Input your search keywords and press Enter.

ကိုဗစ်စည်းကမ်းချက်တွေကို ဘာကြောင့် လိုက်နာသင့်သလဲ

 

သွေး (စစ်ကိုင်း)

ကိုဗစ် – ၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေး ပေါ်ပေါက်နေပြီ ဆိုပေမဲ့လည်း ရောဂါ ကူးစက်မှုက ကမ္ဘာတဝှမ်းမှာ ရပ်တန့်သွားခြင်း မရှိသေးဘဲ ဗီဇပြောင်း အဖြစ်နဲ့ပါ ရှိနေပါတယ်။ တစ်နည်းအားဖြင့် ကိုဗစ်ဝန်းကျင်သစ် တစ်ခုကို ရောက်လာတဲ့ သဘောလို့လည်း ယူဆနိုင်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှု လျှော့ချဖို့ အတွက်ရော…၊ ကာကွယ်ဖို့ အတွက်ပါ သတိပြု ပြုမူနေထိုင်သွားရမှာပါ။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အဟန့်အတားကြီး ဖြစ်တဲ့ ကိုဗစ် – ၁၉ ရောဂါကို ကျော်လွှားနိုင်မှသာ လူမှုဘဝ ထိခိုက်မှုတွေပါ သက်သာနိုင်မှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ လူဦးရေများပြားတဲ့ နိုင်ငံလည်း ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဧပြီလအတွင်း ကိုဗစ်ကူးစက်ခံရသူ အရေအတွက် သိသိသာသာ များပြားလာတာ တေွ့ရပါတယ်။ ဥပမာအားဖြင့် ဧပြီ ၅ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်ကူးစက်ခံရသူ ၁ သိန်းကျော်ထိ ရှိခဲ့တာ တွေ့ရလို့ များပြားလွန်းတဲ့ ပမာဏပါ။ ကူးစက်မှု အများဆုံး ပြည်နယ်က “မဟာရက်ရှ်ထရာပြည်နယ်” ဖြစ်ပြီး လက်ရှိအချိန်မှာတော့ “လော့ခ်ဒေါင်း” စည်းကမ်းသတ်မှတ်ချက် ချထားပါတယ်။

ဒီနေရာမှာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အချက်ကတော့ ရောဂါထိန်းချုပ်ဖို့ အတွက် ချမှတ်လိုက်တဲ့ “လော့ခ်ဒေါင်း” အစီအမံတွေက အမှန်တကယ် ထိရောက်မှု ရှိပါရဲ့လား ဆိုတာပါပဲ။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ လော့ခ်ဒေါင်းချမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အတွင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပါပြီ။ မြို့ကြီးတေွမှာ အလုပ်, လုပ်နေတဲ့ အလုပ်သမား သန်းချီပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို သူတို့ရဲ့ နေ့စဉ်ဘဝ ရပ်တည်ရှင်သန်ရေး ခက်ခဲလာတဲ့ အတွက် ဇာတိမြို့တွေဆီ လမ်းလျှောက်ပြန်ခဲ့ရသူတေွ ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ ကိုဗစ်ကူးစက်ခံရသူ ၁၃ ဒသမ ၉ သန်းရှိပြီး သေဆုံးသူပေါင်း ၁ သိန်း ၇ သောင်းကျော် ရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို တခြားနိုင်ငံတွေဆီ ပို့ဆောင်ပေးနေတဲ့ အိန္ဒိယမှာ ရောဂါကူးစက်ခံရသူ ဘာကြောင့် များပြားနေရသလဲ ဆိုတာကလည်း စဉ်းစားစရာပါ။ ပညာရှင်တွေဘက်က ထောက်ပြတာ တစ်ခုက လူစုလူဝေးတွေ ပြုလုပ်မှု ကြောင့် လို့ ဆိုပါတယ်။

အိန္ဒိယ ကျန်းမာရေး ဝန်ကြီးကတော့ နှာခေါင်းစည်း မတပ်ဆင်ကြတာနဲ့ Social Distancing ကို မလိုက်နာကြတာကြောင့် ကူးစက်မှုတွေ ပိုတိုးလာရတာ ဖြစ်တယ် လို့ ပြောကြားပါတယ်။ ဧပြီလ ၁၀ ရက်နေ့အထိ ကာကွယ်ဆေးထိုးရမဲ့ အကြိမ်အရေ အတွက် အတိုင်း ကာကွယ်ဆေး ထိုးပြီးသူပေါင်း ၁၂,၇၀၉,၁၈၆ ဦးရှိပြီး ကာကွယ်ဆေး တစ်ကြိမ်ပဲ ထိုးပြီးသူပေါင်းက ၈၈,၈၈၅,၉၆၁ ဦးရှိပါတယ်။

