Input your search keywords and press Enter.

ကလေးမြို့နယ်မှာ ပွင့်လင်းရာသီကာလနှစ်တိုင်း ရေရှားပါးမှု ကြုံတွေ့နေရတဲ့အပေါ် ဘယ်လိုဖြေရှင်းမလဲ

Salai Hung Htun Gei
“ရေပြသနာက ၂၀၁၅ ကနေစဖြစ်လာတယ်။ ရေကြီးရေလျှံဖြစ်တာနဲ့စတာပေါ့။ ချင်းတောင်မှာ မြေပြိုမှုတွေဖြစ်တဲ့ အကျိုးဆက်က ချင်းတောင်ခြေကို ထိခိုက်လာတာဖြစ်တယ်”
ဒါကတော့ သတင်းစာဆရာလည်းဖြစ်၊ ကလေးမြို့အခြေစိုက် စာရေးဆရာလည်းဖြစ်တဲ့ ကိုဆူး(ချင်းတောင်) ကသူ့ရဲ့အတွေ့အကြုံကို ပြောပြတာဖြစ်ပါတယ်။
သူ့ရဲ့အတွေ့အကြုံပြောပြချက်တွေမှာတော့ ချင်းပြည်နယ်ရဲ့ လမ်းမြေချဲ့ထွင်ပြီး စွန့်ပစ်မြေတွေကို စနစ်တကျ မစွန့်ပစ်တာကြောင့် စိမ့်စမ်းရေထွက်တဲ့ နေရာတွေ မြေစာဖုံးပြီး ပျောက်သွားတာမှုတွေကြောင့်လည်း ဖြစ်တယ်လို့ သူကသုံးသပ်ပါတယ်။

ကလေးမြို့နယ်ဟာ အဓိကအနေနဲ့ တွင်းရေတွေကို အသုံးပြုတာများပြီး ကျေးရွာအများစုမှာတော့ ချောင်းရေကို အသုံးပြုနေကြတာဖြစ်ပါတယ်။

ကလေးမြို့အခြေစိုက် စာရေးဆရာ ကိုဆူး(ချင်းတောင်) က “ရေကြောတွေပြောင်းပြီး မိုးနည်းနည်းရွာရင် ရေပြန်တက်လာတယ်။ ဆောင်းပိုင်းနဲ့နွေရာသီဆိုရင် ရေပြန်ခမ်းပြန်ရော၊ တစ်ခါတစ်လေကျတော့ မိုးရာသီမှာတောင် ရေခမ်းတာတွေဖြစ်တယ်။ စွန့်ပစ်မြေစာတွေကြောင့် စိမ့်စမ်းရေတွေပိတ်တော့ မြေအောက်ရေကြောကို သွားထိပြီး ပိတ်ကုန်တယ်”လို့ပြောပါတယ်။

ကလေးမြို့နယ် ကျေးရွာတွေမှာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရေခက်ခဲမှုကြုံတွေ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ပွင့်လင်းရာသီကာလမှာ ရေခက်ခဲမှုတွေကို ကြုံရတာဖြစ်ပေမယ့် ရေခမ်းတဲ့ နေအိမ်တွေကို ရေမခမ်းတဲ့နေအိမ်တွေက ရေပေးဝေတာမျိုးရှိပေမယ့် ရေရှည်မှာ လူမှုရေးပြသနာမျိုးတွေ အရင်ကမကြုံဖူးသလို ကြုံတွေ့ရတယ်လို့ ကလေးမြို့၊ အင်တိုင်းကုန်းရပ်ကွက်နေ ဒေသခံတစ်ဦးဖြစ်သူ ဆလိုင်း ဟရမ်လှေထန်းကပြောပါတယ်။

ဆလိုင်းဟရမ်လှေထန်းက “ရေတွင်းခမ်းတဲ့ကာလတွေမှာတော့ ရေရှားတော့ ချွေတာပြီးရေသုံးလေ့ရှိတယ်။ ရေရှိတဲ့သူတွေဆီရေယူတော့ အားနာစရာတော့ရှိတယ်” လို့ပြောပါတယ်။

