Input your search keywords and press Enter.

ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲနှင့်အတူချင်းအမျိုးသားနေ့အခမ်းအနားလုပ်ရန်စဉ်းစားထားဟုဆို

 

 

Ruth Su Pan

ဖေဖော်ဝါရီ ၂ဝရက်နေ့ချင်းအမျိုးသားနေ့ကို လူစုလူဝေးပြုလုပ်ခွင့်ဖြေလျော့ပါက ဖလမ်းမြို့အနီးတွင်တည်ဆောက်ထားသည့်ဆူရ်ဘုန်လေယာဉ်ကွင်း ဖွင့်ပွဲနှင့်အတူ ချင်းအမျိုးသားနေ့အခမ်းအနားလုပ်ရန်စဉ်းစားထားကြောင်း ချင်းပြည်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်မှ ပြောသည်။

“ဒီနှစ်မှာတော့ ကိုဗစ်ကာလ ပုံစံနဲ့ ဆိုရင်တော့ လွယ်တော့ မလွယ်ဘူး၊ ဒါမယ့် ကျွန်တော်တို့က လူကြီးတွေကို နည်းနည်းတောင်းဆို ပြီးတော့ တင်ပြဖို့ စဉ်းစားနေတာကတော့ ဒီဖလမ်း ဆုရ်ဘုန်းလေယဉ်ကွင်းက ပြီးသွားပြီ။ ပြီးသွားတော့ အဲဒီဟာက လေယဉ်ကွင်းဖွင့် ဖို့ရှိတယ်။ အဲဒီချင်းအမျိုးသားနေ့နှင့် ဖွင့်ပွဲလေး အဲလိုလည်း လုပ်လို့များရမလား ပေါ့လေ ကိုဗစ်အလွန်မှာ။ ဒါမယ့် ကိုဗစ်က အခုမှာ လူ ၃၀ ပဲ ကန့်သတ်လိုက်မယ် ဆိုရင်တော့ လုပ်လို့တော့ မရဘူးပေါ့။ တစ်ကယ်လို့ ဖေဖော်ဝါရီလ ထဲမှာများ ဒီဖြေလျှော့တာလေးများ နည်းနည်းရှိမယ် ဆိုရင်တော့ ချင်းအမျိုးသားနေ့ကို ကျွန်တော်တို့ ဟားခါးဖြစ်ဖြစ် ဖလမ်းဖြစ်ဖြစ် တစ်ခုခု လုပ်ပြီးတော့မှ ဒီဖလမ်း ဆုရ်ဘုန်း လေယဉ်ကွင်း ဖွင့်ပွဲလေးကလည်း လုပ်ဖို့ဆိုတဲ့ အိုင်ဒီယာလေးတော့ စဉ်းစားထားကြပါတယ်” ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးမှ ပြောသည်။

ချင်းအမျိုးသားနေ့အခမ်းအနားအတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် ဆုံးဖြတ်ချက်ချထားမှုမရှိသေးသော်လည်း လူစုလူဝေးပြုလုပ်ခွင့် ဖေဖော်ဝါရီလတွင် မဖြေလျော့လျှင် အကျဉ်းချုံးသာဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

လာမည့် ချင်းအမျိုးသားနေ့ပြုလုပ်ရန်နေရာနှင့် ပတ်သက္ပြီး ဦးစိုးထက်မှ ” တစ်ကယ်လို့များ ချင်းအမျိုးသားနေ့က လုပ်ဖို့ အဆင်ပြေမယ်ဆိုရင် ဖလမ်းမှာဖြစ်ဖြစ် ဟားခါးမှာပဲ ဖြစ်ဖြစ် တစ်နေရာရာ စဉ်းစားပြီးတော့ အချိန်ယူပြီး တိုင်ပင်ရအုံးမှာပါ၊ ကျွန်တော်တို့က မြို့တွေ အလှည့်ကျ ပေါ့နော် အဆင်ပြေနိုင်တဲ့ ဥစ္စာလေးတွေကိုလည်း စဉ်းစားရပြီးတော့ လုပ်တာလေးတွေ ရှိတော့လေ၊” ဟုပြောသည်။

ချင်းအမျိုးသားနေ့ကို ဌာနဆိုင်ရာ ပြခန်းများ၊ချင်းရိုးရာအကများနှင့်နိုင်ငံတော်အဆင့်ထိ နှစ်တိုင်းကျင်းပခဲ့ကြသည်။၂၀၂ဝပြည့်နှစ်၊၇၂ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။