Input your search keywords and press Enter.

“ကိုဗစ်-၁၉ ကို အနိုင်ယူကျော်လွှားဖို့ ဆိုရင်…”

 

သွေး (စစ်ကိုင်း)

 

ကမ္ဘာ့ကပ်ရောဂါ ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ ခုထက်ထိ ရပ်တန့်ခြင်း မရှိသေးပါဘူး။ ကာကွယ်ဆေးတွေ ပေါ်ပေါက်လာနေပြီ ဆိုပေမဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် အပြည့်အဝ ထိုးနှံပေးခြင်း မရှိသေးတာ တွေ့ရပါတယ်။ ဒီကပ် ရောဂါက ကမ္ဘာ့စီးပွားရေး အပေါ် ရိုက်ခတ်ဆုံးရှုံးစေမှု ကြီးမားသလို မြန်မာ့စီးပွားရေးကိုလည်း များစွာထိခိုက်စေ ပါတယ်။

ဒါကြောင့် ကိုဗစ်ကာလထဲမှာရော ကိုဗစ်အလွန်ကာလတွေမှာပါ စီးပွားရေး ပြန်လည် ရှင်သန် ဦးမော့လာအောင် စီစဉ် လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ယခင်က နေထိုင်မှုပုံစံမျိုးကနေ New Normal လို့ခေါ်တဲ့ လူမှုနေထိုင်နည်း အသစ်နဲ့ နေထိုင်သွားဖို့ လေ့ကျင့်ပျိုးယူသွားရမှာ ဖြစ်သလို ဒီနေထိုင်မှုနည်းအသစ်နဲ့ လိုက်လျောညီထွေ ရှိပြီး အကျိုးကျေးဇူး ရရှိစေမယ့် စီးပွားရေး လုပ်ဆောင်မှု နည်းလမ်းသစ်တွေလည်း ဖော်ဆောင် လုပ်ကိုင်ဖို့လည်း လိုအပါလာပါပြီ။

ကိုဗစ်-၁၉ ရောဂါဟာ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်နေ့က စ,တင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၂ သိန်း ၄ သောင်းကျော်၊ ဆေးရုံက ဆင်းခွင့်ရသူ ၁ သိန်း ၂ သောင်းကျော်၊ သေဆုံးသူ ၃ ထောင်ကျော်ရှိတယ် လို့ ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနရဲ့ စာရင်းဇယားများအရ သိရပါတယ်။

ပိုးတွေ့လူနာအရေအတွက်ဟာ ကိုဗစ်ဒုတိယလှိုင်း စတင်တဲ့ ဩဂုတ်လကနေ ဒီဇင်ဘာလ အထိ များပြားခဲ့ပြီး သေဆုံးသူ အရေအတွက်လည်း ပိုမိုများပြားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ထဲမှာတော့ တစ်ရက် ပိုးတွေ့လူနာ ၁၀၀၀ ကျော်ရှိရာကနေ ရာဂဏန်းအထိ ကျဆင်းလာပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် အသေးစား စီးပွားရေး လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေကို အခြေခံကျကျ ထိခိုက်စေတာ တွေ့ရပါတယ်။ ခရီးသွားလုပ်ငန်း အနေနဲ့ ကိုဗစ်ကာလ မတိုင်ခင်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားတွေ ဝင်ရောက်မှု နည်းပါးနေတာကနေ ကိုဗစ်ဖြစ်လာတဲ့ အခါ လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့ပါတယ်။

