

သွေး (စစ်ကိုင်း)
ကမ္ဘာတဝှမ်း ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ပိုမိုများပြားလာနေတဲ့ အချိန်မှာပဲ ကျမတို့ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက် ဖြစ်ပွားမှု ပိုမိုများပြား လာနေတာ တွေ့ရပါတယ်။ ဒါဟာ ကိုဗစ်ကို အထူးဂရုစိုက် ကာကွယ်သွားရမယ့် အခြေအနေ တစ်ရပ်ကို ရောက်နေပြီ ဆိုတာ ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ ရောဂါကူးစက် ဖြစ်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ် နိုင်ဖို့ အတွက် လူတစ်ဦးချင်းစီကလည်း ကိုဗစ်စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာဖို့ ခေါင်းလောင်းထိုး သတိပေးတာ လည်း ဖြစ်ပါတယ်။
ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေပါတယ်။ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေပေမဲ့ နိုင်ငံလူဦးရေရဲ့ ၃ ရာခိုင်နှုန်းလောက်ပဲ ၂ ကြိမ်ထိုးနှံရမယ့် ကာကွယ်ဆေး ထိုးနှံနိုင်ပါ သေးတယ်။ ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းနေပေမဲ့ ထိရောက်တဲ့ အောင်မြင်မှု မရသေးပါဘူး။ ဘန်ကောက်ပို့စ် ရဲ့ ရေးသားချက်အရ ဇွန်လ ၁ ရက်နေ့မှာ ကိုဗစ်အတည်ပြု လူနာ ၅,၄၈၅ ယောက်ထိ တွေ့ရှိလာခဲ့ပြီး သေဆုံးသူ ၁၉ ဦးအထိ ရှိလာပါတယ်။
အထူးစိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုက ဗီယက်နမ်မှာ ကိုဗစ် ၁၉ မျိုးကွဲသစ် နောက်ထပ်တစ်မျိုး တွေ့ရှိခဲ့ရတဲ့ အချက်ပါ။ ဒီမျိုးကွဲသစ်ဟာ အိန္ဒိယနိုင်ငံမှာ အလျင်အမြန် ပျံ့နှံ့နေတဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ ဗြိတိန်မှာ အလျင်အမြန် ပျံ့နှံ့နေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုး ၂ မျိုး ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာတာ ဖြစ်ပြီး ကူးစက်မှု ပိုမိုမြန်ဆန်ရုံတင်မက လေထုထဲကနေ တဆင့်လည်း ကူးစက်နိုင်တယ် လို့ သိရပါတယ်။ ဗီယက်နမ် အစိုးရအနေနဲ့ ဒီမျိုးကွဲသစ် ကူးစက်မှုကို အလေးထား ကိုင်တယ်ရမယ့် ကျန်းမာရေး ဆိုင်ရာ အရေးကြီး ကိစ္စတစ်ရပ် ဖြစ်လာနေပါတယ်။
အစောပိုင်းတုန်းက ဗီယက်နမ်ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှု အနည်းဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံ အပါအဝင် ဖြစ်ခဲ့ပေမဲ့ လတ်တလောကာလမှာတော့ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တွေမှာ ကိုဗစ်ကူးစက်ခံရတဲ့ လူနာသစ်တွေ များပြားလာ နေပါတယ်။ ဗီယက်နမ်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေပြီ ဆိုပေမဲ့ အပြည့်အဝ ထိုးနှံပေးနိုင်ခြင်း မရှိသေးပါဘူး။ ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက ဇွန် ၁ ရက်နေ့မှာ ကိုဗစ် အတည်ပြု လူနာ ၂၅၁ ယောက် တွေ့ရှိရပြီး သေဆုံးသူ တစ်ဦး လို့ ဆိုပါတယ်။ ဒါကြောင့် ဗီယက်နမ်မှာ ကိုဗစ်လူနာ စုစုပေါင်း ၇,၃၂၁ ယောက်ထိ ရှိလာတယ် လို့ ပြောကြားပါတယ်။ မြို့တော် ဟနွိုင်က နွိုင်ဘီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ဇွန်လ ၇ ရက်နေ့ အထိ လေကြောင်း ခရီးစဉ်တွေ ပိတ်ထားလိုက်ပါတယ်။
