Input your search keywords and press Enter.

ချင်းပြည်နယ်လွှတ်တော် ၂၃ ကြိမ်မြောက် အစည်းအဝေးသည်ပြည်နယ်ကိုလွှမ်းခြုံသည့်အစည်းအဝေးမဖြစ်ခဲ့

Lian Tuang

ချင်းပြည်နယ် ဒုတိယလွှတ်တော် ၂၃ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို ၃-၄ရက်နေ့ ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်တွင် ပြုလုပ်ပါသည်။

ကိုဗစ်-၁၉ကပ်ဘေး ကာလအကန့်အသတ််များစွာကြားက မဖြစ်မနေ ကျင်းပပြုလုပ်နေသဖြင့် အများပြည်သူအတွက် အင်မတန်အရေးကြီးသော အကြောင်းအရာများဆွေးနွေးကာ လူထုတစ်ရပ်လုံးအတွက် ဝမ်းသာစရာ မျှော်လင့်စရာ သတင်းကောင်းများ ကြားရမြင်ရလိမ့်မည်ဟုမျှော်လင့်လျက် ဝမ်းသာနေမိပါသည်။

သို့သော်လည်း နှစ်ရက်တာ ကျင်းပသော ၎င်းအစည်းအဝေးတွင် ဆွေးနွေးသောအကြောင်းအရာမှာ အဓိကအားဖြင့် ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အစီရင်ခံစာတင်သွင်းခြင်းနှင့် ဟားခါးမြို့ရေဖြန့်ဝေရေး ကိစ္စ နှစ်ခုသာ ဖြစ်သည်ဟုဆိုရပါမည်။

ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အစီရင်ခံစာတင်သွင်းခြင်းမှာ ပုံမှန်အတိုင်း အေးအေးဆေးဆေး အဆင်ပြေနေသော်လည်း ဟားခါးမြို့ရေဖြန့်ဝေရေး ကိစ္စတွင်မူ အသည်းအသန် ဆွေးနွေးငြင်းခုံနေကြပါသည်။
ချင်းပြည်နယ်လွှတ်တော်သက်တမ်း တစ်လျှောက်လုံး အဆူညံဆုံးနှင့်အသက်အဝင်ဆုံးသောနေ့ရက်များပင်ဖြစ်ပါမည်။

ဦးပြေမင်း (ပလက်ဝ) အဆိုတင်သွင်းသည့် ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသော ဟားခါးမြို့ပေါ်ရေဖြန့်ဝေရေးစီမံကိန်းသည် ယနေ့ချိန်ထိ အပြီးမသတ်နိင်သည့်အပေါ် မေးခွန်းထုတ်ခြင်းနှင့် ၄င်းစီမံကိန်းအား လက်ရှိအစိုးရသက်တမ်းအတွင်း အပြီးသတ်လုပ်ဆောင်ရန်တိုက်တွန်းသည့်အဆိုဖြစ်သည်။
အဆိုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရကိုယ်စား ဝန်ကြီးချုပ်နှင့် ဦးစိုးထက် (စည်ပင်ဝန်ကြီး) တို့မှ ပြန်လည်ရှင်းလင်းခဲ့ပါသည်။ ရှင်းလင်းချက် အကျဉ်းမှာ ဟားခါးမြို့ပေါ်သောက်သုံးရေအတွက် ယခင်အစိုးရလက်ထက်တွင် ၈.၈ ဘီလီယံဖြင့် သီမြစ်ချောင်းမှရေသွယ်တန်းပြီး ယခုအစိုးရလက်ထက် ဟားခါးမြို့ပေါ် ရေဖြန့်ဝေရေးအတွက် ၂၀၁၆ ခုနှစ်တွင် ကျပ် သန်း ၂၉၀၀၊ ၂၀၁၉ ခုနှစ်တွင် ကျပ် သိန်း ၄၄၀၀ နှင့် ၅၃၅၀ အသီးသီး (၁၂.၆ ဘီလီယံ) အသုံးပြုကြောင်း၊ ပြည်နယ်အစိုးရအတွင်းရေးမှုးဟောင်း ဦးပြုံးချို နှင့်တင်ဒါအောင်ကုမ္ပဏီတစ်ခု အရေးယူခံမှုနှင့်ဆက်စပ်ပြီးယင်းစီမံကိန်းကြီးအပေါ်ရိုက်ခတ်နေကြောင်း၊ကုမ္ပဏီများ၏အားနည်းချက်များလည်းရှိနေကြောင်း စီမံကိန်းနှင့်ပတ်သက်ပြီး ကုမ္ပဏီများ၏ လုပ်ငန်းအသေးစိတ်လေ့လာစမ်းစစ်မှု အားနည်းနေခြင်းကြောင့် လုပ်ငန်းခွင်တွင် မှားယွင်းမှုနှင့် ကြန့်ကြာမှု ဖြစ်စေကြောင်း၊ လုပ်ဆောင်မှုမှားယွင်းပြီး ကြီးကြပ်ကွပ်ကဲမှုအားနည်းနေသောကြောင့် ဝန်ကြီးတစ်ပါးနှင့် ပြည်နယ်အဆင့် အရာရှိတစ်ဦးကို အရေးယူထားကြောင်း၊ လက်ရှိတွင် စီမံကိန်း ၆၅% ခန့်ပြီးမြောက်ပြီး အိမ်ခြေ ၂၀၀၀၀ ခန့်က သောက်သုံးရေရရှိပြီဖြစ်ကြောင်း၊ ဟားခါးရေဖြန့်ဝေရေးလုပ်ငန်းတင်ဒါ ရရှိနိင်ရန် ချောင်း ၄ သွယ်မှ ရေသွယ်တန်းပေးနိ်င်သော ကုမ္ပဏီအား တင်ဒါ ချပေးရန် တရားဝင်မဟုတ်သော အလွတ်သဘောဖြင့် ကြိုတင်သဘောတူမှုများ ပြုလုပ်ခဲ့ကြောင်း , , , ဦးပြေမင်း၏ အဆိုအား အတည်မပြုဘဲ လွှတ်တော်မှတ်တမ်း အဖြစ်သာ သတ်မှတ်ထားရန် ရှင်းလင်းတင်ပြတောင်းဆိုနေပါသည်။

