Input your search keywords and press Enter.

အနှစ်သာရရှိတဲ့ဖယ်ဒရယ်ဒီမိုကရေစီခြေဥဖြစ်လာနိုင်ခြေကိုသုံးသပ်ခြင်း

 

 

Salai Chin

 

မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာသုံးကြိမ်တိုင်ရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဲဒီရေးဆွဲတဲ့ဖြစ်စဥ်တွေကိုလေ့လာမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးရာကော်မရှင် သို့မဟုတ် ကော်မတီကို ၁၉၄၇ ခုနှစ် မေလမှာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကာ ကိုယ်စားလှယ် ၇၅ယောက်ဖြင့်ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းခေတ် ၁၉၄၇ မေလမှစတင်ကာဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲဖို့တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာမူဝါဒလမ်းညွှန် ၇ချက်ကိုအခြေခံဖို့တင်ပြခဲ့ပါတယ်။ ဖဆပလညီလာခံမှာ ဗိုလ်ချုပ်ဦးဆောင်ရေးဆွဲခဲ့တဲ့​ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအတည်ပြုခဲ့ကြပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုလားတယ်ဆိုတာထင်ရှားပါတယ်။ ဒါပေမဲ့လဲ လုပ်ကြံခံရတဲ့အတွက် သူ့နေရာမှာ ဦးနုအစားထိုးခဲ့ပြီးနောက် ဦးနုကနေဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းညွှန်မူကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအတည်ပြုမပေးပဲ ဦးချန်ထွန်းကိုအသစ်ထပ်မံရေးဆွဲခိုင်းစေခဲ့ပါတယ်။

 

အဲဒီအသစ်ရေးဆွဲတဲ့ခြေဥမူကြမ်းဟာပြည်ထောင်စုစနစ်ကိုအခြေမခံတော့ပဲတစ်ပြည်ထောင်စနစ်ကိုအခြေခံတဲ့ခြေဥဖြစ်သွားရုံသာမက တိုင်းရင်းသားတွေရဲ့နိုင်ငံရေးအာဏာရပိုင်ခွင့်တွေအာမခံထားတာပါမလာတာတွေ့ရပါတယ်။ ဒါပေမဲ့လဲ ဦးနုဦးဆောင်တဲ့တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဦးချန်ထွန်းရဲ့မူကြမ်းကို ၁၉၄၇ စက်တင်ဘာလ၂၄ရက်မှာအတည်ပြုချက်ရယူခဲ့ပြီး၁၉၄၈ခုနှစ်ကနေ၁၉၆၂ခုနှစ်စစ်တပ်အာဏာသိမ်းတဲ့အထိအသုံးပြုခဲ့ပါတယ်။ ပင်လုံစာချုပ်အပေါ်အခြေခံပြီးရေးဆွဲခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖွဲ့စည်းပုံအခြေခံ​ဥပဒေမူကြမ်းအတိုင်းဖြစ်မလာခဲ့တဲ့ ၁၉၄၇ ခြေဥဟာ ခြေဥရေးဆွဲတဲ့ရေးရာကော်မရှင်ဦးဆောင်မှုရဲ့ အဘယ်မျှလောက်ရေးပါပုံကိုပြသနေပါတယ်။

 

ဒုတိယခြေဥရေးရာကော်မတီကိုဗိုလ်နေဝင်းခေတ်မှာ သမ္မတဦးဆန်းယုကဦးဆောင်မှုပြုကာသူတို့စိတ်ကြိုက်ရွှေးချယ်တဲ့ လူ ၉၇ယောက်နဲ့ဖွဲ့စည်းခဲ့ပါတယ်။၁၉၇၃ခုနှစ် ဒီဇင်ဘာလတွင်လူထုဆန္ဒခံယူပွဲကျင်းပကာ ၁၉၇၄ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ တော်လှန်ရေးကောင်စီမှတပါတီဆိုရှယ်လစ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်အုပ်ချုပ်ခဲ့ပါတယ်။ ဒါဟာလဲ ခြေဥရေးရာကော်မတီက ရေးဆွဲဆုံးဖြတ်တဲ့အတိုင်းသာအတည်ပြုပေးခဲ့တာပါ။