သူတို့နေတဲ့ ရပ်ကွက်မှာတော့ ပွင့်လင်းရာသီကာလမှာ ရေရှားပါးမှုတွေ ရှိပေမယ့်လည်း ရေတွင်းမခမ်းတဲ့ နေအိမ်တွေအနေနဲ့ ရေတွင်းခမ်းသွားတဲ့ နေအိမ်တွေ ရေလာခပ်တာကို လိုလိုလားလား ပေးလေ့ရှိတယ်လို့ပြောပါတယ်။ ရေတွင်းခမ်းပြီး ရေရှားပါးမှုကြောင့် ကျန်းမာရေးပိုင်း ထိခိုက်မှုတော့ သူ့အနေနဲ့ အခုချိန်ထိ မသိရှိသေးဖူးဘူးလို့ ဆိုပါတယ်။

ဆလိုင်းဟရမ်လှေထန်းကတော့ ဖြစ်နိုင်ရင် ပွင့်လင်းရာသီစရောက်နေပြီဖြစ်တဲ့အတွက် ရေရှားပါးမှုကြုံတွေ့ရလေ့ရှိတဲ့ ကျေးရွာ၊ မြို့ပေါ်ရပ်ကွက်အနေနဲ့ ကြိုတင်ပြင်ဆင်ပြီး ရေတွင်းကိုပိုနက်အောင်တူးထားရင် ရေရရှိမှု အခက်အခဲ အများကြီး ဖြေရှင်းနိုင်မယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

မကြာခင်ကမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အနိုင်ရလာတဲ့ ဆရာမဒေါ်မွမ်အီးက “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလည်း အရေးကြီးတယ်။ မြို့တွင်းမှာ သစ်ပင်တွေကိုလည်း ပြန်စိုက်သင့်တယ်။ ရေအများကြီးရှိနေတယ်ဆိုပြီး မပေါ့ဆဖို့လည်းလိုတယ်။ အပင်တွေလည်း အများကြီး ပြန်စိုက်သင့်တယ်” လို့အကြံပြုထားပါတယ်။

၂၀၁၅ သဘာဝဘေးကြောင့် ရေကြောတွေပြောင်းပြီး ရေရှားပါးမှုဖြစ်လာသလို ကလေးမြို့နယ်တွင်း နေအိမ်တွေအနေနဲ့ ရေတွင်းတွေကို အများဆုံးပေသုံးဆယ်ကနေအများဆုံးငါးဆယ်ဝန်းကျင်သာတူးကြပါတယ်။ ၂၀၁၅ သဘာဝဘေးဖြစ်ပြီးနောက်ပိုင်း အနည်းဆုံးတွင်းရေကို ပေတစ်ရာဝန်းကျင်တူးတဲ့ နေအိမ်တွေပဲ ရေတွင်းမခမ်းဘူးလို့ စာရေးဆရာ ကိုဆူး(ချင်းတောင်) ကပြောပါတယ်။

ကလေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်ပေါင်း ၂၀ နဲ့ မြို့နယ်တစ်ခုလုံးမှာ ကျေးရွာအုပ်စု လေးဆယ်ကျော်ရှိပါတယ်။ ပွင့်လင်းရာသီမှာ ရေရှားပါးမှု ပြသနာကြုံတွေ့နေရတဲ့ အဓိကနေရာတွေကတော့ ကလေးမြို့ရဲ့ အနောက်ဖက်ခြမ်းဖြစ်ပြီး ချင်းပြည်နယ်နဲ့နယ်နိမိတ်ထိစပ်တဲ့ ရပ်ကွက်၊ ကျေးရွာတွေဖြစ်ပါတယ်။

စာရေးဆရာ ကိုဆူး(ချင်းတောင်)က “အဓိက ချင်းတောင်နဲ့နီးတဲ့ တွေမှာ ရေခမ်းတာတွေ အဓိကဖြစ်လာတယ်။ ကလေးမြို့အခြေအနေက အနောက်ဖက်ရပ်ကွက်မှာ ရပ်ကွက်တစ်ခုပြီးတစ်ခု ရေရှားပါးလာတာဖြစ်တယ်။ နောက်ပိုင်းဆိုရင် ကလေးမြို့လယ်နဲ့ အရှေ့ဖက်ရပ်ကွက်တွေမှာလည်း ဖြစ်လာနိုင်ခြေရှိနေတယ်” လို့သုံးသပ်ပါတယ်။

