Input your search keywords and press Enter.

တောမီးရှို့ခြင်းနှင့် ချင်းပြည်နယ်က ရေအရင်းအမြစ်ဆုံးရှုံးမှုပြသနာ

Salai Hung Tun Gei

 

“မြို့နယ်တိုင်းကတော့ ရေလိုတာပဲ။ ချင်းပြည်နယ်မြို့နယ်အားလုံးပဲ။ ဟားခါးမြို့ပေါ်တစ်ခုပဲ ရေကို ချောင်းရေကနေတင်တာရှိတယ်”
ချင်းပြည်နယ်အတွင်း ရေရှားပါးမှုနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်သာယာရေး လက်ထောက်ညွှန်ကြားရေးမှုးဖြစ်သူ ဦးတမ်အောင်ရှိန်းက ပြောပြတာဖြစ်ပါတယ်။

ဦးတမ်အောင်ရှိန်းက “ချင်းပြည်နယ်မှာ တောမီးရှို့တာကအဓိက ရေအရင်းအမြစ်အတွက် ပြသနာဖြစ်နေတယ်။ ကန်ပက်လက် မြို့ပေါ်တစ်ခုပဲ ရေရရှိနှုန်းက ၁၀၀ ရာခိုင်နှုန်းဖြစ်မှာ။ တစ်ခြားမြို့က ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲရေရမယ်လို့ထင်တယ်။ တစ်ပြည်နယ်လုံးလည်း အဲဒီရာခိုင်နှုန်းဝန်းကျင်ပဲဖြစ်မှာ” လို့ပြောပါတယ်။
သူကဆက်ပြီး ချင်းပြည်နယ်အတွင်း အဓိကရေထွက်တဲ့အရင်းအမြစ်ကခက်လာကြောင်း၊ တစ်ခြားမြို့နယ်တွေကို ဟားခါးလို ရေကို pump လုပ်ပေးဖို့မလွယ်တဲ့အကြောင်းနဲ့ ကုန်ကျမှုများပြီး ထိရောက်မှုက အရမ်းနည်းတယ်လို့ဆိုပါတယ်။

ချင်းပြည်နယ်ဟာ နှစ်ပေါင်းများစွာ မြို့နယ်တိုင်း ရေရှားပါးမှု ကြုံတွေ့ရတာဖြစ်ပါတယ်။ အခုလို ရေရှားပါးမှု ဆိုးရွားလာတာက တောမီးရှို့မှုတွေကြောင့် လို့လည်း ဖလမ်းမြို့နယ်က အရပ်ဖက်လူမှုအဖွဲ့အစည်း ဦးဆောင်သူ ဆလိုင်းငယ်ပီးက သုံးသပ်ပါတယ်။
ဆလိုင်းငယ်ပီးက “အဓိကတော့ တောမီးရှို့တာလည်းပြသနာဖြစ်တယ်။ အဲဒီအပြင် ရပြီးသားရေကလည်း ထုံးဓာတ်တွေ အများကြီးပါနေတယ်။ မြို့နယ်တွင်းက ကျေးရွာတော်တော်များများပဲ။ မြို့ပေါ်ကရေယူတာလည်း ထုံးဓာတ်ပါဝင်မှု အတော်များမယ်လို့ယူဆရတယ်။ ဖလမ်းမြို့မှာတော့ စိမ့်စမ်းရေကို အဓိကသုံးကြတယ်။ အခု လိုင်ဗားရေကိုမြို့ပေါ်ကယူတယ်။ လုံးဝမသန့်ဘူး။ မြို့ပေါ်မှာတော့ စည်ပင်ကပေးတာလည်းရှိတယ်။ ရပ်ကွက်တစ်ချို့မှာပဲရကြတယ်။ ဖြန့်ချိ်ရေးပိုင်းအားနည်းတာလို့ယူဆရတယ်။ ကိုယ်ပိုင်ယူတဲ့သူတွေရှိသလို နိုင်ငံတကာအထောက်အပ့ံနဲ့ယူတာလည်းရှိတယ်။ အခု လိုင်ဗားရေလိုင်းမြို့ပေါ်ကိုပေးတာကောင်းကောင်း ပေးနိုင်ရင်ကောင်းမယ်။ အခုက အိမ်ထဲထိရေရောက်လာရင်တောင် ရေတွေနောက်နေတယ်” လို့ပြောပါတယ်။

