Input your search keywords and press Enter.

ကိုဗစ်ကို အချင်းချင်း ကူညီဖေးမှုအားနဲ့ ကာကွယ်ကြစို့

 

သွေး (စစ်ကိုင်း)

ကမ္ဘာပေါ်က လူသန်းပေါင်းများစွာကို ကူးစက်နေတဲ့ ကိုဗစ် ၁၉ ရောဂါဟာ တတိယလှိုင်း အသွင်နဲ့ ဆက်လက် ကူးစက်လာနေပါတယ်။ ဒီ ကပ်ရောဂါဟာ လူသားတွေ အတွက် စီးပွားရေးနဲ့ လူမှုဘဝတွေကိုပါ ထိခိုက်စေရုံသာမက စားနပ်ရိက္ခာ အကျပ်အတည်းကိုပါ ဦးတည်လာစေပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတဝှမ်းလုံးမှာ ကူးစက်ခံရသူ ၁၄၇ သန်းကျော်၊ သေဆုံးသူ ၃ ဒသမ ၁ သန်းကျော်ထိ ရှိလာနေပြီမို့ ပေါ့ဆလို့ လုံးဝမရတဲ့ အခြေအနေပါ။

ကိုဗစ် ဒုတိယလှိုင်းမှာ အမေရိကန်နိုင်ငံနဲ့ ဥရောပတိုက်က နိုင်ငံတွေမှာ ဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး လာရောက်လေ့ရှိတဲ့ ဥရောပတိုက်က အီတလီ၊ စပိန်နိုင်ငံတို့မှာ ခရီးသွား လုပ်ငန်းတွေ ထိခိုက်ခဲ့ရ သလို သေဆုံးမှုတွေလည်း များပြားခဲ့ရတာပါ။ မြန်မာနိုင်ငံကို ကြည့်ရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လလယ်က စ,ပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ခံရမှု အများဆုံး ဖြစ်ခဲ့ရပါတယ်။

ကိုဗစ်ကူးစက်မှုနဲ့ အတူ နောက်ဆက်တွဲ အနေနဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ သိန်းချီပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ကုန်ကြမ်းရရှိမှု ခက်ခဲလာတာ၊ ဝယ်လက်တွေရဲ့ အမှာတွေလည်း လျော့ကျလာတာကြောင့် လက်ခစား စနစ်နဲ့ လည်ပတ်နေရတဲ့ အထည်ချုပ် စက်ရုံတွေ အခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရ ပါတယ်။ အလုပ်သမားတွေသာမက လယ်သမားတွေဟာလည်း သီးနှံရောင်းချဖို့ အခက်အခဲ၊ စျေးကွက်ရဖို့ အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ထွက်ရှိလာတဲ့ သီးနှံတွေ ပုပ်သိုးပျက်စီးမှုလည်း များပြားခဲ့ပါတယ်။ သီးနှံ အနည်းအကျဉ်း ရောင်းချရပေမဲ့ ဈေးကောင်းလည်းမရ၊ ပျက်စီးမှုက, များနေတာကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ဖို့ပါ အခက်တွေ့ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီနှောင်းပိုင်းက စ,လို့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ အရေအတွက် လျော့ကျလာခဲ့တယ် လို့ ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။ တစ်ဖက်ကလည်း အိန္ဒိယနိုင်ငံက မှာယူရရှိခဲ့တဲ့ Covishield ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ လထဲမှာ စတင်နိုင်ခဲ့တာပါ။ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံ အတွက် ထပ်မံ မှာယူထားတယ် လို့လည်း သိရပြီး ဒီဆေးက ၂ ကြိမ်ထိုးနှံရမယ့်ဆေး ဖြစ်တာကြောင့် ပထမအကြိမ် ထိုးနှံပြီးသူတွေ အနေနဲ့ ဒုတိယ အကြိမ် ဆက်လက်ထိုးနှံဖို့ လိုအပ်ပါတယ်။ ထပ်မံ မှာယူထားတဲ့ Covishield ဆေးတွေ လာမယ့် ဇွန်လထဲမှာ ရောက်ရှိဖွယ် ရှိတယ် လို့လည်း သိရပါတယ်။