ပြည်တွင်း ခရီးသွားလာမှုမှာလည်း သိသိသာသာ နည်းပါးခဲ့ပြီး ပုဂံ၊ ပြင်ဦးလွင် စတဲ့ ထင်ရှားတဲ့ မြို့တွေမှာ ဆိုရင် ဟိုတယ်တွေ ဆက်မဖွင့်နိုင်လောက်အောင် အရှုံးပေါ်လာတာကြောင့် ပိတ်လိုက်ရတာ၊ ပြင်ဦးလွင်မြို့က ရထားလုံး ဆွဲသူတွေ အလုပ်မဖြစ်တော့လို့ မြင်းတွေ၊ လှည်းတွေ ရောင်းပစ်လိုက်ရတဲ့ အထိ ထိခိုက်လာစေပါတယ်။ အသေးစား စီးပွားရေး လုပ်ငန်းပိုင်းမှာ ဆိုရင်လည်း ကုန်ကြမ်း ရရှိမှု အခက်အခဲတွေ၊ လုပ်ငန်းခွင်အတွင်း ကျန်းမာရေး အတွက် လိုက်နာရမယ့် ကန့်သတ်ချက်တွေကြောင့် လုပ်ငန်း ဆက်လက်လည်ပတ်မှု မလွယ်ကူတော့တဲ့ နေအထားထိ တွေ့ကြုံ လာကြရသလို ပိတ်ပစ်လိုက်ရတဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ကိုဗစ်ကြောင့် နောက်ထပ် အထိနာခဲ့ရတာက တောင်သူတွေပါ။ ရောဂါကူးစက်မှာ စိုးရိမ်ရလို့ တစ်နေရာနဲ့ တစ်နေရာ သွားလာမှုတွေ ကန့်သတ်ပိတ်ပင်ထားချိန်မှာ ကုန်စိမ်းသီးနှံတွေ ဖြစ်တဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ပန်းမုံလာ၊ ဖရဲ အပါအဝင် ပန်းအမျိုးမျိုး စိုက်ပျိုးတဲ့ တောင်သူတွေဟာ သူတို့ရဲ့ ထွက်ကုန်တွေ ဝယ်ယူသူ မရှိတော့လို့ လွှင့်ပစ်၊ စွန့်ပစ်လိုက်ရတဲ့ အထိ ရှိခဲ့သလို ချင်းပြည်နယ်က ထွက်ရှိတဲ့ လိမ္မော်သီးတွေ ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး အခက်အခဲတွေကြောင့် အပျက်အစီးတွေ များပြားခဲ့ရပါတယ်။ စီးပွားရေးအရ ထိခိုက်မှုဟာ အာရှနိုင်ငံတွေမှာသာမက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလည်း ပါဝင်ပါတယ်။

ကိုဗစ်ကာလအတွင်း ပြည်တွင်း/ပြည်ပရှိ ရွှေ့ပြောင်း အလုပ်သမားများနဲ့ သူတို့ရဲ့ မိသားစုတွေကိုလည်း ထိခိုက်မှုတွေ ရှိနေတယ် လို့ လေ့လာမှုတွေက ဆိုပါတယ်။ ပြည်တွင်းမှာဆိုရင် ငယ်ရွယ်တဲ့ အလုပ်သမားတွေနဲ့ အမျိုးသမီး အလုပ် သမားတွေလည်း ထိခိုက်မှု များပြားပါတယ်။ ဥပမာအားဖြင့် လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်, လုပ်ကြရတဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ သူတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းရပ်နား လိုက်ရတဲ့အခါ သူတို့ဟာ အလုပ် လက်မဲ့ ဖြစ်သွားရတာမျိုးနဲ့ သူတို့ရဲ့ နေထိုင်ရပ်တည်ရေးသာမက သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေပါ အခက်အခဲ ဖြစ်သွားစေတာပါ။

နောက်ပြီး ကိုဗစ်ကာလအတွင်း ထိုင်း၊ မလေးရှား စတဲ့ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်, လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ စက်ရုံ အလုပ်ရုံတွေက ဝန်ထမ်းအင်အား လျှော့ချ လိုက်တဲ့ အထဲမှာ ပါဝင်သွားတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ နေထိုင်စားသောက်ရေး အခက်အခဲတွေ၊ အခြားလုပ်ငန်း တစ်ခုကို ထပ်မံလျှောက်ထားရာမှာ အခက်အခဲတွေနဲ့ လုပ်ခ, လစာ မရရှိတော့လို့ ပြည်တွင်းက မိသားစုကို မထောက်ပံ့နိုင်တာတွေ ဖြစ်လာပါတယ်။ သူတို့ ပေးပို့လာတဲ့ ငွေကြေးကို အားထားနေရတဲ့ ပြည်တွင်းက မိသားစုဟာလည်း အခက်အခဲတွေ ဖြစ်လာတော့တာပါပဲ။