အစိုးရအဖွဲ့၏ရှင်းလင်းချက်များနှင့် ပြည်နယ်စားရင်းစစ်ချုပ် အစီရင်ခံစာပေါ် အခြေခံပြီး ကိုယ်စားလှယ်အသီးသီးမှ ပြန်လည်ဆွေးနွေးချေပခဲ့ကြပါသည်။ သဘောထားကွဲလွဲမှု ကြီးမားနေသော်လည်း အပြန်အလှန်ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေကြပါသည်။ သဘောတူညီမှုမရရှိနိင်သဖြင့် မဲခွဲဆုံးဖြတ်ကြရာ ၅:၁၅ ဖြင့် ဦးပြေမင်း၏အဆိုအတိုင်း အတည်ပြုကြပါသည်။

အစိုးရအဖွဲ့၏ရှင်းလင်းတင်ပြချက်များပေါ်အခြေခံပြီး အနည်းငယ်တွေးဆန့်ဆွေးနွေးသုံးသပ်မည််ဆိုပါက
၁။ ပြည်နယ်အတွင်းရေးမှူးဟောင်း ဦးပြုံးချို အမှုကိစ္စကြောင့် ရေဖြန့်ဝေရေးစီမံကိန်းတစ်ခုလုံး နှောင့်နှေးနေရသည် ဟူသောပြောဆိုမှုသည် ယုတ္တိ မတန် လက်တွေ့မကျလှပါ။ ဦးပြုံချိုသည် ချင်းပြည်နယ်မှ ကယားပြည်နယ်သို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့တွင်း အိမ်ယာရောင်းဝယ်မှုတစ်ခုနှင့် ပတ်သက်ဆက်နွယ်မှုတစ်ခုကြောင့် တရားရင်ဆိုင်နေရသည်မှာ အများအသိပင်ဖြစ်ပါသည်။

ထို့ပြင် ၄င်းတာဝန်ယူချိန်အတွင်း တင်ဒါရောင်းဝယ်မှုစာချုပ်များတွင် အစိုးရ ကိုယ်စား ပါဝင်ပတ်သက်မှု ရှိနေသော်လည်း စာချုပ်သဘောသဘာဝအရ အစိုးရနှင့် ကုမ္ပဏီ ကြား ချုပ်ဆိုထားခြင်းဖြစ်ရာ စီမံကိန်းတစ်ခုလုံး ပြီးမြောက်အောင်မြင်နိုင်ရေးနှင့် ယင်းကိစ္စရပ်အားလုံးအတွက် အဓိကတာဝန်ရှိသူမှာ အစိုးရသာဖြစ်ပါသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ဦးပြုံးချိုအပေါ် အစိုးရအဖွဲ့၏ပြောဆိုမှတ်ချက်ပြုခြင်းသည် မိမိအားနည်းချက်ကို ဖုံးကွယ်လိုသောသဘောဖြင့် အပြင်လူတစ်ယောက်အပေါ် အပြစ်ပုံချလျက် အသရေဖျက်ခြင်းသက်သက်ဖြစ်သည်ဟု သုံးသပ်ရပါမည်။ (အစိုးရအဖွဲ့၏ ရှင်းလင်းချက်များအပေါ် အခြေခံခြင်းသာဖြစ်သည်)