ဒီလို အခြေအနေကောင်းတွေ ရှိနေတယ် လို့ ဆိုပေမဲ့ ဧပြီလက စ,ပြီး အာရှတိုက်က နိုင်ငံတွေမှာ ရောဂါကူးစက်မှုက တစ်ကျော့ပြန် ပြန်လည် မြင့်မားလာခဲ့ပါတယ်။ ကူးစက်မှုနှုန်း မြင့်မားနေတဲ့ နိုင်ငံတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေပါ။

ကိုဗစ် ၁၉ ကူးစက်ပိုးဟာ မျိုးဗီဇပြောင်း ပြောင်းလာသလို ကူးစက်မြန်ဆန်မှုကလည်း အရင်ကထက် ပိုမိုမြန်ဆန်နေတာ တွေ့ရပါတယ်။ အရင်က တွေ့ရတဲ့ ရောဂါကူးစက်ခံရမှု လက္ခဏာတွေက ဖျားနာတာ၊ ချောင်းဆိုးတာ၊ ကြွက်သားတွေ နာကျင် ကိုက်ခဲတာ၊ အနံ့ပျောက်တာတွေ ဖြစ်ပေမဲ့ မျိုးဗီဇပြောင်း ကိုဗစ်ကူးစက်ပိုးရဲ့ လက္ခဏာတွေက မျက်မှေးယောင်ရမ်းတာ၊ ဝမ်းလျှောတာ၊ ခေါင်းကိုက်တာ၊ အရေပြား ယားယံတာ၊ ခြေချောင်းလက်ချောင်းတွေ ယောင်ယမ်းတာအထိ ပိုမိုပြင်းထန် လာပါတယ်။ ဒါကြောင့် ကိုဗစ်ကို လုံးဝ မပေါ့ဆပါနဲ့ လို့ သတိပေးလိုက်ရတာပါ။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ထိန်းချုပ်လို့ မရနိုင်လောက်တဲ့ အထိ ဖြစ်လာနေပြီး အသေအပျောက်နှုန်း လည်း နေ့စဉ်တိုးလာနေပါတယ်။ ဧပြီ ၂၇ နဲ့ ၂၈ ရက်ကြား ၂၄ နာရီအတွင်းမှာပဲ ရောဂါကူးစက်ခံရသူ ၃ သိန်း ၆ သောင်း ကျော် ရှိလို့ တုန်လှုပ်စရာကောင်းတဲ့ ကိန်းဂဏန်းပါ။ ကူးစက်မှုများပြားတာနဲ့ အမျှ သေဆုံးသူ အရေအတွက်ကလည်း ၂၄ နာရီအတွင်း လူပေါင်း ၃၃၀၀ ကျော်ရှိခဲ့ပါတယ်။

ဒီလို ဖြစ်ရတာရဲ့ အကြောင်းရင်းက ဘာသာရေးဆိုင်ရာ ပွဲတော်တွေမှာ လူစုလူဝေးပြုလုပ်မှုကို ထိထိရောက်ရောက် ထိန်းချုပ်မှု မရှိတာကြောင့် လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဆေးရုံတွေမှာ လူနာကုတင်တွေနဲ့ ပြည့်ကျပ်နေသလို အသက်ရှူကိရိယာ လုံလုံလောက်လောက် မရှိမှုနဲ့ပါ တွေ့ကြုံနေရတာကြောင့်လည်း သေဆုံးမှုကို မထိန်းနိုင်တာပါ။ ဒီလို အခြေအနေမှာ အမေရိကန်နဲ့ ဗြိတိန် အစိုးရတွေက ကျန်းမာရေးပစ္စည်း ကိရိယာတွေ ပေးပို့ လှူဒါန်းနေကြပေမဲ့ ကူးစက်မှုကို သိသာစွာ မထိန်းချုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒီအတိုင်းသာ ဆက်လက်ပြီး ကူးစက်မှု များပြား မြန်ဆန်နေမယ် ဆိုရင် အိန္ဒိယရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပြိုလဲမှာကိုပါ စိုးရိမ်နေကြပါတယ်။