အခုလို ကလေးမြို့နယ်မှာ ရေရှားပါးမှုက ၁၉၇၀ ခုနှစ်ဝန်းကျင်ကလည်း ဖြစ်ပွားခဲ့ပြီး အခု ၂၀၁၅ နောက်ပိုင်း ပြန်လည်ဖြစ်ပွားတာလို့ ရေရှားပါးတဲ့ကာလတွေမှာ ရေဖြန့်ဝေရေးလုပ်ဆောင်ပေးတဲ့ Chinland Today အဖွဲ့ရဲ့ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ဆလိုင်းဂျက်စီကပြောပါတယ်။
ဆလိုင်းဂျက်စီက “၁၉၇၀ မှာလည်း အပင်တွေသေပြီး၊ ရေတွင်းတွေခမ်းတာမျိုးဒီဖက်မှာဖြစ်ခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းကတော့ ၂၀၁၅ အလွန်ပိုင်းဖြစ်လာတာပေ့ါ၊ အဓိက ကျတော်သိသလောက် ကလေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့နဲ့ ကလေးမြို့အနောက်ဖက်ခြမ်း ဒေသတွေမှာအဓိကကြုံခဲ့ရတယ်။ ကျေးရွာအနေနဲ့ပြောမယ်ဆိုရင် ကျေးရွာပေါင်း ၂၀ ဝန်းကျင်ကကြုံတွေ့ရတယ်။ ရေလည်းနောက်တယ်။

ရေရှိတဲ့ဟာလည်း ကျွဲ၊ နွားအထိမသောက်နိုင်လောက်ကို ရေတွေလည်းနောက်တယ်။ ၂၀၁၅ သဘာဝဘေးကြောင့် အဓိကပါပဲ” လို့ပြောပါတယ်။
Chinland Today အဖွဲ့အစည်းအနေနဲ့ ၂၀၁၅ နောက်ပိုင်း ရေခမ်းခြောက်မှုတွေကြုံတွေ့တဲ့ကာလမှာ ရေတွင်းတစ်ခုကို ၂၅ သိန်းအကုန်ကျခံပြီး ကျေးရွာအချို့မှာ ပရဟိတလုပ်ငန်းအနေနဲ့ ရေတွင်း တူးပေးခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ရေရှားပါးတဲ့ကာလမှာ အဓိက ဒေသခံတွေ ကြုံတွေ့နေရတာကတော့ ပြင်ပရေအလှူရှင်တွေ လှူဒါန်းတဲ့ရေကိုပဲ အားထားရတဲ့အတွက် အခက်အခဲအများကြီး ကြုံတွေ့ရတယ်လို့လည်းဆိုပါတယ်။

ဆလိုင်းဂျက်စီက “ရေရှားပါးလို့ သောက်ရေ၊ သုံးရေမရှိတော့ စားဝတ်နေရေးပိုင်းထိတယ်။ ပြင်ပအလှူရှင်လှူတဲ့ရေကိုပဲ သုံးရတယ်။ ချောင်းရေရှိပေမယ့် သုံးရေအနေနဲ့ပဲသုံးလို့ရပြီး သောက်သုံးရေအတွက် သုံးမရတော့ မိသားစုတွေအတွက် အများကြီး အဆင်မပြေဘူး။ သန့်ရှင်းတဲ့ရေကို မသောက်သုံးနိုင်တဲ့အတွက် ကျန်းမာရေးပိုင်းထိတာတွေလည်းရှိတယ်။ အများအားဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာများတယ်။ နောက်တစ်ခု ကျောက်ကပ်ပိုင်းထိတာများတယ်၊ ရေကိုဝယ်ရတဲ့ အနေအထားဖြစ်တဲ့သူတွေအတွက်ဆိုရင် မိသားစုဝင်ငွေလည်းအများကြီးထိတာပေါ့” လို့ဆိုပါတယ်။
ကလေးမြို့နယ်၊ မွှန်ထာလူမှုရေးအသင်း ဥက္ကဌဖြစ်သူ ဦးဇာဗျက်ထန်က “ပုံမှန်အရ သုံးနှစ်တစ်ကြိမ်လောက် ကလေးမြို့အနောက်ရပ်ကွက်မှာ ရေရှားပါးလေ့ရှိပြီး မေလကတည်းကစပြီး ရေခမ်းမှုတွေကြုံရတယ်လို့ဆိုပါတယ်”လို့ဆိုပါတယ်။