ဥရောပ အပါအဝင် အနောက်နိုင်ငံတွေမှာ ဆိုရင်လည်း အာရှနွယ်ဖွားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်စေသူတွေ သဖွယ် ခွဲခြားဆက်ဆံမှုတွေနဲ့လည်း တွေ့ကြုံကြရပါတယ်။ အမေရိကန်နိုင်ငံမှာ ဓားနဲ့ တိုက်ခိုက်ခံရတဲ့ ချင်းလူမျိုး တစ်ယောက်ရဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ အဲဒီလို အခက်အခဲအကျပ်အတည်းတွေ ရှိခဲ့ပေမဲ့လည်း ပြည်ပရောက်သူတွေ အချင်းချင်း အပြန်အလှန် ကူညီဖေးမပေးတာတွေ ရှိခဲ့တာအတွက် ဝမ်းသာချီးကျူးစရာပါ။

ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေကို ဆရာဝန်တွေက အကောင်းမွန်ဆုံး ကုသမှုတွေ ပေးစွမ်းနိုင်ခဲ့ ပါတယ်။ လက်ရှိ အနေအထားမှာ ရောဂါပိုး ကူးစက်နှုန်း ကျဆင်းသွားပြီ၊ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ထိန်းချုပ်နိုင်ပြီ ဆိုပေမဲ့ လုံးဝထိန်းချုပ်နိုင်တဲ့ အထိ ဂရုပြုနေထိုင်ဖို့လည်း လိုအပ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ လျော့နည်းလာလို့ ကုသရေး စင်တာအများစုကိုပါ ပိတ်သိမ်း လာတာ တေွ့ရပါတယ်။ ဒါပေမဲ့ လူဦးရေထူထပ်တဲ့ တိုင်းဒေသကြီး ဖြစ်တာကြောင့် ကိုဗစ်ကာကွယ်ရေး နည်းလမ်းတေွကို ဆက်လက်လိုက်နာဖို့ လိုအပ်နေပါဦးမယ်။ အထူးသဖြင့် စက်ရုံ အလုပ်ရုံတွေမှာ လုပ်သား များပြားတာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

အပြင်ထွက်မယ်ဆိုရင် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ တပ်သင့်သလို ပိတ်စနဲ့ လုပ်ထားတဲ့ နှာခေါင်းစည်း တွေထက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (Surgical Mask) တွေကို တပ်တာက ရောဂါပိုးမွှားကူးစက်မှု ပိုပြီး ထိထိ ရောက်ရောက် ကာကွယ်ပေးပါတယ်။ ဘတ်စကားစီးတဲ့ အခါမှာလည်း လက်သန့်ဆေးရည် ဘူးလေးတွေ ဆောင်ထားပြီး အသုံးပြုဖို့ လိုအပ်ပြီး နှာခေါင်းစည်း တပ်ရပါမယ်၊ နှာချေတဲ့ အခါ ဒါမှမဟုတ် ချောင်းဆိုးတဲ့ အခါ ထွက်ရှိလာတဲ့ အမှုန်တွေက တခြားသူတွေဆီ ရောက်ရှိနိုင်သလို တခြားသူတွေ ဆီကလည်း ကိုယ့်ဆီရောက်လာနိုင်တာကို သတိပြု ကာကွယ်ရပါမယ်။ အပြင်က ပြန်လာရင်လည်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောသင့် သလို ဟန်းဖုန်းအပါ အဝင်အခြား အသုံး အဆောင်တွေကိုလည်း သန့်ရှင်းရေး လုပ်သင့်ပါတယ်။

လတ်တလော သတင်းများအရ ကာကွယ်ဆေး ပေါ်လာပြီ ဆိုပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးနှံနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်တဲ့ အတွက် ရောဂါပိုး ကူးစက်မခံရအောင် ဂရုစိုက်နေထိုင်ဖို့ အ‌ရေးကြီးပါတယ်။ နှာခေါင်းစည်း တပ်သူတွေက တပ်ပေမဲ့ တချို့နေရာတွေမှာ နှာခေါင်းစည်း မတပ်ကြသူတွေလည်း များပြားလာနေတာလည်း တွေ့ရပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ ကိုဗစ်ဖြစ်ပွားမှုနှုန်း လျော့ကျရာကနေ ကူးစက်မှု ကင်းစင်တဲ့ အထိ လိုက်နာရမှာလည်း ဖြစ်ပါတယ်။

