Input your search keywords and press Enter.

မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်နှင့် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ လွဲချော်နေပြီလား (Salai Henry Lian)

ဆလိုင်းဟင်နရီလျန်
Chin World Media
April 10, 2021

မြန်မာ့နွေဦးတော်လှန်ရေးသည် ကမ္ဘာတဝှမ်းလုံးရှိ နိုင်ငံရေးခေါင်းဆောင်များက အသိ အမှတ်ပြု၊ ချီးကျူးသည်အထိ အောင်မြင်ခဲ့ချေပြီ။ နိုင်ငံတကာရှိ အထင်ကရ သတင်းစာ၊ စာနယ်ဇင်း၊ ရုပ်မြင်သံကြား အစီအစဥ်၊ မီဒီယာ စသည်တို့ကလည်း  မြန်မာ့ နွေဦးတော်လှန်ရေးအကြောင်းကို အကျယ်တဝင့် ဖော်ပြလျက်ရှိသည်။ ထိုမျှမက ပြည်သူတို့၏ အကြမ်းမဖက်လူထုမနာခံမှု (CDM) လှုပ်ရှားမှုကို ၂၀၂၂ခုနှစ်အတွက် ငြိမ်းချမ်းဆိုင်ရာ နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်း ထားသည်။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် မြန်မာပြည်သူများသည် အောင်လံကိုလွှင့်ထူနိူင်ခဲ့ပြီဟုဆိုလျင် မမှား။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များသည် မြန်မာပြည်သူများအတွက်/နှင့် ရပ်တည်လျက်ရှိ နေသည်မှာ သိသာထင်ရှားလှပါသည်။ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှု့ရေး၊ သံတမန်ရေး အစရှိသည့် နည်းလမ်းပေါင်းမျိုးစုံဖြင့် ပြင်းထန်ထိရောက်မည့် ပိတ်ဆို့မှု့များ ပြုလုပ်လာကြပါသည်။  အာဏာသိမ်း စစ်အုပ်စုတို့ ခြေချစရာ မြေမရှိတော့။ ပြေးပုန်း ရမည့် နေရာရှာတွေ့မည်မဟုတ်။

ထို့အပြင် မြန်မာပြည်သူများ၏ နိုင်ငံရေးမျော်လင့်ချက်နှင့် တောင်းဆိုမှုများကို ဖြည့်ဆည်း ပေးရန် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံများ၊ ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများက ကြေညာချက်များ ထုတ်ပြန်ကြသည်။  ၎င်းကြေညာချက်အသီးသီးတွင် မြန်မာပြည်သူများ၏ ဆန္ဒကိုရှေ့ရှုလျက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော လက်နက်မဲ့ ပြည်သူလူထုအပေါ် အာဏာသိမ်း စစ်အုပ်စု၏ လူ့ကျင့်ဝတ်နှင့် မလျော်ညီသည့် စက်ဆုပ်ဖွယ်ရာလုပ်ရပ်တို့ကို ရှုတ်ချကာ၊ ယင်းအကြမ်းဖက်လုပ်ရပ် တို့ကို ချက်ခြင်းရပ်တန့်ရန် တောင်းဆိုထုတ်ပြန်ထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

သို့ရာတွင် နိုင်ငံတကာမှ အာဏာသိမ်း စစ်အုပ်စု အပေါ်ဖိအားပေးရန် ထုတ်ပြန်ထားသည့် ကြေညာချက်အများစုတွင် မြန်မာပြည်သူတို့၏ လက်ရှိ နိုင်ငံရေးမျော်လင့်ချက်များနှင့် တောင်းဆို မှုများ ပါဝင်ဖော်ပြထားခြင်းမရှိဘဲ မြန်မာပြည်သူလူထု၏ ကနဦး တောင်းဆိုမှုများကိုသာ ထင်ဟပ် နေသည့် ကြေညာချက်များဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။  ၎င်းအချင်းအရာသည် ရည်ရွယ်ချက်ရှိရှိ  အကွက်ချစီစဥ်ထားခြင်းလော (သို့) တစ်စုံတခု လွဲချော်ခြင်းကြောင့်လောဟု စဥ်းစားတွေးတောရမည့် မေးခွန်းတစ်ခုဖြစ်လာပါသည်။