အိန္ဒိယကို သွားရောက်ခဲ့သူတွေ မြန်မာနိုင်ငံ ပြန်လာရင် ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ အနေအထား ရှိတာကြောင့် အထူးကြပ်မတ်ဖို့ လိုပါတယ်။ ကိုဗစ်‌ကြောင့် ထိခိုက်ရမှုတေွ ပြန်ကုစားဖို့ ကြိုးစားရဦးမယ့် အချိန်မှာ ကူးစက်မှု များပြား မလာအောင် အထူးသတိပြုရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာတော့ သိပ်မကြာသေးမီကပဲ မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ကိုဗစ်ကူးစက်ခံရသူတွေ ရှိခဲ့ပါတယ်။ ဧပြီ ၂၄ နဲ့ ၂၅ ရက် အတွင်း မြန်မာနိုင်ငံ အတွင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၁၀ ဦးရှိခဲ့ပြီး သေဆုံးသူက ၁ ဦးပါ။ ဧပြီ ၂၆ နဲ့ ၂၇ ရက် အတွင်း ကိုဗစ်ကူးစက်ခံ လူနာသစ် ၃၈ ဦး တွေ့ရှိတယ် လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကိုဗစ် စ,တင် ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်ကနေ ၂၀၂၁ ဧပြီလ အထိ သေဆုံးသူ ၃၂၀၀ ကျော်ထိ ရှိသွားပါပြီ။

မျိုးဗီဇပြောင်း ကိုဗစ်ပိုးဟာ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံ ၁၇ နိုင်ငံမှာ တွေ့ ရှိထားတယ် လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဆိုပါတယ်။ B 16 17 ကိုဗစ် ဗီဇပြောင်းပိုးကို အိန္ဒိယနိုင်ငံမှာ ၂၀၂၀ ဒီဇင်ဘာ ကတည်းက စမ်းသပ်တေွ့ရှိခဲ့တာ လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဧပြီ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကိုဗစ်တတိယလှိုင်း ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် အထူးဂရုပြုကြဖို့ နှိုးဆော်ထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေ ရရှိနေပြီ ဆိုပေမဲ့ ပြည့်စုံလုံလောက်တဲ့ ဆေးထိုးနှံ ကာကွယ်မှုတေွ မရရှိသေးချိန်မှာ ပိုပြီး အလေးအနက်ထားရမှာက ကူးစက်မှု မခံရအောင် တစ်ဦးချင်းစီကိုယ်တိုင် ကာကွယ်ကြဖို့ ဖြစ်ပါတယ်။ ကိုဗစ် ၁၉ ရောဂါကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရသလို တစ်ယောက်ချင်းစီ အနေနဲ့လည်း ကိုဗစ်စည်းကမ်းချက်တွေကို စွဲမြဲစွာ လိုက်နာရမှာပါ။

စိတ်မကောင်းစရာ မြင်တွေ့နေရတာက ပြည်သူတွေကြား ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းလာတဲ့ အချက်ပါ။ ကိုဗစ်ရောဂါ စမ်းသပ်, စစ်ဆေး, ရှာဖွေမှုကြောင့် ကူးစက်ရောဂါခံရတဲ့ လူနာ လျော့နည်းလာတာဟာ တကယ်တော့ ကိုဗစ်ရောဂါပိုး ပျောက်ကွယ်သွားတာ မဟုတ်ပါ။ ရောဂါကူးစက်မှု ရပ်တန့်သွားတာလည်း မဟုတ်ပါ။ ဒီအချက်ကို ရှင်းရှင်းလင်း နားလည်ထားဖို့ လိုပါတယ်။ ဘယ်နေရာ၊ ဘယ်သူ့ဆီမှာ ကိုဗစ်ပိုး ရှိနေသလဲ ဆိုတာ မသိနိုင်သလို စမ်းသပ် ရှာဖွေမှသာ ပိုး ရှိ/မရှိ သိရတဲ့ အနေအထားမှာ ကိုယ်ပိုင် အသိ၊ ကိုယ်တိုင် သတိနဲ့ သွားလာ နေထိုင်ရမှာပါ။

