၈ ရာခိုင်နှုန်း မြင့်မာလာတာပါ။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်း အားဖြင့် ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန် ခေါင်းထောင်လာတာကို တွေ့ရမှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု အဆုံးသတ်နိုင်ဖို့ အလှမ်းဝေးနေဆဲ ဆိုတာကိုပါ မီးမောင်းထိုးပြ နေတာဖြစ်ပါတယ်။
ဥရောပတိုက်က နိုင်ငံတွေထဲမှာ ဆိုရင် စပိန်နိုင်ငံဟာ ကိုဗစ်ကူးစက်မှုဒဏ်ကို အလူးအလဲ ခံနေရတဲ့ နိုင်ငံ ဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၈ သောင်းကျော်ထိ ရှိသွားပါပြီ။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းပေါင်းများစွာ လာရောက် လည်ပတ်တဲ့ နိုင်ငံဖြစ်လို့ ကိုဗစ်ကြောင့် နိုင်ငံ့စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကိုပါ အများကြီး ထိခိုက်ခံနေရပါတယ်။ နိုင်ငံ အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပေမဲ့ ကူးစက်မှုတွေ ရှိနေဆဲပါ။
နိုင်ငံအတွင်း နှာခေါင်းစည်း တပ်ဖို့ ချမှတ်ထားတဲ့ စည်းကမ်းချက်ကို ဇွန် ၂၆ ရက်နေ့က စ,ပြီး ဖြေလျှော့ဖို့ ပြောကြားထား ပေမဲ့ အဲဒီလို ဖြေလျှော့မှုနဲ့ အတူ ရောဂါကူးစက်မှုတွေ ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကာကွယ်ဆေး တစ်ခုတည်း အားကိုးနေလို့ မရဘဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စည်းကမ်းလိုက်နာမှုက အရေးပါနေတယ် ဆိုတာ သိမြင်နိုင်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ် အစုလိုက် ကူးစက်မှုတွေ တွေ့လာစ ပြုနေပြီ ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ကိုဗစ်ကူးစက်မှုကို ကြည့်ရင် ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်းမှာပဲ ဖလမ်းမှာ ၂၁ ဦး၊ ဟားခါးမှာ ၁၃ ဦး၊ တွန်းဇံမှာ ၈ ဦး၊ ထန်တလန်မှာ ၃ ဦး တွေ့ရှိခဲ့ရပါတယ်။ Stay at Home ကြေညာထားတဲ့ ဖလမ်းမြို့မှာလည်း ဇွန် ၂၃ ကနေ ဇွန် ၃၀ အထိ Lockdown ချထားကြောင်း သိရပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မှာ ဆိုရင် ဇွန် ၁၉ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်အတည်ပြု လူနာ ၅၀ ကျော်တွေ့ရှိခဲ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က ကိုယ်ပိုင်ကျောင်း တစ်ကျောင်းမှာ အစုလိုက် ကူးစက်မှုတွေ ရှိခဲ့သလို နယ်စပ်ဝင်ပေါက်တွေနဲ့ နီးတဲ့ မြို့တွေမှာ ကူးစက်မှု ပိုများတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှာလည်း ကိုဗစ်အတည်ပြု လူနာ အရေအတွက် များပြားလာသလို သေဆုံးရသူတွေလည်း များလာနေလို့ ရောဂါထိန်းချုပ်နိုင်ရေး အတွက် Stay at Home ကြေညာထားရ ပါတယ်။ အသွားအလာ ကန့်သတ်ထားတဲ့ ချင်းပြည်နယ်၊ တီးတိန်မြိုနယ်က တချို့ ရွာတွေမှာလည်း စား, ဝတ်, နေရေး အခက်ကြုံနေရတာတွေ ရှိလာပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေမှာတောင် ကိုဗစ်ကူးစက်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကို သေချာကိုင်တွယ် မဖြေရှင်းနိုင်သေး ပါဘူး။ ရောဂါထိန်းချုပ်နိုင်ဖို့ အသွား, အလာ ကန့်သတ်တာ၊ Stay at Home အစီအစဉ်နဲ့ နေအိမ်မှာ နေထိုင်ရေး ကြပ်မတ်တာဟာ အတိုင်းအတာ တစ်ခုအထိ ထိရောက်ပေမဲ့ သက်ဆိုင်သူ ပုဂ္ဂိုလ်တွေရဲ့ စီးပွားရေး၊ စား, ဝတ်, နေရေး ထိခိုက်လာနိုင်တာတွေကိုပါ ထည့်တွက်, စဉ်းစားရမှာပါ။ တဖန် ကူးစက်မှု လျော့ကျလာပြီ ဖြစ်လို့ သွား, လာ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ရင်လည်း ကူးစက်မှုက တစ်ကျော့ပြန် မြင့်တက်လာနိုင်တာကိုလည်း မေ့ထားလို့ မရပါဘူး။
ကိုဗစ်ပိုး အစုလိုက် ကူးစက်မှုတွေ တွေ့လာရပြီ ဖြစ်လို့ နောက်ထပ် အစုလိုက် ကူးစက်မှုတွေ များပြားမလာအောင် အစီအမံတွေ ချမှတ်သင့်ပါတယ်။ ကိုဗစ်ကြောင့် သေဆုံးရမှုတွေ များပြားလာနိုင်သလို လူမှုစီးပွား ထိခိုက်မှု၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် လူထူထပ်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားတာ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေထိုင်တာ၊ နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာ၊ ကိုယ်ခံအားကောင်းအောင် နေထိုင်, စားသောက်တာတွေကို မဖြစ်မနေ လိုက်နာပြီး တစ်ဦးချင်း, တစ်ယောက်ချင်းစီရဲ့ အသိရှိရှိ, သတိရှိရှိ စည်းကမ်းလိုက်နာမှုနဲ့ ကိုဗစ်ကူးစက်မှုကို ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။