နဝတ၊ နအဖ တို့ခေတ်မှာ တတိယကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ၁၉၉၂ မေလ ၂၄ရက်နေ့မှာ အမျိုးသားညီလာခံဦးဆောင်ကော်မရှင်ဆိုပြီး နဝတစစ်အစိုးရဘက်မှ လူ ၁၄ယောက်၊ နိုင်ငံရေးပါတီအသီးသီးမှ လူ၂၈ယောက်ဖြင့်ဖွဲ့စည်းကြောင်းကြေငြာခဲ့ပါတယ်။ အဲဒီအမျိုးသားညီလာခံတက်ရောက်မဲ့လူပုဂ္ဂိုလ်တွေကိုလဲ နဝတအစိုးရကရွှေးချယ်ခဲ့ပါတယ်။ သူတို့ထဲက ၉၉ယောက်ပဲ ပြည်သူလူထုက၁၉၉၀ရွှေးကောက်ပွဲမှာရွှေးချယ်ခံခဲ့တဲ့သူပါ။ ၁၉၉၃ခုနှစ်မှ ၂၀၀၆အထိ ၁၃နှစ်တိုင်စစ်အစိုးရကသူတို့စိတ်တိုင်းကျတဲ့ပုံစံရောက်သည်ထိဆွေးနွေးမှုများပြုလုပ်ကျင်းပခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနှင့်နိုင်ငံရေးပါတီတွေကဖယ်ဒရယ်ဒီမိုကရေစနစ်ဆိုင်ရာမူဝါဒ​များကိုတင်သွင်းခဲ့ကြပါသေးတယ်။ စစ်တပ်ကနိုင်ငံရေးကဏ္ဍမှာဦးဆောင်မှု၊ပါဝင်မှုစတဲ့အခြေခံမူများကိုလဲဆန့်ကျင်ကန့်ကွက်ခဲ့ကြ၊ သပိတ်မှောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာဘာမှဂရုတစိုက်လုပ်တာမရှိဘဲ သူတို့လိုချင်တဲ့ခြေဥဖြစ်ဖို့ကိုသာစဥ်းစားပါတယ်။ ဒါကြောင့်၂၀၀၇ခုနှစ်မှာ ခြေဥရေးရာကော်မတီကို၅၄ယောက်ဖြင့်ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ဖေဖော်ဝါရီလ ၁၉ရက်မှာအဲဒီကော်မတီကခြေဥရေးဆွဲခြင်းကိုအဆုံးသတ်စေခဲ့ကာ ၂၀၀၈ ခုနှစ်မေလမှာလူထုဆန္ဒခံယူစေပြီးအတည်ပြုစေခဲ့ပါတယ်။ ဒါဟာလဲ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဦးဆောင်တဲ့သူတွေအပေါ်မှာမူတည်နေတာကိုပြပါတယ်။

 

အခုနောက်တကြိမ်စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၀၈ခြေဥကိုဖျက်သိမ်းပြီးဖြစ်တာကြောင့်ခြေဥအသစ်ရေးဆွဲဖို့ဖြစ်လာပါတယ်။ ခြေဥအသစ်ရေးဖို့ NUG အစိုးရ ကနေ မေလ ၁၈ရက်နေ့စွဲနဲ့ဖယ်ဒရယ်ပြည်ထေင်စုဖွဲ့စည်းပုံအခြေခံဥပဒေကော်မရှင်ကိုဖွဲ့စည်းကြောင်းကြေငြာခဲ့ပါတယ်။ NUG အစိုးရ ဒုသမ္မတဒူလရှီးလက ဥက္ကဌနေရာ၊ ဒုဥက္ကဌနေရာမှာ ဦးမန်းဝန်းခိုင်သန်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်းက အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများအဖြစ်ဖယ်ဒရယ်ရေးရာ ပြည်ထောင်စုဒုဝန်ကြီးနှစ်ယောက်နှင့် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး၁၁ယောက်ပါဝင်ပြီး ကော်မရှင်အားလုံးပေါင်း ၁၆ယောက်ဖြင့်ဖွဲ့စည်းပါတယ်။ အဓိကတာဝန်ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကိစ္စအဝဝကို ကြီးကြပ်လမ်းညွန်ပေးရန်လို့ဖော်ပြပါတယ်။ တနည်းအားဖြင့်ဖွဲ့စည်းပုံအခြေခံပဥဒေထဲမှာဘာတွေပါဝင်ရမယ်၊ ဘာတွေပယ်ဖျက်ရမယ်၊ဒါကဒီလိုရေးရမယ်၊ ဒီလိုရေးလို့မရဘူး စသဖြင့်ကြီးကြပ်စီမံနိုင်တဲ့အာဏာတွေကိုင်ထားတဲ့သဘောဖြစ်ပါတယ်။