ကနဦးတောင်းဆိုချက်များ
နိုင်ငံတကာမှ ထုတ်ပြန်ထားသည့် ကြေညာချက် အများစုသည် နွေဦးတော်လှန်ရေး အစပြုခဲ့သည့် အချိန်က ပြည်သူတို့တောင်းဆိုခဲ့သည့် အချက် (၃) ချက်ကိုသာ အဓိကထင်ဟပ် စေပါသည်။  ကနဦး၌ နွေဦးတော်လှန်ရေး၏ အဓိကရည်ရွယ်ချက်နှင့် တောင်းဆိုချက် (၃) ချက်ရှိခဲ့သည်။ ၎င်းတို့မှာ ၁။ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ဖမ်းဆီးထားသော နိုင်ငံရေးခေါင်းဆောင်များနှင့်အရပ်သားများကို အမြန်ဆုံး လွတ်ပေးရေး၊ ၂။  ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက် ရွှေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကာ တိုင်းပြည်၏ အာဏာကို အနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ကိုလွှဲအပ်ပေးရေးနှင့် ၃။ အာဏာရှင်စနစ် ကျဆုံးရေး စသည်တို့ကိုတောင်းဆိုခဲ့ကြသည်။

သို့သော် အာဏာသိမ်း စစ်အုပ်စုသည် ပြည်သူတို့၏ တောင်းဆိုချက်များကို လိုက်လျော ပေးခြင်း အလျှင်းမရှိ။ လျစ်လျူရှုထားလျက်နေ၏။  ယနေ့တိုင် အာဏာသိမ်း စစ်အုပ်စုသည် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ ပစ်သတ်လျက် ရှိနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည်ဖြစ်သည်။ နေ့ရက်များ တရွှေ့ရွှေ့ကုန်ဆုံး လာသည်နှင့် အမျှ သေဆုံးသူ လူဦးရေ တိုးမြှင့်လာသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ များပြားလာသည်။ ထိခိုက်ဒဏ်ရာရသူ ပမာဏ တိုးပွားလာသည်။ သို့သော် အာဏာသိမ်း စစ်အုပ်စု၏ စိတ်နေသဘောထားမှာမူ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခြင်းမရှိ။ ပြည်သူတို့၏ တောင်းဆိုမှု တစ်စုံတရာကိုမျှ ယနေ့တိုင် လိုက်လျှော ဖြည့်စည်းပေးခြင်းမရှိချေ။

လက်ရှိပြည်တွင်း တောင်းဆိုချက်များ

စာရှုသူတို့ သတိပြုရမည့်အရာမှာ ပြည်သူတို့သည် မိမိတို့၏ ကနဦး တောင်းဆိုချက်များတွင် တောင်းဆိုချက် အသစ်များကို ထည့်သွင်းလာခြင်းပင်ဖြစ်သည်။ တောင်းဆိုချက် ထပ်တိုးလာခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရလျင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်မည့် အစီအစဥ်နှင့် အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်လိုက်ခြင်းပင် ဖြစ်ပါသည်။

ဤသို့ဖြင့် ယခုဆိုလျှင် ပြည်သူလူထုတရပ်လုံး၏ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက် အနည်းဆုံး (၃) ချက်တိုးလာပါသည်။  ၎င်းတို့မှာ – ၁။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊  ၂။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်တွင်အခြေခံ ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးတိုင်ဖျက်သိမ်းရေး၊  ၃။  ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး စသည်တို့ ဖြစ်ပါသည်။  ၎င်းနိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များနှင့် တောင်းဆိုချက်တို့သည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) မှ မတ်လ (၅) ရက်နေ့တွင် ချမှတ်လိုက်သည့် နိုင်ငံရေး ရည်မှန်းချက်များနှင့် ထပ်တူကြလျက်ရှိသည်။  သို့ရာတွင် “ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးရည်မှန်းချက်ကိုမူ မတ်လ (၅) ရက်နေ့တွင် ချမှတ်လိုက်သည့် CRPH၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်လာခြင်းမရှိခဲ့ပေ။