ဒီအချက်ကို လေ့လာခြင်းအားဖြင့် အိန္ဒိယမှာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ ကာကွယ်ဆေး ထိုးနှံမှု မလုပ်ဆောင်နိုင်သေးတာ တွေ့ရပါတယ်။ ထိုးရမယ့် အကြိမ်အရေအတွက် အတိုင်း ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုဟာ နိုင်ငံလူဦးရေရဲ့ သုညဒသမ ၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမှာ လူထုရဲ့ စည်းကမ်းလိုက်နာမှုက ကာကွယ်ဆေးထိုးနှံမှုထက် ပိုမိုအရေးကြီးတယ်ဆိုတာ အိန္ဒိယရဲ့ ဖြစ်စဉ်က သက်သေပြနေပါတယ်။

တစ်ခါ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သွားရောက် အလုပ်,လုပ်ကိုင်နေကြရတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့်ရင် လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အရေအတွက် ပြန်လည်မြင့်တက်လာနေတာ တွေ့ရပါတယ်။ အထူးသဖြင့် အခုတွေ့ရှိရတဲ့ ကိုဗစ် B 1.1.7 အမျိုးအစားဟာ ကူးစက်မှု ၁ ဒသမ ၇ ဆထိ ပိုမိုမြန်ဆန်ပြီး ဧပြီလ အစောပိုင်းမှာ တွေ့ရှိခဲ့တယ် လို့ သိရပါတယ်။ ဧပြီ ၁၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ကူးစက်ခံရသူပေါင်း ၉၆၅ ယောက် ရှိခဲ့ပြီး အများစုက ပြည်တွင်းကူးစက်မှုတွေပါ။

ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေမှာ ကိုဗစ်ကန့်သတ်ချက်တွေ ချမှတ် လုပ်ဆောင်ဖို့ စီစဉ်နေကြ ပါပြီ။ ထိုင်းအစိုးရ အနေနဲ့ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်လာမှာကိုပါ စိုးရိမ်နေသလို ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်သူတွေ မရှိဖို့ အတွက်ပါ အထူးကြပ်မတ် လုပ်ဆောင်နေတာ တေွ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် နိုင်ငံစီးပွားရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိနေသလဲ ဆိုတာ ဆက်လက် လေ့လာကြည့်ရအောင်ပါ။ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းတွေ တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်တက် လာနေသလို အစိုးရရဲ့ ဝင်ငွေပိုင်းမှာပါ ကြီးကြီးမားမား ထိခိုက်လာနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာလည်း ပြိုလဲလုနီးပါး ဖြစ်ခဲ့ရပြီး စီးပွားရေးတိုးတက်မှုနှုန်းလည်း ကျဆင်းသွားပြီး နိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှု အဆိုးဝါးဆုံး အနေအထားထိ ရောက်ရှိသွားပါတယ်။

၂၀၂၀ ခုနှစ် မတ်လမှာ အလုပ်လက်မဲ့နှုန်းက ၆ ဒသမ ၇ ရာခိုင်နှုန်းကနေ ဧပြီလမှာတော့ ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားတာ တွေ့ရပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစေားတွေရဲ့ ဘဝ ရှင်သန်နေထိုင် ရပ်တည်မှုကို အများကြီး ထိခိုက်စေခဲ့ပြီး “အစားအစာ လုံခြုံမှု” နဲ့ပါ အလှမ်းဝေးသွားစေခဲ့ပါတယ်။

လော့ခ်ဒေါင်း စည်းကမ်းချက်တွေ ချမှတ် လုပ်ဆောင်တာဟာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရေး အတွက် အမှန်တကယ် အလုပ်ဖြစ်သလး ဆိုတဲ့ မေးခွန်းတွေပါ ပေါ်ထွက်လာစေပါတယ်။

