Input your search keywords and press Enter.

ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အပြည့်အဝဖော်ဆောင်ပေးဖို့ လိုပြီ

 

Sami IDP Camp

 

သွေး (စစ်ကိုင်း)

ကလေးသူငယ်တိုင်း လွတ်လပ်စွာ ပညာသင်ယူခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ စစ်ပွဲတွေကနေ ထိခိုက်ခံစားရမှု မရှိအောင် ကာကွယ်ပေးတဲ့ အခွင့်အရေးတေွ ရရှိရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ မြန်မာနိုင်ငံမှာ ဒီနေ့အထိ ကလေးသူငယ်တွေဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရဆဲ ဖြစ်သလို ကလေးအလုပ်သမားတွေလည်း အများအပြား ရှိနေဆဲပါ။ ဒါကြောင့် “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ” ပါ ပြဋ္ဌာန်းချက်တွေ အတိုင်း လက်တွေ့ အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပါပြီ။

သိပ်မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မုန့်လုပ်ငန်း တစ်ခုက ကလေးသူငယ် တွေကို ခိုင်းစေခဲ့ရာမှာ… ကလေးငယ်တွေဟာ လုံလောက်မျှတတဲ့ လုပ်ခ, မရဘဲ ခိုင်းစေတာ ခံခဲ့ရသလို အလုပ်ရှင်ရဲ့ ရိုက်နှက်မှုကိုပါ ခံခဲ့ရတယ် လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းက တရားဝင်လည်ပတ် လုပ်ကိုင်နေတဲ့ အလုပ်ရုံပုံစံလည်း မပေါ်ဘဲ ကလေးအလုပ်သမားတစ်ဦး အလုပ်ခွင်ကနေ ထွက်ပြေးပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းကို လာရောက် တိုင်ကြားရာကနေ စတင်သိရှိခဲ့ရတာပါ။

ရဲတပ်ဖွဲ့ကနေ ကလေးအလုပ်သမားတွေကို ထပ်မံ ကယ်ထုတ်ခဲ့ရပြီး၊ အလုပ်ခွင်မှာ လုပ်ကိုင်နေရတဲ့ ကလေးတွေထဲက ၁၀ ယောက်ဟာ ကိုဗစ်ကူးစက်ခံထားရတာကိုပါ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ကလေးအလုပ်သမား တစ်ယာက်ရဲ့ မိခင်ဖြစ်သူ ပြောပြချက်အရ ကလေးတွေနဲ့ မိဘ တွေ့ဆုံခွင့် မရှိဘဲ… တခါတရံ ဝရန်တာကသာ စကားပြောရတယ် ဆိုတဲ့ အတွက် သူတို့ရဲ့ ကလေးသူငယ် အခွင့်အရေးသာမက လူ့အခွင့်အရေးကိုပါ ချိုးဖောက်ခံခဲ့ရတာ ထင်ရှားနေပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတော်တော်များများမှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုး အဖြစ် လုပ်ကိုင်နေရတဲ့ ကလေးတွေလည်း ရှိပါတယ်။ သူတို့ဟာ အခြေခံအကျဆုံး အခွင့်အရေးဖြစ်တဲ့ ပညာသင်ယူခွင့် ဆုံးရှုံးနေရသလို အခုလို ကိုဗစ်ကာလမှာ ရောဂါပိုးအလွယ်တကူ ကူးစက်ခံရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ပုံမှန်အားဖြင့် လက်ဖက်ရည်ဆိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကလေးတွေဟာ စားရိတ်ငြိမ်းနဲ့ လုပ်ကိုင်ကြရတာ ကြောင့် အတိုင်းအတာတစ်ခုအထိ အဆင်ပြေတယ် လို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့ တချို့သော လုပ်ငန်းခွင်တွေမှာတော့ ဖိနှိပ်ခိုင်းစေခံရတာမျိုးတွေ ရှိနေဆဲဖြစ်ပြီး မိဘတွေ ဘက်ကလည်း ခိုင်းစေချင်လို့ ဆိုတာထက် မိသားစု စားဝတ်နေရေး အဆင်ပြေဖို့ ပို့ထားကြရတာက အများစုပါ။