အခုဆိုရင် လမ်းပေါ်မှာ၊ ဘတ်စကားပေါ်မှာ၊ ဈေးထဲမှာ စတဲ့ လူအများ စုဆုံတဲ့ နေရာတွေမှာ နှာခေါင်းစည်း မတပ်ဘဲ သွားလာနေသူတွေ များလာနေပြီး နှာခေါင်းစည်းတပ်သူ နည်းပါးလာတာ တွေ့ရပါတယ်။ ပြီးတော့ အရင်က ဘတ်စကား မှတ်တိုင်နဲ့ နေရာ အတော်များများမှာ လက်ဆေးဘေစင်နဲ့ ဆပ်ပြာတွေ၊ လက်ဆေးရည်တွေ တွေ့ခဲ့, သုံးခဲ့ပေမဲ့ အခုအခါမှာတော့ ဒါတွေ မရှိတော့သလောက် ဖြစ်သွားပါပြီ။

အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်မှုက ဘယ်နေရာ သွားသွား၊ ခဏတဖြုတ်လေးပဲ ဖြစ်ပါစေ…, နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့ ဖြစ်ပါတယ်။ နောက်ပြီး သွားလေရာ လက်သန့်ဆေးရည်ဘူးလေးတွေ ဆောင်ထားဖို့၊ ဘတ်စ်ကားက အဆင်းမှာ, ဒါမှမဟုတ် တစ်ခုခုကို ကိုင်ထားပြီးရင် လက်ကို ဆေးဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ အတွက် Social Distancing ကိုပါ လိုက်နာဖို့ လိုပါတယ်။ ရောဂါကူးစက်မှု မဖြစ်ပွားအောင် တစ်ဦးချင်းကိုယ်စီရဲ့ စည်းကမ်းလိုက်နာမှု ဟာ လူ့အဖွဲ့အစည်းကိုပါ ကောင်းကျိုး ဖြစ်ထွန်းစေမှာပါ။

နောက်တစ်ခုက လုံလောက်တဲ့ အာဟာရ ပြည့်ဝအောင် စားသောက်ဖို့၊ အိပ်ရေး ဝ,အောင် အိပ်ဖို့၊ ရေများများ သောက်ဖို့ လည်း လိုပါတယ်။ အချိုရည်တွေထက် ရိုးရိုးရေ၊ သန့်ရှင်းတဲ့ရေကို အားပြုသောက်သုံးသင့်ပါတယ်။ နေ့စဉ်စားသုံးမှု ပုံစံမှာလည်း ပြုပြင်စီမံထားတဲ့ အစားအသောက်တွေ၊ ရက်ရှည်ကြာ ထုပ်ပိုးထားတဲ့ အစားအသောက်တွေ မစားဘဲ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါး စတဲ့ လတ်ဆတ်တဲ့ အစားအစားတွေကို စားသုံးသင့်ပါတယ်။ ရောဂါပိုးတွေ့ရှိသူတွေ အပေါ် အပြစ်မတင်ဘဲ ကိုယ်ချင်းစာတရားနဲ့ ဖေးမဖို့လည်း မမေ့သင့်ပါဘူး။

ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ စိတ်ဓာတ်ခွန်အားလည်း အရေးပါတာကြောင့် ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် စိတ်ခွန်အားကို မြှင့်ထားပြီး ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရမှာပါ။ လူတိုင်း သိထားသင့်တဲ့ ကျန်းမာရေး ဆိုင်ရာ လိုက်နာရမယ့် အချက်အလက်တွေ၊ စောင့်ထိန်းရမယ့် စည်းကမ်းတွေ၊ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ ဗဟုသုတတွေကို တခြားသူတွေ သိအောင် ပြောပြပေး မျှဝေပေးပါ။ ‘ကုသခြင်း’ ထက် ‘ကာကွယ်ခြင်း’ က ပိုကောင်းတယ် ဆိုတဲ့ စကားလိုပဲ ကိုဗစ်ကပ်ရောဂါကို ပြည်သူတို့ရဲ့ အသိအား၊ သတိအားနဲ့ အချင်းချင်း ကူညီဖေးမှုအားတွေ ပေါင်းစည်းပြီး ကျော်လွှားကြဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။          ။