နိုင်ငံတကာကြေညာချက်များကို သုံးသပ်လေ့လာခြင်း

နိုင်ငံတကာမှ အာဏာသိမ်း စစ်အုပ်စု အပေါ်ဖိအားပေးရန် ထုတ်ပြန်ထားသည့် ကြေညာချက် များကို သုံးသပ်လေ့လာရာတွင် မြန်မာပြည်သူတို့၏ လက်ရှိ နိုင်ငံရေးမျော်လင့်ချက်များနှင့် တောင်းဆို မှုများ ပါဝင်ဖော်ပြထားခြင်းမရှိ။  ချန်လှပ်လျှက်ရှိနေသည်ကို တွေ့မြင်ရပါသည်။ နိုင်ငံတကာ၏ ကြေညာချက် အများစုသည် မြန်မာပြည်သူလူထု၏ ကနဦးတောင်းဆိုမှုများနှင့်သာ ဆက်စပ်လျှက် ရှိနေသည်ကို အောက်ပါအတိုင်းတွေ့မြင်ကြရပါမည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အာဏာသိမ်း စစ်အုပ်စုသည် “… ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆီသို့ ပြန်လှည့်စေမည့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးရန်” လိုအပ်မှုကိုနားလည်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ၎င်းတို့၏ ကြေငြာချက်တွင် ဖော်ပြထားသည်။ ဆက်လက်၍ ဂူတာရက်စ်က “အာဏာသိမ်းမှုမတိုင်မီ အခြေအနေသို့ ပြန်သွားရန် အရေးကြီးကြောင်း” သတင်းထောက်များကိုပြောဆိုခဲ့သည်။ ထိုနည်းတူ မတ်လ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ ကြေညာချက်၌ “… ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန်” တောင်းဆိုထားပါသည်။
အလားတူပင် သောမတ်စ်ဂရင်းဖီးလ်က “ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသော အစိုးရအား ပြန်လည်ထူထောင်ရန်အတွက်” အမေရိကန်အစိုးရက လုပ်ဆောင်မည် ဟု မတ်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။  ဥရောပသမဂ္ဂအဖွဲ့ဝင် ဝန်ကြီးများသည် အာဏာသိမ်း စစ်အုပ်စုအား “… တရား၀င်အရပ်ဖက်အစိုးရကို ပြန်လည်တည်ထောင်ရန် နှင့် အသစ်ရွေးကောက် တင်မြှောက်ထားသော ပါလီမန်ဖွင့်လှစ်ရန် အတွက်”လက်ရှိအကျပ်အတည်းကို ဖယ်ရှားရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

မြန်မာပြည်သူများ၏ မျှော်လင့်ချက်သည် ယခင် ဒီမိုကရေစီအုပ်ချုပ်မှု၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသို့ ပြန်လည်ရောက်ရှိရန် ဖြစ်သည်ဟု အမေရိကန်ပြည်နယ်၏အတွင်းရေးမှူး အန်တိုနီ ဂျေ ဘလင့်ကန် ကလည်း မတ်လ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ သတင်းထုတ်ပြန်ချက်၏ နိဂုံးတွင် အာဏာသိမ်းစစ်အုပ်စုအား “ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရထံသို့ အာဏာ ပြန်လည်လွှဲပြောင်းပေးရန်” အမေရိကန်အစိုးရက ဆက်လက်တောင်းဆိုသွားမည်ဟုဖော်ပြခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ၏ မတ်လ (၂၆) ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း “မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ အစိုးရ အာဏာပြန်လည်ရရှိရေး အတွက်”  ပါဝင်ကူညီ ဆောင်ရွက် ပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိတ်ခေါ်တိုက်တွန်း နှိုးဆော်ထားသည်ကို တွေ့ရ ပါသည်။  ယင်းကဲ့သို့ပင် သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါကလည်း မတ်လ (၂၇) ရက် ကြေညာချက်တွင် “ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန် ” တောင်းဆိုလိုက်ပါသည်။

အကျဥ်းချုပ် ခြုံငုံသုံးသပ်ခြင်း
အထက်ပါ နိုင်ငံတကာကြေညာချက်များကို တစေ့တစောင်း အနည်းကပ်လေ့လာ သုံးသပ် မည်ဆိုလျင် မြန်မာပြည်သူတို့ လက်ရှိအကောင်အထည်ဖော်နေသည့် နိုင်ငံရေးမျော်လင့်ချက် နှင့် တောင်းဆိုမှုများဖြစ်သည့် ၁။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊  ၂။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်တွင် အခြေခံ ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြီးတိုင်ဖျက်သိမ်းရေး၊ ၃။  ဖက်ဒရယ်တပ်မတော် ထူထောင်တည်ဆောက်ရေး အစရှိသည့် အချက် (၃) ချက်သည် ကြေညာချက်များတွင် ပါဝင်ဖော်ပြထားခြင်းမရှိ (သို့) ချန်လှပ်ထားသည်ကိုတွေ့ရသည်။ ထင်ဟပ်ပေါ်လွင် စေခြင်းပင် အလျင်းမရှိချေ။