လတ်တလောမှာတော့ ကိုဗစ်ရောဂါထိန်းချုပ်ရေး အတွက် ဆိုင်ထိုင် စားသောက် တာကို တားမြစ်ထားပြီး ပါဆယ်နဲ့သာ ရောင်းချခွင့် ပေးထားတာလို့ ကလေးအလုပ်သမားတွေ အတွက် အနည်းငယ် သက်သာခွင့်ရနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သို့ပေမဲ့ အခြားတစ်ဖက်ကကြည့်ရင် ကိုဗစ်ထိန်းချုပ်ရေး အစီအမံအတိုင်း လိုက်နာ လုပ်ကိုင်ရတဲ့ လ,တွေ ကြာမြင့်လာတာနဲ့ အမျှ လက်ဖက်ရည်ဆိုင်တွေဟာ ဆက်လက်ရပ်တည်နိုင်ဖို့ ခဲယဉ်းလာသလို ရောင်းရသမျှလေး အပေါ် မျှဝေသုံးစွဲလာရတဲ့ အနေအထား ဖြစ်လာပါတယ်။ ပိုဆိုးတာက တချို့လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင် တွေဟာ လုံးလုံးလျားလျား ပိတ်လိုက်ရတဲ့ အနေအထားကို ရောက်သွားတာကြောင့် ကလေးတွေ အလုပ်လက်မဲ့ ဖြစ်သွားရတာတွေပါ။ သူတို့အနေနဲ့ လုပ်ခ,လစာ မရတော့တဲ့ အခြေအနေရယ်၊ ရပ်ရွာဒေသကို ချက်ချင်းပြန်လို့ မရတဲ့ အခြေအနေရယ်၊ နောက်ပြီး တကယ်လို့ ပြန်လို့ ရခဲ့တယ် ဆိုရင်တောင် အခြားအလုပ်အကိုင် မရနိုင်သေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

လက်လုပ်လက်စား မိသားစုတွေက ကလေးသူငယ်တွေ ဆိုရင်လည်း ကိုဗစ်ကာလမှာ နေထိုင်ရှင်သန်ရေး အတွက် ခက်ခဲတဲ့ အခြေအနေမှာ ရှင်သန်နေရတာပါ။ Stay at Home အဖြစ် သတ်မှတ်လိုက်တဲ့ မြို့နယ်တွေ များပြားလာတာနဲ့ အမျှ မိဘဖြစ်သူတွေက အပြင်ထွက် အလုပ်လုပ် ဝင်ငွေရှာဖို့ မလွယ်ကူ ဖြစ်လာပါတယ်။ ထမင်းတောင် ဝလင်အောင် မစားနိုင်ကြတဲ့ ကလေးတွေ ရှိလာနေသလို ငါးပိရည်နဲ့ ပတ်ဝန်းကျင်မှာ ပေါက်နေတဲ့ ဟင်းသီးဟင်းရွက်နဲ့ ကန်စွန်းရွက် တွေကို ကြော်ကျွေးနေရတယ် ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်တွေမှာ မကြာခဏတွေ့လာရပါတယ်။ ပြီးတော့ ကိုဗစ်ကာလမှာ လမ်းဘေးတောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေဟာ ခိုကိုးရာမဲ့ ပိုဖြစ်လာပြီး ရောဂါကူးစက် ခံရလို့ လမ်းဘေးမှာ သေဆုံးရတာတွေလည်း ရှိလာပါတယ်။

ကလေးသူငယ်တွေ အပေါ် လိင်အမြတ်ထုတ်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေလည်း ပိုများလာပါတယ်။ ဖခင်အရင်းက သမီးအရင်းကို အဓမ္မပြုကျင့်မှု၊ အစ်ကိုအရင်းက ညီမအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်စဉ်တွေပါ သတင်းတွေမှာ တွေ့လာရတာက စိတ်မကောင်းစရာပါ။ သက်ငယ်မုဒိမ်းမှုတွေမှာ ကျူးလွန်သူကို ဖမ်းဆီးရမိတာ ရှိသလို ဖမ်းဆီးမရတာတွေလည်း ရှိပါတယ်။

၂၀၁၉ ခုနှစ်၊ မေလကတည်းက ဖြစ်ပွားခဲ့တဲ့ နေပြည်တော်က ဗစ်တိုးရီးယားဆိုတဲ့ ကလေးငယ်လေး အဓမ္မပြုကျင့်ခံရမှု မှာ ကျူးလွန်သူကို ဒီနေ့အထိ မဖော်ထုတ်နိုင်သေးတာက တရားဥပဒေစိုးမိုးမှု အားနည်းနေတာကို သက်သေပြနေသလို ကလေးသူငယ် အခွင့်အရေးကို လျစ်လျူရှု ပစ်ပယ်ထားရာလည်း ကျပါတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေတဲ့ အပြင် ဒီလိုဖြစ်ရပ်ဆိုးတွေ လျော့ကျလာဖို့ ပညာပေးအစီအစဉ်တွေပါ ပြုလုပ်ပေးရမှာပါ။

သိပ်မကြာသေးမီကပဲ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဒုက္ခသည် စခန်းမှာ ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို လူ ၃ ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်သူတွေကို ဖမ်းမမိသေးပါဘူး။ ဒီလို ဖြစ်ရပ်တွေဟာ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အခန်း ၁၆ မှာ ဖော်ပြထားချက်နဲ့ ဆန့်ကျင်ကွဲလွဲနေပါတယ်။