ကလေးမြို့နယ်အတွင်း ရေရှားပါးမှုဖြေရှင်းဖို့အရေးနဲ့ပတ်သက်ပြီး “အစိုးရအနေနဲ့ ရေအရင်းမြစ်ဦးစီးဌာနတွေက တွင်းတူးစက်တွေရှိတယ်။ သူတို့က ရေရှားပါးတဲ့နေရာတွေကို ကြိုတင်ရေတွင်းတူးပေးတာမျိုးလုပ်ဖို့လိုအပ်ပါတယ်။ အစိုးရဌာနအနေနဲ့ ရေရှားတဲ့နေရာတွေရဲ့ စာရင်းတွေရှိတာပဲလေ။ ရေရှားတဲ့ တစ်ချို့ရပ်ကွက်တွေမှာ တွင်းတူးပေးတာမျိုးရှိတယ်။ အဲသလို ရေရှားတဲ့နေရာတွေအတွက် ကြိုတင်ပြီး တူးပေးတာမျိုးဖြစ်ရင်ကောင်းတယ်” လို့ ဆက်ပြီး ဒေသခံရဲ့လိုလားချက်ကို ဖြည့်စွက်ပြောပါတယ်။

အခုလို ရေရှားပါးမှုပြသနာမျိုး အတွက် အဓိကဖြေရှင်းမယ့်သူူက အစိုးရဌာနဖြစ်ပြီး ပြသနာရဲ့အရင်းအမြစ်ကို ရှာဖို့လိုသလို ဒေသခံတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ စာရေးဆရာ ကိုဆူး(ချင်းတောင်) ကထောက်ပြပါတယ်။

စာရေးဆရာ ကိုဆူး(ချင်းတောင်)က “ဒီပြသနာကို အဓိကဦးဆောင်ရမယ့်သူကတော့ အစိုးရဖြစ်တယ်။ဌာနဆိုင်ရာတွေလည်းပါရမှာပေါ့။ ဘာကြောင့်ရေခမ်းလာလည်းဆိုတာလည်း အဖြေရှာသင့်တယ်။ ရေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအလိုက် ဌာနဆိုင်ရာတွေ ဝင်လုပ်သင့်ပါတယ်။ ဌာနဆိုင်ရာအားလုံးမှာတာဝန်ရှိပါတယ်။ မဟုတ်ရင် နောင်အနာဂါတ်အတွက် ပြသနာဖြစ်မယ်။ ဒါကြောင့် အားလုံးပူးပေါင်းသင့်ပါတယ်” လို့သုံးသပ်ပါတယ်။

ဦးဇဗျက်ထန်ကတော့ ရေတွင်းတွေကို စက်ကြီးတွေနဲ့ ရေအဓိက ရှားပါးတဲ့နေရာတွေမှာ အစိုးရအနေနဲ့ တစ်ရွာလုံးသုံးနိုင်မယ့် ရေတွင်းတူးပေးတာတွေလိုတယ်လို့ပြောပါတယ်။ သူ့ရဲ့အတွေ့အကြုံအရ ပုဂ္ဂလိကအနေနဲ့ ကိုယ့်ဟာကိုယ်လုပ်ဖို့ခက်တယ်။ အရပ်ဖက်အဖွဲ့အစည်းတွေက ဒေသခံတွေအနေနဲ့လိုအပ်ချက်ရှိလာမှ ပြောတာဆိုတော့ ကြိုတင်လုပ်ပေးဖို့တော့ခက်တယ်။

အဓိကအားဖြင့် အစိုးရအနေနဲ့ ပွင့်လင်းကာလမှာ ရေရှားပါးမှုအတွက် ဘတ်ဂျက်ပိုပိုလိုလို ထားစေချင်တာနဲ့ အစိုးရအနေနဲ့ အဓိကတာဝန်ယူစေချင်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီဖက်ပိုင်းမှာ စီမံကိန်းတွေလုပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ဒီပြသနာကို စဉ်းစားပြီး ရန်ပုံငွေတွေ ပြင်ဆင်ထားသင့်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရုတ်တရက် ရေပြသနာကို တုံ့ပြန်ဖို့ အခက်အခဲဖြစ်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။