Input your search keywords and press Enter.

ရာသီဉတုပြောင်းလဲမှုနဲ့ ကိုဗစ် ၁၉ ဘယ်လို ဆက်စပ်နေသလဲ

သွေး (စစ်ကိုင်း)

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါတွေ့ရှိခဲ့မှုက ၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်သလို ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ ဆက်လက် ကြိုးစားရဦးမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကလည်း ကိုဗစ်ရောဂါဟာ ကမ္ဘာမြေပေါ်က ချက်ချင်း ပျောက်ကွယ်သွားမှာ မဟုတ်သေးဘဲ ယှဉ်တွဲနေထိုင်နိုင်ဖို့ ကြိုးစားရဦးမယ်လို့ သတိ‌ပေးထားပါတယ်။ ဒါကြောင့် ပေါ့ပေါ့ဆဆ သဘောမထားဘဲ ရောဂါကူးစက်မှု မရှိအောင် နေထိုင်သွားဖို့လည်း အထူးပဲ အ‌ရေးကြီးနေပါပြီ။

လူ့အသက်များစွာ ဆုံးရှုံးရမှု၊ စီးပွားရေးနဲ့ လူမှုရေးတွေပါ ထိခိုက်မှု ကြီးမားလှတဲ့ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းကို အခုထိ တိတိကျကျ မပြောနိုင်သေးပါဘဲ တရုတ်နိုင်ငံ ဝူဟန်မြို့က ပင်လယ်စာ ရောင်းချတဲ့ ဈေးတစ်ခုကနေ စ,တင်ခဲ့ဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်းမှုတေွသာ ထွက်ပေါ်လာတာပဲ ရှိပါတယ်။ သို့ပေမဲ့ အတိအကျ ပြောဆိုဖို့ ခဲယဉ်းနေပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သေချာတဲ့ အချက်တစ်ခုကတော့ ရှားပါးသားရဲ တိရစ္ဆာန်တွေ ရောင်းဝယ် ဖောက်ကားမှု၊ ရာသီဉတုဖောက်ပြန်မှုတွေနဲ့ ကိုဗစ် ၁၉ ရောဂါ ဆက်စပ်နေတယ် ဆိုတဲ့ အချက်ပါပဲ။

မြန်မာနိုင်ငံဟာ ရာသီဉတုဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို မိုင်းလားဒေသမှာ ရှားပါး သားရဲ တိရစ္ဆာန်ရောင်းဝယ်မှုတွေလည်း ရှိနေပါတယ်။ မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သင်းခွေချပ်တွေ ရောင်းဝယ်မှုတွေဟာ ရန်ကုန်၊ တာချီလိတ်၊ မန္တလေး၊ မိုင်းလားတို့မှာ ရှိနေတယ် လို့ သိရပါတယ်။

အဲဒီလို ရောင်းချနေမှုဟာ တရုတ်နိုင်ငံကို ရောင်းချနေတာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအရ ကာကွယ်ပေးထားတဲ့ တောရိုင်းတိရစ္ဆာန်ထဲမှာ သင်းခွေချပ် ပါဝင်ပါတယ်။ ကိုဗစ် ၁၉ ရောဂါပိုးဟာ လင်းနို့တွေကနေ ကူးစက်တာလို့ ယူဆတဲ့သူတေွ ရှိသလို သင်းခွေချပ် ကနေတဆင့် လူကို ကူးစက်တာလို့ ယူဆသူတွေလည်း ရှိပါတယ်။

စတင်ဖြစ်ပွားချိန်ကနေ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးရသူ အရေအတွက်ဟာ ၂ သန်းကျော်ထိ ရှိတဲ့အတွက် အတော်လေးများပြား ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းအထိပဲ ဖြစ်ပွားခဲ့ပေမဲ့ တချို့နိုင်ငံမှာ တတိယလှိုင်းအထိ ဖြစ်ပွားနေပြီ ဖြစ်လို့ တတိယလှိုင်း မဖြစ်အောင် ကာကွယ်ရေးကို ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