ထိုင်ဝမ်ံမှာလည်း ကိုဗစ်ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်မားလာပြီး ဇွန် ၁ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၂၆၇ ယောက်၊ သေဆုံးသူ ၁၃ ယောက်ထိ ရှိပါတယ်။ ဒီလို ကူးစက်မှု မြင့်တက်လာရခြင်းရဲ့ အကြောင်းရင်းက ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တချို့ ဖြေလျှော့ပေးခဲ့တာရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပါ။ ဒါကြောင့် ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်ဖို စည်းကမ်းချက်တွေကို အစဉ်သတိရှိရှိ လိုက်နာဖို့ အရေးကြီးပါတယ်။
ကျမတို့ နိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အတွက် ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ဇွန်လ ၃၀ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။
လတ်တလောမှာ ချင်းပြည်နယ် အတွင်း ကိုဗစ် ကူးစက်မှုတွေ များပြားလာနေတာကြောင့် အထူးဂရုစိုက် နေထိုင်ဖို့ လိုအပ်နေတာပါ။ ဖလမ်းမြို့မှာ ဇွန် ၁ ရက်နေ့က ကိုဗစ်ကူးစက်ခံရသူ ၆ ယောက် ထပ်မံတွေ့ရှိရတာကြောင့် ရောဂါကူးစက် ခံရသူ ၁၀ ယောက်အထိ ရှိနေပါပြီ။
ချင်းပြည်နယ် တွန်းဇံမြိုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တို့မှာ ကိုဗစ်ကူးစက် ခံရသူ အတည်ပြု လူနာအရေအတွက် များပြားလာတာကြောင့် မေလ ၂၉ ရက်နေ့က စ,ပြီး Stay at Home (အိမ်တွင် နေထိုင်ရေး) အစီအစဉ်မှာ ပါဝင်အကျုံးဝင် ကြောင်း ကြေညာခဲ့ပါတယ်။ ပြီးတော့ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှာလည်း ကိုဗစ်ကူးစက်ခံရမှု များပြားမြင့်တက် လာတာကြောင့် ဇွန် ၃ ရက်နေ့က စ,ပြီး Stay at Home (အိမ်တွင် နေထိုင်ရေး) အစီအစဉ်မှာ ပါဝင်အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့မှာ ကိုဗစ်အတည်ပြု လူနာတွေ ထပ်မံတွေ့ရှိလာခဲ့ပြီး မေ ၃၁ ရက်နေ့က ကိုယ်ဝန်ဆောင်မိခင် တစ်ဦး သေဆုံးခဲ့ရပါတယ်။ တွန်းဇံမြို့နယ်မှာ ဆရာဝန်၊ သူနာပြု လိုအပ်ချက်တွေလည်း ရှိနေပြီး ကိုဗစ်ကူးစက်ခံရသူ ဦးရေဟာလည်း ၁၀၀ ဝန်းကျင်အထိ ရှိပါတယ်။
မြန်မာတစ်နိုင်ငံလုံး အနေနဲ့လည်း မေလ ၂၇ ရက်နေ့က စ,ပြီး ကိုဗစ်လူနာအရေအတွက် ပြန်လည် မြင့်တက်လာတာ ဖြစ်ပြီး တစ်ရက်တည်းမှာပဲ ကူးစက်ခံရသူ အတည်ပြုလူနာ ၉၆ ယောက်ထိ တွေ့ရှိရတယ် လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကြေညာ ပါတယ်။ တစ်နိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ အရေအတွက်ဟာ မေ ၂၈ ရက်နေ့က ၇၂ ယောက်၊ မေ ၂၉ ရက်နေ့က အယောက် ၄၀၊ မေ ၃၀ ရက်နေ့က ၄၅ ယောက်၊ မေ ၃၁ ရက်နေ့က ၅၈ ယောက် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု အပိုင်းမှာတော့ ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီလက စ,ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၇ သိန်း ကျော်နဲ့ ဒုတိယ အကြိမ်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူက ၁၂ သိန်းကျော် ရှိတယ် လို့ သိရပါတယ်။ ဒီလို ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်တာဟာ ကောင်းမွန်တဲ့ ဆောင်ရွက်မှု ဖြစ်ပြီး ရေရှည် ဖြည့်ဆည်း လုပ်ဆောင်ရမှာပါ။ အဲဒီထက် အရေးကြီးပြီး လက်တွေ့ကျကျ ထိရောက်စေနိုင်တာက ကူးစက်မှု မခံရအောင် တစ်ဦးချင်းစီ အနေနဲ့လည်း ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။