ဝမ်းသာစရာ သတင်းကောင်း တစ်ခုက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က စ,ပြီး ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေး ဝန်းထမ်းများအား ထိုးနှံပေးနိုင်ခဲ့ပြီး အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးပိုင်းတွေကိုပါ ထိုးနှံပေးနိုင်ခဲ့တာပါ။ Covishield လို့ခေါ်တဲ့ ဒီကာကွယ်ဆေးကို ၂၈ ရက်အကြာမှာ နောက်တစ်ကြိမ် ထပ်မံထိုးနှံရမှာ ဖြစ်ပြီး ကိုဗစ်-၁၉ကို ၉၀ ရာခိုင်နှုန်းနီးပါးထိ ကာကွယ်ပေးနိုင်မယ် လို့ သိရပါတယ်။

ဖေဖော်ဝါရီလထဲမှာ အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး အရေအတွက် ၂ သန်းထပ်မံ ရောက်ရှိလာပြီး အသက် ၆၅ နှစ်နဲ့ အထက်တွေကိုတော့ ဖေဖော်ဝါရီ ၅ ရက်နေ့က စ,ပြီး ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေတာပါ။

ကိုဗစ်ဖြစ်ပွားမှု ကျဆင်းလာတာဟာ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ကြိုးစားမှု၊ ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှု၊ ပရဟိတ အဖွဲ့တွေရဲ့ ပူးပေါင်းပါဝင် ကူညီမှုကြောင့် ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ ရှိသလို ကာကွယ်ဆေး ထိုးနှံမှု အရှိန်အဟုန်နဲ့ ဆက်လက် လုပ်ဆောင်သွားနိုင်ရင် ပြန်လည်ဖွင့်နိုင်မယ့် အလားအလာတွေလည်း ရှိပါတယ်။

တစ်ဖက်က ကြည့်ရင် – ဒီလိုဆိုးရွားတဲ့ ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ ပြည်သူတွေအချင်းချင်းကြား ရိုင်းပင်းကူညီ ကြိုးပမ်းမှုက တကယ့်ကို ဂုဏ်ယူစရာကောင်းလှပါတယ်။ စားဝတ်နေရေး အခက်အခဲ ရှိနေတဲ့ ပြည်သူတွေကို ပြည်သူတွေကပဲ ကူညီတာ၊ ကိုဗစ်စင်တာတွေတာ စေတနာ့ဝန်ထမ်း အဖြစ် လုပ်အားပေးကြတာ၊ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ကုသမှုပေးခဲ့တာတွေက ကျမတို့ ပြည်သူတွေရဲ့ လူသားဆန်မှုကိုပါ ပြသနေတာ ပါပဲ။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေး အတွက် ဦးစားပေး လုပ်ဆောင်သင့်တာတွေကို တာဝန်ရှိသူတွေဘက်က အလေးထား လုပ်ဆောင်ပေးသွားဖို့ အရေးကြီးတဲ့ အပြင် အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင်ဖို့ပါ ထည့်သွင်းစဉ်းစားရမှာလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာလည်း အရင်းနှီးပြု စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့ ငွေကြေးအကူအညီတွေ ပေးရမှာ ဖြစ်ပြီး ထွက်ရှိလာတဲ့ ကုန်စည်တွေ အတွက် ဈေးကွက်ရှာဖွေ ပေးနိုင်ရင် တောင်သူလယ်သမားတွေ အတွက် အဆင်ပြေလာမှာပါ။

ပြည်သူတွေ အနေနဲ့လည်း New Normal ခေါ် နေထိုင်မှု ဝန်းကျင်သစ်နဲ့ နေသားကျအောင် ပြောင်းလဲရယူ နေထိုင်နိုင်ဖို့ ကြိုးစားရင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိအောင် ဂရုစိုက်နေထိုင်မယ် ဆိုရင် မဝေးတော့တဲ့ အချိန်ကာလတစ်ခု အတွင်းမှာ ကမ္ဘာ့ကပ်ရောဂါကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။