“မည်သူမျှ ကလေးသူငယ်အပေါ် တစ်နည်းနည်းဖြင့် နစ်နာဆုံးရှုံးစေခြင်း၊ သို့မဟုတ် ထိခိုက်ဒဏ်ရာရစေသည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ဖြစ်စေ မပြုလုပ်ရ” လို့ ဖော်ပြထားပါတယ်။ ဒါအပြင် သက်ငယ်မုဒိမ်မှု ကျူးလွန်သူတွေကို အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ထောင် အနှစ် ၂၀ ထိပဲ ချမှတ်နိုင်သေးတာလည်း တွေ့ရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ Myanmar Economics Monitor Reports မှာတော့ နိုင်ငံ ကလေးသူငယ် ဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ကိုဗစ်ကာလ မတိုင်မီကပင် ကျောင်းမတက်နိုင်ကြဘူး လို့ ဆိုပါတယ်။ ကိုဗစ်ကာလ အတွင်းမှာတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အဆင်းရဲဆုံး ကလေးတွေဟာ ပညာသင်ယူခွင့် ထာဝရဆုံးရှုံးစရာ ရှိနေတယ် လို့လည်း ဖော်ပြထားပါတယ်။

ဒီလို အခြေအနေဟာ နိုင်ငံရဲ့ အနာဂတ်အတွက် စိတ်မကောင်းစရာ တကယ့်အရှိတရားတွေ ဖြစ်ပြီး ကလေးသူငယ်တွေ ဟာ စီးပွားရေး မပြေလည်မှုတွေ၊ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးရရုံသာမက ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတေွ၊ အသက်ဆုံးရှုံးရတာတွေပါ ရှိနေပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအခန်း ၁၇၊ “ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ” မှာ “ပဋိပက္ခ၏ ရလဒ်အဖြစ် နေရပ်စွန့်ခွာရသော ကလေးသူငယ်များနှင့် ဒုက္ခခံစားရသူ ကလေးသူငယ်များ၏ ဘဝရပ်တည်ရန် ခက်ခဲမှုကို ထည့်သွင်းစဉ်းစးပြီး အန္တရာယ်ကင်းရှင်းစွာ အခြေခံဝန်ဆောင်မှုများကို ရယူနိုင်စေရေးတို့ အတွက် ဦးစားပေး ကိစ္စအဖြစ် ဆောင်ရွက်ရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။

လက်တွေ့ အနေအထားမှာတော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲက မြိုနယ်တွေမှာ တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေထဲမှာ ကလေးသူငယ်တွေ အများကြီး ပါဝင်နေပါတယ်။ တိုက်ပွဲတွေ ရပ်တန့်သွားပေမဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ပြီး နေရပ်မပြန်နိုင်သေးသူတွေလည်း ရှိနေဆဲပါ။ အခုလို ကိုဗစ်ကာလ အတွင်းမှာ ရောဂါပိုးကူးစက်ခံရမှာ စိုးထိတ်နေကြရသလို တချို့ ဒုက္ခသည် စခန်းတွေမှာ ရိက္ခာပြတ်လပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်သေဆုံးသွားရသူ ကလေးငယ် ၁၃ ယောက်ထိ ရှိတယ် လို့ ယူနီဆက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲရှောင် ဒုက္ခသည်တွေထဲက ၄၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေ ဖြစ်တယ် လို့ RFA သတင်းတစ်ရပ် အရ သိရပါတယ်။

အသက် ၁၇ နှစ် အရွယ်ပဲ ရှိသေးတဲ့ “မစန္ဒာအေး” ဟာ ကျောက်တော်မြို့နယ်က ဖြစ်ပြီး မိသားစုကို ရှာဖွေကျွေးမွေး နေသူပါ။ နိုဝင်ဘာ ၄ ရက်နေ့က မိခင်နဲ့ အတူ တောထဲကို ဟင်းသီးဟင်းရွက် ရှာဖွေခူးယူဖို့ သွားနေချိန်မှာ မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက် နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရတာက ထင်ရှားတဲ့ သာဓက ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကလေးသူငယ်တွေရဲ့ အခွင့်အရေး ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရမှာ ဖြစ်သလို သူတို့ရဲ့ ဘဝတွေ ပြန်လည်ထူထောင်နိုင်ရေး အတွက်ပါ အထူးအလေးပေး လုပ်ဆောင်ပေးရမှာပါ။ ပညာသင်ယူနိုင်တဲ့ ကလေးသူငယ်တိုင်း စာသင်ကျောင်းကို သွားနိုင်ဖို့၊ အာဟာရပြည့်ပြည့်ဝတ စားသောက်နိုင်ဖို့၊ ကလေး အလုပ်သမားဦးရေ လျော့ကျလာဖို့၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကနေ ကာကွယ်ပေးဖို့ အတွက် “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ” ပါ ပြဋ္ဌာန်းချက်တွေ အတိုင်း အခြေခံကျကျ အကောင်အထည်ဖော်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။