မင်းတပ်မြို့ဒေသခံတစ်ဦးဖြစ်သူ ဆလိုင်းအောင်လောဟာကလည်း အာဏာသိမ်းမှုနောက်ပိုင်း မြို့ပေါ်ရှားပါးမှုကြုံရသလို အခုလို ရာသီမှာ တောမီးတွေကြောင့်လည်း ပိုက်လိုင်းပျက်မှုတွေ နှစ်တိုင်း ကြုံတွေ့ရတယ်လို့ပြောပါတယ်။
ဆလိုင်းအောင်လောဟာက “အခုလတ်တလောပြသနာကတော့ ရေပြသနာ လုံလုံလောက်လောက်မဖြစ်တဲ့ကြားထဲက အာဏာသိမ်းပြီးနောက်ရေပိုက်လိုင်းတွေမီးရှို့ခံရတာတွေရှိနေတယ်။ ရေအခက်အခဲဖြစ်တဲ့ကြားက ဒီနှစ်ဆိုရင်ပိုဆိုးတာပေါ့။ နှစ်စဉ်လည်း ချင်းတောင်မှာ မီးလောင်တော့ ပိုက်တွေက မီးထဲပါသွားတာတွေအမြဲရှိတယ်။ ရေသွယ်တဲ့နေရာကလည်း မြို့အပြင်ကနေယူကြရတော့ ဒီရာသီမှာဆိုရင် တောမီးက ခဏခဏ ဒုက္ခပေးတယ်” လို့မြို့အခြေအနေကို ပြောပါတယ်။
ဖလမ်းမြို့နယ်က အရပ်ဖက်အဖွဲ့အစည်း ဦးဆောင်သူတစ်ယောက်ဖြစ်သူ ဆလိုင်းငယ်ပီးက “ရေလုံလောက်မှုမရှိတာကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ရေချိုးတာနည်းတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းသလို ရေမသန့်တော့ ကျောက်ကပ်ကျောက်တည်တာမျိုးတွေ တွေ့ရတယ်။ လူမှုရေးအရဆိုရင်လည်း ရေယူရင်းနဲ့ရန်ဖြစ်တာတွေတော့ အများကြီးရှိတယ်။ ကျတော်တို့ဖလမ်းမှာတော့ အဓိက ရေနဲ့ပတ်သက်ပြီး အဲဒါက ပြသနာဖြစ်တယ်” လို့ချင်းဝေါလ်သတင်းဌာနကိုပြောပါတယ်။

ချင်းပြည်နယ် စည်ပင်ဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးတမ်အောင်ရှိန်းက ချင်းပြည်နယ်ရေရှားပါးမှု အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် အခုလို သုံးသပ်ပြောဆိုထားပါတယ်။
ဦးတမ်အောင်ရှိန်းက “ရေရှည်တည်တံံ့ခိုုင်မြဲဖို့တော့အမြဲလုပ်တယ်။ ဒါပေမယ့် ရေအရင်းအမြစ်ဖက်က ရေခမ်းတာက အဓိကပြသနာပဲ။ တစ်ပြည်နယ်လုံးတော့ဘတ်ဂျက်ချပေးတာတော့မသိဘူး။ ဟားခါးမြို့ပေါ်တစ်ခုတည်းကို ပြင်/ထိန်းဖို့အတွက် သိန်းခုနှစ်ရာဝန်းကျင်လောက်တော့ရှိတယ်။ အဓိက ရေစမ်းဧရိယာတွေနားမှာ မီးမရှို့ဖို့လိုတယ်။ ကျတော်တို့ချင်းကလည်း မီးရှို့ကြတာဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ မီးရှို့တာ့ သံပိုက်နဲ့ရေသွယ်တာတောင် ကြာလာရင် သံချေးတက်ပြီး ကျိုးကုန်တာ။ ဘယ်လောက်နက်နက်လုပ်ရင်လည်းမရဘူး။ ရေယူတာတောင်ခက်ပါတယ်ဆိုမှ ဖြန်ချိ်ရေးပိုက်လိုင်းတွေလည်း လောင်ကုန်တော့ အတော်ပြသနာဖြစ်တယ်။ အဲဒါကလည်း ဘယ်သူကရှို့မှန်းလည်းမသိရဘူး”လို့ဆိုပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့ဒေသခံလည်းဖြစ်သူ လူငယ်အဖွဲ့အစည်း ဦးဆောင်သူဖြစ်တဲ့ ကိုမုန်နိုးကလည်း တီးတိန်မြို့ပေါ်မှာ စည်ပင်ရေကို အသုံးပြုသူတွေ ရှိနေပေမယ့်လည်း ရေမလုံလောက်တဲ့အကြောင်း၊ ကိုယ်ထူကိုယ်ထ ရေယူရနေမှုတွေအဓိကလုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။
ကိုမုန်နိုးက “တီးတိန်မှာ နှစ်ရက်ခြားရေတစ်ခါပဲလာတယ်။ စည်ပင်ရေပေါ့။ တစ်ခါတစ်လေ နာရီဝက်လောက်လာတယ်။ တစ်ချို့ကတော့ ချောင်းတွေကနေ ကိုယ်ထူကိုယ်ထယူကြတာများတယ်။ စည်ပင်ရေကတော့ ကျတော်တို့ဖက်မှာလုံလောက်မှုမရှိဘူး။ ကိုယ့်ရပ်ကွက်အလိုက်ပဲ အဆင်ပြေသလို အရင်ကတည်းကယူကြတာပေါ့။ သူတို့က ရပ်ကွက်အလိုက်စုဖွဲ့ပြီး ရေကန်တွေလုပ်ပြီး ရေယူကြတာပေါ့။ မြို့ပေါ်မှာဆိုရင် စည်ပင်ရေ ပိုအသုံးကြတာများတယ်လို့သိရတယ်”လို့ပြောပါတယ်။