ကိုဗစ်မတိုင်မီက ဖြစ်ပွားခဲ့တဲ့ ‘ဆားစ်ရောဂါ’ ဟာ လင်းနို့ကနေ စ,တင်ဖြစ်ပွားခဲ့တာလို့ ၂၀၁၈ ခုနှစ် မေလမှာ ပညာရှင်တွေက အတည်ပြုနိုင်ခဲ့ပါတယ်။ ကိုဗစ်ရောဂါဟာလည်း လင်းနို့မျိုးစိတ် တစ်မျိုးကနေ စတင်ဖြစ်ပွားတယ် လို့ ယူဆတဲ့ ပညာရှင်တွေလည်း ရှိနေပြီး ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံမှာ တွေ့ခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ တူညီတယ် လို့ ဆိုကြပါတယ်။

သစ်တောပြုန်းတီးမှု၊ သစ်တောတွေကို စိုက်ပျိုးမြေနဲ့ အခြားစီမံကိန်းတွေ အတွက် ခုတ်ထွင် အသုံးချမှုကလည်း ကိုဗစ် ၁၉ ကပ်ရောဂါကို ပိုမို ကူးစက်စေနိုင်တယ် လို့ ပညာရှင်တွေက ထောက်ပြကြတာလည်း ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သစ်တောပြုန်းတီးမှုတေွ များပြားလာတာနဲ့ အမျှ တောရိုင်းတိရစ္ဆာန်တွေ အတွက် ရှင်သန်နေထိုင်စရာ ရှားပါးလာလို့ပါ။ အဲဒီလို ရှားပါးလာတဲ့ အခါ တောရိုင်းတိရစ္ဆာန်တွေဟာ သူတို့ရဲ့ ရှင်သန်မှု အတွက် လူသားတွေနဲ့ နီးကပ်တဲ့ နေရာတွေကို လာရောက်မှီခို လာကြရပါတယ်။ လူသားတွေနဲ့ နီးကပ်လာတာနဲ့ အမျှ တိရစ္ဆာန်တွေက တဆင့် ကူးစက်တဲ့ ရောဂါတွေ ပိုဖြစ်ပွားလာနိုင်လို့ ပါပဲ။ အင်ဒိုဘားမား သမပိုင်းဇုန်မိုးသစ်တောတွေထဲမှာ မြန်မာနိုင်ငံက သဘာဝပေါက်ပင်သစ်တောက သုံးပုံ တစ်ပုံထိ ပါဝင်နေပါတယ်။

ဒါပေမဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFO) အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ်နှစ်တိုင်း သစ်တော ဧရိယာ ဟက်တာ (၅,၄၆၀,၀၀၀) အထိ ခုတ်လှဲဆုံးရှုံးခဲ့တယ် လို့ ဆိုပါတယ်။ ရာသီဉတုပြောင်းလဲမှုဟာ သစ်တောပြုန်းတီးမှု နဲ့ ဆက်စပ်နေသလို… သားရိုင်းတိရစ္ဆာန်တွေအတွက် မှီခိုနေထိုင် ရှင်သန်ရေးနဲ့ပါ ဆက်စပ်နေပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုလည်း ထပ်ဆင့်လာတာပါ။ ဒါကြောင့် အနာဂတ်မှာ ဂေဟစနစ် ပျက်စီးမှု နည်းပါး သက်သာစေရေး သစ်တောတွေကို ပြန်လည် စိုက်ပျိုးဖို့ အစီအစဉ်ကောင်းတွေ ချမှတ်ဖို့၊ ရှားပါးတဲ့ သားရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်နိုင်ဖို့ ဆိုတာတွေကို တိတိကျကျ စီစဉ်လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ပေးခြင်းဟာ ကိုဗစ် ၁၉ ကဲ့သို့သော ကူးစက်မြန်ကပ်ရောဂါကိုလည်း တားဆီးကာကွယ်ပြီးသား ဖြစ်မှာပါ။