ချင်းပြည်နယ်ဟာ အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ အတွက် ကူးစက်မြန်ရောဂါပိုးကို အထူးသတိပြု ရမယ့် ပြည်နယ် ဖြစ်ပါတယ်။ တွန်းဇံမြို့မှာ ကိုဗစ်လူနာ များပြားလာတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက အိန္ဒိယက တဆင့်ကူးစက်တာ ဖြစ်နိုင်တယ် လို့ ယူဆနေကြပါတယ်။ တွန်းဇံမြို့နယ် ဆေးရုံနဲ့ ကျီခါးတိုက်နယ် ဆေးရုံတွေကို ရောက်လာသူ လူနာတချို့မှာ ကိုဗစ်ရောဂါ လက္ခဏာတွေ တွေ့ရတယ် လို့ ဆိုပါတယ်။ ဇွန် ၁ ရက်နေ့မှာတော့ တွန်းဇံမြို့မှာ ကိုဗစ်အတည်ပြု လူနာ ၂၃ ယောက် ထပ်မံ တွေ့ရှိခဲ့ရတာကြောင့် တွန်းဇံတစ်မြို့နယ်လုံး အတိုင်းအတာနဲ့ ကိုဗစ်အတည်ပြု လူနာ ၁၃၄ ယောက်ထိ ရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ်လူနာတွေ အတွက် လိုအပ်လာနိုင်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ အောက်စီဂျင်ဘူးတွေ စီစဉ်ထားရှိနိုင်ရေး အကူအညီပေး ဖို့လည်း လိုအပ်နေပါပြီ။
ကျီခါးတိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ အထဲက အသက် ၇၃ နှစ်အရွယ် အမျိုးသား တစ်ယောက်ဟာ ဇွန် ၁ ရက်နေ့က ထပ်မံကွယ်လွန်ခဲ့တာကြောင့် ကိုဗစ်နဲ့ ကွယ်လွန်သူ ၂ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဇွန် ၂ ရက်နေ့မှာတော့ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပါတယ်။ တဖန် ဇွန် ၃ ရက်နေ့မှာတော့ ကျီခါးတိုက်နယ် ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာ ၃ယောက်ထိ သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ချင်းပြည်နယ် အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၆ ယောက် ရှိပြီ ဖြစ်ပါတယ်။
အရေးအကြီးဆုံး အချက်ကတော့ အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှုမြန် မျိုးဗီဇပြောင်း ကိုဗစ်ပိုး မြန်မာနိုင်ငံမှာ ကူးစက်မှု မခံရဖို့ပဲ ဖြစ်ပါတယ်။ ကိုဗစ်ပိုး စ,တင်တွေ့ရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်နေ့ကနေ လက်ရှိအချိန်အထိ သေဆုံးသူပေါင်း ၃,၀၀၀ ကျော်ထိ ရှိခဲ့ပြီး လူမှုစီးပွားရေး အပါအဝင် အလုပ်အကိုင် ဆုံးရှုံးမှုတွေပါ ကြုံတွေ့နေရပါတယ်။ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေက မြို့နယ်တွေမှာ နယ်စပ် အဝင်/ အထွက်တွေကို စနစ်တကျ ကြပ်မတ်ဖို့၊ ကျန်းမာရေး ဆိုင်ရာ ကန့်သတ်ချက်တွေ တင်းကျပ်ဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံ မဟုတ်တဲ့ အတွက် လူမှုစီးပွား ထိခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အခြေခံလူတန်းစားတွေက ပိုမိုဆိုးရွားစွာ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်နဲ့ ပတ်သက်တဲ့ အသိပညာ ပေးမှုတွေကို ပြည်သူတွေကြား ဆက်လက်လုပ်ဆောင်ပေးဖို့ လိုအပ်သလို ပြည်သူတွေ တစ်ဦးချင်းစီကလည်း ကိုဗစ်စည်းကမ်းချက်တွေကိုလည်း တိတိကျကျ လိုက်နာဖို့နဲ့ အချင်းချင်း အသိပေး၊ သတိပေးနေထိုင်ကြဖို့ လိုပါတယ်။
ကိုဗစ်ကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်မှသာ ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေး အတွက် လုံခြုံဘေးကင်းနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။ ။
သွေး (စစ်ကိုင်း)