

သွေး (စစ်ကိုင်း)
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပြပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ တိုင်းရင်းသား ပါတီတွေထဲက အနိုင်ရရှိတဲ့ ပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နဲ့ ရခိုင်အမျိုးသားပါတီ (ANP) က မဲဆန္ဒနယ် အများဆုံး ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတဲ့ ပါတီက ကိုယ်စားလှယ်တွေ အနေနဲ့ လာမယ့် ဖေဖော်ဝါရီမှာ လွှတ်တော်ခေါ်ယူ ရတော့မှာ ဖြစ်သလို အဲဒီလွှတ်တော်ကနေ သမ္မတနဲ့ အစိုးရအဖွဲ့သစ်ကို တင်မြေှာက်ရတော့မှာပါ။
ကိုယ်စားလှယ်တွေထဲမှာ ထက်မြက်တဲ့၊ အရည်အချင်းရှိတဲ့သူတွေ ပိုမိုပါဝင်လာမယ် ဆိုရင် နိုင်ငံအတွက် အများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွတ်တော်သက်တမ်းအတွင်း ပါဝင်ခဲ့တဲ့ ကိုယ်စားလှယ်တွေကို ပြန်လည် သုံးသပ် ကြည့်ရင် ခွင့်ရက်အများဆုံး ယူခဲ့တဲ့ ကိုယ်စားလှယ်တွေ၊ အဆိုတစ်ခုမှ မတင်သွင်းခဲ့သူတွေလည်း တွေ့ခဲ့ရပါတယ်။ တဖန် အခုရွေးကောက်ပွဲမှာလည်း အဆိုပါ တာဝန်ကျေပြွန်မှု မရှိတဲ့ ကိုယ်စားလှယ်တချို့ ပြန်လည် ရွေးချယ်ခံရတာ တွေ့ရတာကြောင့် အရင်ကအတိုင်း တာဝန်မဲ့နေမလားလို့ ပြည်သူတစ်ယောက်အနေနဲ့ တွေးပူစိုးရိမ်မိပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အသက်အရွယ်ကြီးသူတွေ ပါဝင်ခဲ့သလို လူလတ်ပိုင်းတွေ လည်း ပါဝင်ခဲ့ပါတယ်။ ယေဘုယျအားဖြင့် လူလတ်ပိုင်း ကိုယ်စားလှယ်တွေက အသက်အရွယ် ကြီးရင့်တဲ့ ကိုယ်စားလှယ်တွေထက် ပိုပြီး အဆိုတွေ တင်သွင်းနိုင်ခဲ့တာ၊ မိမိရဲ့ မဲဆန္ဒနယ်ကို ကိုယ်တိုင်သွားရောက် ကွင်းဆင်းပြီး ပြည်သူတွေအတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးနိုင်ခဲ့တာတွေ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုရမှာပါ။ ဒါပေမဲ့ တိုင်းဒေသကြီး အစိုးရနဲ့ ပြည်နယ် အစိုးရ ဝန်ကြီးချုပ်တွေထဲက အများစုက အသက် ၆၀ အထက် ဖြစ်နေခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်တွေကတော့ လူလတ်ပိုင်း အရွယ်တွေ ဖြစ်ပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်ရာထူးဟာ အုပ်ချုပ်ရေးကြီးတဲ့ ရာထူးနေရာဖြစ်လို့ အသက်အရွယ် သိပ်မကြီးသေးသူတွေ ဖြစ်ရင် ပိုပြီးသင့်တော် သလို တစ်ချိန်တည်းမှာပဲ ဆုံးဖြတ်ချက်ချ ဦးဆောင်ရာမှာလည်း မှန်ကန် ထက်မြက်သူတွေ ဖြစ်ဖို့၊နဲ့ လိုအပ်ရင် လိုအပ်သလို အချိန်နဲ့ တပြေးညီ သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်သူတွေ ဖြစ်ဖို့ လိုပါတယ်။ တချို့သော ဝန်ကြီးတွေဟာ စွမ်းဆောင်ရည်အားဖြင့် အားရစရာ မကောင်းလို့ နောက်တစ်ကြိမ် ထပ်ပြီး တာဝန်မထမ်းဆောင်စေသင့်ဘူး လို့ ဝေဖန်ကြသူတွေလည်း ရှိပါတယ်။
တချို့ဝန်ကြီးချုပ်တွေဟာလည်း စကားအပြောအဆို မဆင်မခြင် မှားယွင်းမှုတွေ ရှိခဲ့ပြီး.. ဥပမာ- ကျောင်းဆရာမတွေကို တာဝန်ကျရာအရပ်မှာ မြဲစေဖို့ ဒေသခံလူငယ်တွေက ရည်းစားစကား ပြောသင့်တယ် လို့ ပြောကြားခဲ့တဲ့ အတွက် တောင်းပန်ခဲ့ရတာက သာဓက ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာလည်း အဂတိလိုက်စားမှုနဲ့ အရေးယူခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရ သက်တမ်းအတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေထဲမှာလည်း အသက် ၆၀ နဲ့ အထက် အသက်အရွယ် ကြီးသူတွေ အများအပြား ပါဝင်ခဲ့တာ တွေ့ရပြီး သူတို့ရဲ့ တာဝန်ယူ၊ တာဝန်ခံ ထမ်းရွက်မှု အားနည်းချက်တွေကြောင့် ပြည်သူတွေက အားမရ၊ မလိုလား ဖြစ်နေတာလည်းတွေ့ရပါတယ်။ အဲဒီအထဲမှာ ပြန်ကြားရေး ဝန်ကြီး၊ ပညာရေး ဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးတွေ ပါဝင်နေပါတယ်။