အလျဉ်းသင့်လို့ ဂေဟစနစ်နဲ့ ဆက်စပ်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုကို ဘယ်လို တားဆီးနိုင်မလဲ ဆိုတာ ဆက်ပြီး တင်ပြချင်ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားလာမှုကြောင့် ကမ္ဘာ့သမိုင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း အပူချိန် အမြင့်မားဆုံးလ အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလကို မှတ်တမ်းတင်ခဲ့ရ ပါတယ်။ ကုန်းမြေရော၊ ပင်လယ်မှာပါ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ စုပ်ယူမှု လျော့ကျလာတဲ့ အတွက် ဖန်လုံအိမ် ဓာတ်ငွေ့ ပိုမိုမြင့်တက်လာခဲ့ရတာပါ။ ဒီလို ဖန်လုံအိမ်ဓာတ်ငွေ့များပြားလာတာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူပြီး လူသားနဲ့ သက်ရှိတွေ အတွက် အရေးကြီးတဲ့ အောက်စီဂျင်ဓာတ်ငွေ့ ပြန်လည် ထုတ်ပေးတဲ့ သစ်ပင်သစ်တောတွေ နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ ကျမတို့ တစ်ဦးချင်း အနေနဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျအောင် လုပ်ဆောင်သွားနိုင်တာတွေတော့ ရှိပါတယ်။ တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့ အခါ တတ်နိုင်သမျှ ကိုယ်ပိုင်ကား အသုံးပြုတာကို ရှောင်သင့်ပါတယ်။ မော်တော်ကား အများစုဟာ ရုပ်ကြွင်းလောင်ဖြစ်တဲ့ ရေနံကို အခြေခံတဲ့ ဒီဇယ်သုံး၊ ဓာတ်ဆီသုံးတွေ ဖြစ်တာကြောင့် ကာဗွန် ထုတ်လုပ်မှု ဖြစ်စေတာကြောင့်ပါ။ ဒါကြောင့် သိပ်မဝေးတဲ့ နေရာတေွဆို လမ်းလျှောက်သွားတာ၊ ဒါမှမဟုတ် စက်ဘီး စီးသွားတာက ကျန်းမာရေး အတွက်လည်း ပိုအဆင်ပြေပါတယ်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဆိုရင် စက်ဘီးကို အသုံးပြု သွားလာသူတွေ များပါတယ်။

ပြီးတော့ အဲကွန်းခေါ် လေအေးပေးစက်တွေကိုလည်း တတ်နိုင်သမျှ လျှော့ချအသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လေအေးပေးစက်မှာ အသုံးပြုတဲ့ အအေးပေးဓာတုဒြပ်ပစ္စည်းတွေ ဖြစ်တဲ့ ကလိုရိုဖလူရိုကာဗွန် (CFC)၊ ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFC)၊ ဘရိုမိုကလိုရိုမီသိန်း (CH2BrCl)၊ ဟေလွန်နဲ့ ကာဗွန်တက်ထရာ ကလိုရိုဒ် (CCl4) စတဲ့ ဓာတ်ငွေ့များ ပါဝင်ပြီး သူတို့က ကမ္ဘာမြေကို အကာအကွယ် ပေးနေတဲ့ အိုဇုန်းလွှာကိုပါ ပါးလွှာပျက်စီးစေနိုင်တဲ့ အထိ ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။

နောက်ပြီး ရေအရင်းအမြစ်တွေကိုလည်း တတ်နိုင်သမျှ ချွေတာအသုံးပြုဖို့လည်း လိုအပ်ပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတဲ့ လူဦးရေဟာ ကမ္ဘာပေါ်မှာ သန်းချီ ရှိနေပါတယ်။ ရေအရင်းမြစ်တွေ ရှားပါးလာတာနဲ့ အမျှ လူသားတွေသာမက သားရဲ တိရစ္ဆာန်တွေပါ နေထိုင်ရှင်သန်ရေး အခက်ကြုံလာနိုင်ပြီး ကပ်ရောဂါတွေ ပိုမိုဖြစ်လာစေနိုင်ပါတယ်။ အိမ်မှာသုံးတဲ့ ရေပိုက်ခေါင်းတွေကို အသုံးပြုပြီး ချက်ချင်းပြန်ပိတ်တာ၊ ‌ရေပြုန်တီးမှု မရှိအောင်ဂရုစိုက်တာတွေ လုပ်ဆောင်ရမှာပါ။

ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုမှာ ဆင်းရဲတဲ့ နိုင်ငံတွေ၊ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေး စီမံခန့်ခွဲမှု အားနည်းတဲ့ နိုင်ငံတွေမှာ ကျန်းမာရေး စနစ်ပြိုလဲတဲ့ အထိ ဖြစ်ခဲ့ရတာကို သင်ခန်းစာ ယူရမှာပါ။ ယီမင်နိုင်ငံမှာ ၂၀၁၁ နှစ်ကတည်းက စ,တင်ခဲ့တဲ့ နိုင်ငံမတည်ငြိမ်မှုကြောင့် ပြည်သူတွေဟာ ငတ်မွတ်မှုဘေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ယီမင်နိုင်ငံက ကလေးငယ် သန်းချီပြီး အာဟာရချို့တဲ့မှု ခံစားရချိန်မှာပဲ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံတစ်ခု အတွက် ‘ဘူးလေးရာ ဖရုံဆင့်’ လာတဲ့ ဖြစ်ရပ်ပါ။ စစ်ရဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးနိုင်ခဲ့ဘဲ ကိုဗစ် ၁၉ ကူးစက်မှု အလျင်အမြန် ကူးစက်ခံခဲ့ရတာပါ။ ရောဂါကူးစက်ခံရသူပေါင်း ၄၃၅၇ ယောက် ရှိခဲ့ပြီး ၈၈၈ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိသူ ၁၁၀ နဲ့ သေဆုံးသူ ၆ ယောက်ရှိခဲ့တာကြောင့် ရောဂါဖြစ်ပွားသူ အရေအတွက်ဟာ အခုကိန်းဂဏန်းတွေထက် ပိုမိုများပြားနိုင်တယ် လို့ လေ့လာသူတေွက ခန့်မှန်းပါတယ်။

နောက်ထပ် ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲခဲ့ရတဲ့ နိုင်ငံ တစ်ခုကတော့ အီကွေဒေါနိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ အီကွေဒေါမှာ ရောဂါကူးစက်ခံရသူ ၃ သိန်း ၃ သောင်း နီးပါးရှိပြီး၊ သေဆုံးသူပေါင်းက ၁၆,၇၈၀ ရှိပါတယ်။ ဆေးရုံတွေက ဆရာဝန်တွေဟာ အခုထိ ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပါ။

ဒါကြောင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေး တစ်ခုတည်း အားကိုးနေရုံနဲ့ မလုံလောက်ဘဲ လက်ရှိမှာရော နောင်အနာဂတ်ကာလတွေ အထိ အကျိုးကျေးဇူးရစေမယ့် အစီအမံတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကျန်းမာရေး အတွက် ကောင်းမွန်ထိရောက်တဲ့ အစီအမံတေွ ရှိဖို့၊ ရာသီဥတုဖောက်ပြန်မှုကို လျှော့ချ ကုစားနိုင်မယ့် အစီအမံတွေ ရှိဖို့တွေလည်း ပါဝင်ပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာနေပြီလို့ ဆိုပေမဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပေါ့ဆ,လို့ မရသေးတာ ထင်ရှားပါတယ်။ အပြင်သွားတိုင်း နှာခေါင်းစည်း တပ်ဖို့၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့တွေ ဆက်လက် လိုက်နာဆောင်ရွက်သွားရမှာပါ။

တစ်ဖက်က ကိုဗစ် ၁၉ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာ ကျင့်သုံးမယ်၊ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်၊ ဂေဟစနစ် ပြန်လည် ကောင်းမွန်လာရေး သစ်ပင်သစ်တောတွေ ပြန်လည် စိုက်ပျိုးမယ်၊ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်မယ် ဆိုရင် ကိုဗစ် ၁၉ ကပ်ရောဂါ အပါအဝင် အခြားကပ်ရောဂါတွေ ထပ်မံ မဖြစ်ပွားဖို့ ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။      ။