ချင်းပြည်နယ်အတွင်း ရေရှားပါးမှု လျှော့ချနိုင်ဖို့နဲ့ပတ်သက်ပြီး ဖလမ်းမြို့အရပ်ဖက်အဖွဲ့အစည်း ဦးဆောင်သူ ဆလိုင်းငယ်ပီးက ဌာနဆိုင်ရာတွေအနေနဲ့ ရေစမ်းဦးကို ကောင်းကောင်းထိမ်းသိမ်းပြီး တောမီးရှို့မှုတွေကိုလည်း ကာကွယ်ဖို့ အထူးလိုအပ်တယ်လို့ဆိုပါတယ်။ဆလိုင်းငယ်ပီးက“ဒေသန္တရအုပ်ချုပ်ရေးအနေနဲ့ အဓိကလုပ်ဖို့လိုသလို စည်ပင်ဌာနအနေနဲ့လည်း ဘတ်ဂျက်တွေကို အဲသလိုစီစဉ်ချမှတ်ဖို့၊ ရေသန့်တွေရနိုင်ဖို့ လုပ်တာတွေကို ဆောင်ရွက်သင့်တယ်လို့မှတ်ချက်ပေးချင်တယ်”

မတူပီမြို့နယ်မှာလည်း ရေဝယ်နေရသလို အဝတ်လျှော်ချင်ရင်လည်း ချောင်းတွေအထိ တောင်ပေါ်ကနေဆင်းပြီး သွားရတယ်လို့ မတူပီမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။
မတူပီမြို့ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဘွေအုပ်က “စည်ပင်ဌာနကိုယ်တိုင် မြို့တွင်းကို ရေရောင်းတာ၊ ရေသွယ်တာတွေလုပ်ပေးတာမျိုးတော့ရှိတယ်။ မြို့ပေါ်ရေရှိမှှုကတော့ ရေအတော်ရှားတယ်ပြောရမယ်။ ကိုယ့်ရန်ပုံငွေနဲ့သွယ်တာလေးတွေလည်းရှိတယ်” လို့ဆိုပါတယ်။

ချင်းပြည်နယ်အတွင်း ရေလုံလောက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ပေးတဲ့ ဘတ်ဂျက်တွေကို ပွင့်လင်းမြင်သာစွာ အသုံးချဖို့အပြင် ရေပေးဝေမှုမှာလည်း မျှမျှတတ ဆောင်ရွက်ဖို့လိုတယ်လို့ တီးတိန်မြို့နယ်က တီးတိန်လူငယ်အဖွဲ့က ကိုမုန်နိုးကတိုက်တွန်းထားပါတယ်။