အသစ်ဖွဲ့စည်းမယ့် လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာပါ လူလတ်ပိုင်း အရွယ် ထက်မြက်တဲ့ သူတွေ ပါဝင်လာရင် တိုင်းပြည် ပြုပြင် ပြောင်းလဲရေးနဲ့ ပြည်သူ့အကျိုး ဆောင်ကျဉ်းပေးရာမှာ ပိုမိုခရီးရောက်နိုင်တယ် လို့ ယူဆရပါတယ်။ လက်ရှိရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေထဲက ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး “ဒေါ်ထုမေ” ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော်မှာ အဆိုတွေ အများကြီး တင်သွင်းခဲ့သူ၊ ထက်မြက်တဲ့ အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးပါ။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် “မအယ်ဗလင်း” ဆိုရင်လည်း လူငယ်တစ်ယောက် ဖြစ်သလို အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက်ပါ ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ထပ်ကိုယ်စားလှယ်တွေကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကပဲ ရွေးချယ်ခံရတဲ့ “မော်မိုးမြာ” နဲ့ ကရင်နီလူငယ်တွေရဲ့ မြေယာအရေးအခင်းအတွက် တက်တက်ကြွကြွပါဝင်ခဲ့တဲ့ “ကိုဒီးဒီ” တို့လို လူငယ်တွေ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ အများစု အနိုင်ရရှိခဲ့တာက NLD ပါတီပဲ ဖြစ်လို့ အရေးချယ်ခံ ကိုယ်စားလှယ်များ အနေနဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်စဲရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြည်နယ်အတွက် အမှန်တကယ် လိုအပ်နေတဲ့ လိုအပ်ချက်တွေကို သိရှိ အကောင်အထည် ဖော်ပေးနိုင်သူတွေ ပြည်နယ် အစိုးရအဖွဲ့မှာ ပါဝင်လာရင် ပိုမိုကောင်းမွန်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာရော၊ အစိုးရအဖွဲ့ထဲမှာပါ ဘာသာစကား ကျွမ်းကျင်မှု ရှိသူ၊ အရည်အချင်းရှိသူ၊ ပြည်သူအတွက် စေတနာထားသူတွေ များများ ရှိမှသာ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြား ပိုပြီး ဟန်ချက်ညီလာမှာလည်း ဖြစ်လို ပြည်နယ် အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတွေ ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ ဝန်ကြီးဌာတွေမှာ ဝန်ကြီးရွေးချယ်မှုကို ဘယ်လို လုပ်ဆောင်သွားမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဝန်ကြီး၊ ဒုဝန်ကြီး အဖြစ် ခန့်ထားမယ့်သူတွေဟာ အသက်အရွယ်အရ ၆၀ ကျော်တွေ များနေရင် လုပ်ငန်းဖော်ဆောင်မှု အပိုင်းမှာ လျင်မြန်သွက်လက်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူ့ဝန်ထမ်း တစ်ဦးဆိုရင် အသက် ၆၀ မှာ သက်ပြည့်ပင်စင် ယူခွင့်ရှိနေတာက သာဓကပါပဲ။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စည်ပင်သာယာရေး ဝန်ကြီးနေရာဟာ အရေးပါတဲ့ နေရာဖြစ်ပါတယ်။ ဥပမာ – ရန်ကုန်တိုင်းဒေသကြီးမှာ စည်ပင်သာယာရေး ဝန်ကြီးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ အများဝေဖန်စရာ ဖြစ်ခဲ့ရသလို မန္တလေးတိုင်းနဲ့ ယှဉ်ကြည့်ရင် ယှဉ်နိုင်တဲ့ အနေအထား မရှိခဲ့ဘူး ဆိုတာ သုံးသပ်နိုင်ပါတယ်။
ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးတွေ ခန့်အပ် ရာမှာလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အမှန်တကယ် ကျွမ်းကျင်တဲ့ သူတွေ ဖြစ်မှသာ တိုးတက်ဖြစ်ထွန်းမှုတေွ ရရှိလာမှာပါ။ နောက်ထပ် သတိပြုရမယ့် အချက်တစ်ခုက သက်ပြည့်ပင်စင်ယူထားပြီးသူတွေ၊ အရင်ခေတ်တွေ အတိုင်း မိုးကျရွှေကိုယ်တွေ ဝန်ကြီးဖြစ်လာတာမျိုး မဖြစ်စေဖို့ပါပဲ။ ဝန်ကြီးနေရာ အတွက် ပညာရှင်တွေကို ပြင်ပကနေ ခေါ်ယူခန့်အပ်တာလည်း လုပ်ဆောင်နိုင်တာကြောင့် ပညာရပ်လုပ်ငန်းနယ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ခန့်အပ်တာက ပိုမိုသင့်တော် ကောင်းမွန်ပါလိမ့်မယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ဖင်လန်နိုင်ငံက အစိုးရ အဖွဲ့အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဖင်လန်ဝန်ကြီးချုပ် Sanna Marin ဟာ ဖင်လန်နိုင်ငံရဲ့ ၄၆ ဦးမြောက် ဝန်ကြီးချုပ် အဖြစ် အရွေးချယ်ခံခဲ့ရပြီး သူမကို ၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်လို့ အသက် ၃၅ နှစ်ပဲ ရှိသေးပါတယ်။ သူမဟာ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသလို လက်ရှိ ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဘီဘီစီ အသံလွှင့်ဌာနရဲ့ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းမှာ ပါဝင်သူလည်း ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံရဲ့ ပညာရေး ဝန်ကြီး Li Andersson ကလည်း အသက် ၃၃ နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီးတစ်ဦးပါ။ ငယ်ရွယ်တဲ့ အစိုးရအဖွဲ့ဝင်တွေ ပါဝင်နေတာကြောင့် ဖင်လန်အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ပြည်သူတွေက လိုလားထောက်ခံတာ တွေ့ရပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာလည်း ထူးချွန်ထက်မြက်တဲ့ ပညာရှင်တွေ၊ လူငယ်တွေ၊ လူလတ်ပိုင်းတွေ ရှိနေတာ မမေ့သင့်ဘဲ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းမှာ တွေ့ကြုံရတဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည် ဆန်းစစ်ရမှာပါ။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ပေါ်ထွန်းလာမယ့် အစိုးရအဖွဲ့သစ်မှာ လူမှန်နေရာမှန် ရွေးချယ်ခန့်ထားနိုင်တာနဲ့ အမျှ ပြည်သူတွေ အတွက်လည်း အကျိုးရှိစေမှာ အမှန်ပါပဲ။
ဒါကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ခန့်အပ်တဲ့ အခါမှာရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ခန့်အပ်တာဝန်ချထားရာမှာပါ မျိုးဆက်သစ်တွေနဲ့ သွေးသစ်လောင်းမယ့် အစိုးရတစ်ရပ် ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ အဲဒီလို လူမှန်နေရာမှန် အစိုးရဖြစ်လာမှသာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ မှန်ကန်မှာ ဖြစ်သလို စွမ်းဆောင်ရည်လည်း မြင့်မားလာမှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။ ။