 

CRPH ရဲ့ Charter အပိုင်း ၁ ဖယ်ဒရယ်ဒီမိုကရေစီအခြေခံမူတွေကိုအခြေခံမယ်ဆိုတာတော့ရှင်းပါတယ်။အဲဒီCharterရဲ့အခြေခံမူတွေဟာလဲယေဘုယျအားဖြင့်တိုင်းရင်းသားအားလုံးလိုလားတောင်းဆိုနေတဲ့အရာတွေပါ။အဲဒီ ခြေဥရေးရာကော်မရှင်မှာNUGအစိုးရကလူတွေကြီးပဲဖြစ်နေပါတယ်။ ဒါပေမဲ့ အားလုံးပါဝင်တဲ့  NUCC မှာဆွေးနွေးမယ်လို့ထပ်ပြောခဲ့တဲ့အပြင်တိုင်းပြုပြည်ပြုညီလာခံမှာ မပါဝင်နိုင်သေးတဲ့သူတွေကိုပါ ဖိတ်ခေါ်သွားမယ်လို့ပြောပါတယ်။ နောက်တချက်ကောင်းတဲ့အပိုင်းက တိုင်းရင်းသားတွေ၊ EAO တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ အတတ်ပညာရှင်တွေ နဲ့ ၁၈နှစ်ကြာရေးဆွဲပြီးဖြစ်တဲ့ federal constitution second draft ကို အဓိကကြောရိုးအဖြစ်အသုံးပြုမယ် လိုအပ်တာကိုပဲထပ်ဖြည့်မယ် ဆိုပြီး ဖယ်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မူန်ဆာခေါင်းကပြောခဲ့ပါတယ်။ ဒါတွေဟာအားသာချက်တွေပါ။

 

ဒါပေမဲ့ တချို့မှာစိုးရိမ်မှုတွေရှိနေပါတယ်။ ဥပမာ NUCC မှာ ဘယ်သူတွေပါဝင်တယ်ဆိုတာမရှင်းလင်းဖြစ်နေပါတယ်။ အစုဖွဲ့ဘယ်နှစ်ခုပါဝင်တယ်ဆိုတာပဲသိရပါတယ်။ ဆိုတော့ အားလုံးကိုယ်စားပြုနိုင်တဲ့ကိုယ်စားလှယ်တွေပါမပါကိုတော့ မသိရှိနိုင်သေးတာကြောင့် စိုးရိမ်မှုရှိစေပါတယ်။ ဒါ့အပြင် NUCC မှာဖြစ်စေ တိုင်းပြုပြည်ပြုညီလာခံမှာဖြစ်စေ ဆွေးနွေးတင်ပြမှုတွေကိုဘယ်လောက်အတိုင်းတာထိလက်ခံပေးမယ် ဆိုတာလဲစဥ်းစားစရာဖြစ်ပါတယ်။ Charter အပိုင်း၁ အခြေခံမူတွေအရ ပြည်နယ်မှာ ဘယ်အာဏာတွေရမယ်၊ ဗဟိုမှာဘယ်အာဏာကိုပဲထားရှိမယ်၊ တန်းတူရေးကို ဘယ်လိုရှာမယ်၊ ဗမာပြည်နယ်တစ်ခုပဲထားမယ်လား၊သယံဇာတဘယ်လောက်ခွဲဝေမယ်၊ အခွန်ဘဏ္ဍာဘယ်လိုပေးမယ် စတဲ့အရေးပါဆုံးအချက်တွေကိုတကယ်ပဲအမြော်မြင်ကြီးစွာလိုက်လျောပေးမှုရှိမယ်လား ဆိုတာရာခိုင်နှုန်းပြည့်သေချာတယ်လို့ပြောလို့စောပါသေးတယ်။