သို့ဖြစ်၍ အာဏာသိမ်းစစ်အုပ်စုအပေါ်  နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် ကြေညာချက်များသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်တင်မြှောက်ခံ NLD အစိုးရ အာဏာပြန်လည် ရရှိရေး အတွက်သာ အကြုံးဝင်သည်ဟု အနက်ဖွင့်ဆိုရမည်။ ထို့အပြင် ကြေညာချက်များသည် မြန်မာပြည်သူ များအား ဒီမိုကရေစီ အကူးအပြောင်းကာလဆီသို့သာ ပို့ဆောင်ပေးရန် သဘောသက်ရောက်လျှက် ရှိနေသည်။  နိုင်ငံတကာကြေညာချက်များနှင့် ဖိအားပေးမှု များသည် NLD အစိုးရ အာဏာပြန်လည် ရရှိရေး အတွက်ကိုသာ ရည်ညွှန်းနေခဲ့လျှင် မြန်မာပြည်သူတို့၏ အသက်၊သွေး ပေးဆပ်ကာ တောင်းဆို ဆန္ဒဖော်ဆောင်နေသည့် နိုင်ငံရေးမျော်လင့်ချက်များအတွက်မူ တိုက်ရိုက် အကျိုးသက်ရောက်မှု တစ်စုံတရာမရှိ၊ အားရကျေနပ်ဖွယ်မရှိဟု သုံးသပ်ရမည်ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် မြန်မာပြည်သူလူထုသည် မိမိတို့၏ နိုင်ငံရေးမျော်လင့်ချက်များကို CRPH နှင့် နိုင်ငံတကာမှ ရှင်းရှင်းလင်းလင်း သိနားလည်စေရန် သတင်းပေးပို့မှု အမြန်ဆုံးဆောင်ရွက် ကြရမည်။ မိမိတို့၏ နိုင်ငံရေးမျော်လင့်ချက်များကို တောင်းဆိုကြရမည်။ CRPH သည် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး၏ နိုင်ငံရေး မျော်လင့်ချက်၊ တောင်းဆိုမှုများကို နိုင်ငံတကာတွင် ရှင်းလင်းစွာ တင်ပြပြီး၊ နိုင်ငံတကာကြေညာချက်များတွင် ၎င်းအချက်အလက်များကို တိတိကျကျ ထည့်သွင်း ဖော်ပြရန် အတိအလင်း တောင်းဆို ကြရမည်။ ယခုမျက်မှောက် နိုင်ငံရေးအခင်းအကျင်းတွင် ဝှက်ဖဲများ ထားရှိခြင်းရှိခဲ့လျှင်မူ အမိ မြန်မာနိုင်ငံ၏ တောက်ပသောအနာဂတ်သည် မေးမှိန်ကွယ်ပျောက်သွားပါလိမ့်မည်။

နိုင်ငံတကာ ခေါင်းဆောင်များကလည်း မြန်မာပြည်သူလူထု၏ နိုင်ငံရေးမျော်လင့်ချက်နှင့် တောင်းဆိုမှု “အသံ” ကို အနီးကပ်အာရုံစိုက်နားထောင်ပေးဘို့ လိုအပ်ပါသည်။ ထိုမှသာ မြန်မာပြည်သူ လူထု၏ နိုင်ငံရေးမျော်လင့်ချက်နှင့် တောင်းဆိုမှုများကို ရှင်းလင်းစွာ သိမြင်နိုင်မည်ဖြစ်ပြီး၊ အာဏာရှင် စစ်အုပ်စုနှင့် ပတ်သက်၍ မှန်ကန် တိကျပြတ်သားသော ဆုံးဖြတ်ချက်များကိုချမှတ်နိုင်မည့်အပြင်၊ ၎င်းတို့အပေါ် ပြင်းထန်သော အရေးယူဒဏ်ခတ်မှုများကို ထိရောက်စွာ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း မီးမှောင်းထိုးပြလိုက်ရပါသည်။

*******************