ကိုဗစ် ၁၉ ကြောင့် အိန္ဒိယနိုင်ငံလိုပဲ ထိုင်းနိုင်ငံရဲ့ စီးပွးရေးကိုလည်း ကြီးမားတဲ့ သက်ရောက်မှု ရှိစေခဲ့တာ တွေ့ရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတေွ ဖြစ်ခဲ့ရသလို လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်ဝင်ငွေရရှိမှုကို လည်း ထိခိုက်ခဲ့ရပါတယ်။ ခရီးသွားလုပ်ငန်းက ရရှိတဲ့ ဝင်ငွေဟာ နိုင်ငံ့ဂျီဒီပီရဲ့ ၁၅ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပေမဲ့ ကိုဗစ် ဖြစ်ပွားမှုကြောင့် နောက်ပိုင်းမှာ ကျဆင်းသွားပါတယ်။ ထိုင်းခရီးသွား လုပ်ငန်း ထိခိုက်ခဲ့တာနဲ့ အတူ ပြည်ပကို ကုန်ပစ္စည်း တင်ပို့မှုဟာလည်း ၆ ဒသမ ၃ ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်ဓ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အလုပ်သမားပေါင်း ၈ ဒသမ ၃ သန်း အထိ ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံက ရွှေလီမြို့မှာ ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ လူနာ ၃၂ ယောက် တွေ့ရှိခဲ့ရတယ် ဆိုတဲ့ သတင်းကိုလည်း ဧပြီလ အစောပိုင်းမှာ ဖတ်ရှုခဲ့ရပါတယ်။ ဧပြီလထဲမှာပဲ ကိုဗစ် ၁၉ ကူးစက်မှုဟာ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ နောက်ထပ်လှိုင်းသဖွယ် ဖြစ်ပွားလာတာကြောင့် ရောဂါကူးစက်မှု မခံရအောင် အထူးဂရုစိုက် နေထိုင်ဖို့ လိုအပ်နေပါတယ်။ တစ်ဖက်ကလည်း ရွှေလီမြို့မှာ တရုတ်အစိုးရဘက်က ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေး ထိုးနှံပေးရာမှာ တရုတ်နိုင်ငံထဲမှာ အမြဲနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ထိုးနှံပေးဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကူး စက်ဖြစ်ပွားမှုက ဘယ်အချိန် ပြီးဆုံးသွားမလဲ ဆိုတာ ခန့်မှန်းလို့ မရနိုင်သေးတဲ့ အတွက် ရောဂါကူးစက်ခံရမှု မဖြစ်အောင် စည်းကမ်းတကျနဲ့ အတတ်နိုင်ဆုံး နေထိုင်သွားဖို့ အရေးကြီးပါတယ်။ လက်ရှိ အချိန်မှာ ရောဂါကူးစက်မှု နည်းပါးလာတယ် လို့ ယူဆရပေမဲ့ စိတ်ချရတဲ့ အနေအထားထိ မရောက်ရှိသေးပါ။

ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ အရ ဧပြီလ ၁၁ ရက်နေ့မှာ ကူးစက်ခံရသူ ၁၁ ယောက်ပဲ ရှိတယ် လို့ သိရပါတယ်။ အခုလို ကူးစက်မှုနှုန်း ထိုက်သင့်သလောက် ကျဆင်းလာတဲ့ အတွက် ဧပြီ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ Stay At Home အစီအစဉ်ကို ပယ်ဖျက်ပေးခဲ့တာ တွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေတဲ့ အတွက်ကြောင့် ပြည်သူ တစ်ချင်း တစ်ယောက်ချင်းစီ အနေနဲ့ ကူးစက်ခံရမှု မရှိအောင် အသိရှိရှိ၊ သတိရှိရှိ နေထိုင်သင့်ပါတယ်။ မဖြစ်မနေ လိုက်နာရမှာက အပြင်သွားတဲ့ အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ဖို့ပါ။ နှာခေါင်းစည်း တပ်ဆင်ရင်လည်း အဝတ် Mask တွေကို မသုံးသင့်ဘဲ ခွဲစိတ်ခန်းသုံး Surgical Mask ကို သုံးဖို့နဲ့ သုံးပြီးရင်လည်း စနစ်တကျ စွန့်ပစ်ဖို့ပါ။ နောက်တစ်ချက်က တစ်ဦးနဲ့ တစ်ဦး အနည်းဆုံး ၆ ပေခွာပြီး Social Distancing ကို လိုက်နာဖို့ပါ။ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးရင်လည်း လက်ကို စနစ်တကျ ဆေးကြောပေးဖို့လည်း လိုပါတယ်။

ကာကွယ်ဆေးထိုးနှံမှုတေွ စတင် လုပ်ဆောင်ပေးနေပြီ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုကို ပိုမိုထိန်းချုပ်သွားနိုင်မယ် လို့ မျှော်လင့်ရပါတယ်။ စီးပွားရေး အရ ပြန်လည် ဦးမော့လာဖို့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်လာဖို့ တာဝန်ရှိသူတွေ ဘက်က ဆက်လက်ကြိုးစားသွားရမှာ ဖြစ်သလို ပြည်သူတွေ ဘက်ကလည်း ကိုဗစ် ၁၉ ကင်းစင်တဲ့ အထိ လိုက်နာသင့်တဲ့ အချက်တေွကို လိုက်နာသွားရမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။