တိုင်းရင်းသားတွေလိုလားတောင်းဆိုနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရ ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဟုတ် မဟုတ် ဆိုတာလဲစောင့်ကြည့်ရမှာပါ။ တိုင်းပြုပြည်ပြုညီလာခံနှင့်လူထုဆန္ဒခံယူပွဲကို ဘယ်လိုဘယ်ပုံစံနှင့်ကျင်းပမယ်ဆိုတာရှင်းလင်းတဲ့ဗျူဟာတွေမရှိသေးပါဘူး။ ဒါကလဲရှိဖို့လိုအပ်ပါတယ်။ အချိန်ကာလသတ်မှတ်မှုကိုပါအမြန်ဆုံးလုပ်သွားနိုင်ဖို့ကလက်ရှိအခြေအနေအရအရေးကြီးဖြစ်နေပါတယ် ။အနှစ်သာရရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမြန်ဆုံးပေါ်ပေါက်ပြီးမှသာ စစ်အာဏာရှင်ကိုစောထသက်စောအောင်အမြစ်ပြတ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် အဲဒီ ခြေဥကနိုင်ငံရေးအာဏာတွေ အာမခံချက်ပေးမှသာ federal army ကိုလဲပေါ်ပေါက်လာနိုင်မှာပါ။  ​ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရရှိတဲ့ ခြေဥဖြစ်တယ်ဆိုရင်တိုင်းရင်းသားအားလုံးပါဝင်နိုင်မှာသေချာပါတယ်။ စာချုပ်စာတမ်း နှင့် ပဋိညာဥ်စာတမ်းတွေဟာ နိုင်ငံရေးအာဏာကိုအာမခံမပေးနိုင်ပါဘူး။ အခြေခံမူတွေ လမ်းညွန်ချက်ပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ဥပဒေအမြင့်ဆုံးဟာ ခြေဥပါပဲ။ ခြေဥနဲ့ဆန့်ကျင်တဲ့ဘယ်ဥပဒေမှပြဌာန်းလို့မရပါဘူး။

 

နောက်ဆုံးအနေနဲ့ပြောချင်တာက

မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ဖြစ်စဥ်သမိုင်းတွေလေ့လာတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့အနှစ်သာရ ရှိခြင်း မရှိခြင်းဆိုတာ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကော်မတီ သို့မဟုတ် ကော်မရှင်များရဲ့ဦးဆောင်လမ်းညွှန်မှုများအပေါ်မှာများစွာမူတည်နေတာတွေ့ရပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးသမိုင်းမှာ နောက်ဆုံးအဆုံးအဖြတ်ပေးတဲ့သူတွေဟာအဲဒီအချိန်ရဲ့အာဏာရတဲ့သူများနှင့်ဖွဲ့စည်းပုံဥပဒေရေးဆွဲရေးကော်မတီ သို့မဟုတ် ကော်မရှင်များဖြစ်ကြပါတယ်။ ဒါကြောင့် ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့ဆိုရင် NUG အစိုးရကဖွဲ့စည်းလိုက်တဲ့ ​ခြေဥရေးရာကော်မရှင်ရဲ့ဦးဆောင်မှု၊ လမ်းညွန်ကြီးကြပ်မှုကအရေးပါဆုံးဖြစ်ကြောင်းသုံးသပ်ပါတယ်။

 

ဆလိုင်းချင်း

 

ကိုးကားချက်

 

၁။ The Burma constitution: Australian Outlook: Vol 2, No 2

 

၂။ A Tale of 3 Constitutions

 

၃။ Aung San’s Version of 1947 Union Constitution – The Rohingya Post

 

၄။ တိုင်းရင်းသားတွေနဲ့ ထိရောက်စွာ တိုင်ပင်လုပ်ဆောင်ဖို့ NUG ကို SNLD ခေါင်းဆောင်တိုက်တွန်း — မြန်မာဌာန