၂။ စီမံကိန်းလုပ်ဆောင်မှုမှားယွင်းပြီး ကြီးကြပ်ကွက်ကဲမှုအားနည်းနေသောကြောင့် ဝန်ကြီးတစ်ပါးနှင့် ပြည်နယ်အဆင့် အရာရှိ တစ်ဦးကို အရေးယူထားကြောင်း၊ ဟူသော ပြောဆိုမှုကိုလည်း အနည်းငယ်သုံးသပ်ဆွေးနွေးရပါမည်။
ရေဖြန့်ဝေရေးနှင့်ပတ်သက်ပြီး လက်ရှိမြေပြင်အနေအထားတစ်ခုလုံးနှင့် အထက်ပါအစိုးရအဖွဲ့၏ ရှင်းလင်းချက်များကို နှှိုုင်းယှဉ်သုံးသပ်မည်ဆိုပါက အဆိုပါအရေးယူမှု နောက်ပိုင်းတွင် လုံလောက်သည့်အချိန်ကာလနှင့် လိုအပ်သည့် လုပ်ပိုင်ခွင့်များရရှိနေသော်လည်းမျော်မှန်းသည့်ရလဒ်များကိုယနေ့အချိန်ထိပင်အကောင်အထည်မဖော်ဆောင်နိင်ကြသဖြင့် အဆိုပါအရေးယူမူသည် မှားယွင်းသော လုပ်ဆောင်မူ တစ်ရပ်ဟု သုံးသပ်ရပါမည်။

ထိုသို့မဟုတ်ပါက ယခင် အရေးယူထားသကဲ့သို့ ဝန်ကြီးတစ်ပါးနှင့် ပြည်နယ်အဆင့် အရာရှိ တစ်ဦးအား တာဝန်မှရပ်ဆိုင်းကာ ချက်ခြင်းအရေးယူရမည့် အနေအထားဖြစ်ပါသည်။ ပြည်နယ်အစိုးရအနေဖြင့် အကြောင်းအရာနှင့် အဖြစ်အပျက် တစ်ခုတည်းပေါ်တွင် ဥပဒေ နှစ်မျိုးဖြင့် ကိုင်တွယ်နေသလား သို့မဟုတ် အားနည်းချက် လိုအပ်ချက်များကို ရိုးသားစွာ ဝန်ခံပြီး အခြေအနေမှန်ကို ရဲရဲဝံ့ဝံံ့ ရင်ဆိုင်မည်လား ဆိုတာ ဆက်လက်စောင့်ကြည့်ရပါမည်။

၃။ အစိုးရအနေဖြင့် ဟားခါးရေဖြန့်ဝေရေးလုပ်ငန်းတင်ဒါ ရရှိနိင်ရန် ချောင်း ၄ သွယ်မှ ရေသွယ်တန်းပေးနိ်င်သော ကုမ္ပဏီကို တင်ဒါ ချပေးရန် တရားဝင်မဟုတ်သော အလွတ်သဘောဖြင့် ကြိုတင်သဘောတူမှုများ ပြုလုပ်နေသည်မှာလည်း လက်ရှိတင်ဒါ စည်းမျဉ်း စည်းကမ်းများနှင့် ကို်က်ညီမှု ရှိ မရှိ ပြန်လည်သုံးသပ်သင့်ပါသည်။

၄။ ဟားခါးမြို့ပေါ်နေ အိမ်ခြေ ၆၀၀၀ နီးပါး လူဦးရေ သုံးသောင်းနှစ်ထောင်ကျော်၏ သောက်သုံးရေအတွက် အသုံးပြုသော ဘဏ္ဍာငွေမှာ ၁၂.၆ ဘီလီယံ ( ၈.၈ ဘီလီယံ+၂.၉ ဘီလီယံ+ သိန်းပေါင်း ၉.ရသန်း) ကျာ်ဖြစ်ဖြစ်သော်လည်း လက်ရှိအနေအထားတွင် လူဦးရေ နှစ်သောင်းခန့်ကသာ အကျိုးခံစားရသည့် အနေအထား ဖြစ်နေသည်မှာလည်း လူအများစိတ်ဝင်စားရသည့် အချက်တစ်ခုဖြစ်ပါသည်။

၅။ ၁၂.၆ ဘီလီယံ ဟူသော ပမာဏသည်၂၀၂၀-၂၀၂၁ခုနှစ်ပြည်နယ်ဘတ်ဂျတ် ငွေလုံးငွေရင်းအသုုံးပြုမှု လျာထားချက် အသီးသီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက
၁။ ဟားခါး……….. ၃၁ဘီလီယံ
၂။ ထန်တလန်…… ၁၂.၅ဘီလီယံ
၃။ တီးတိန်……….. ၁၄.၉ဘီလီယံ
၄။ တွန်းဇံ………… ၉.၅ဘီလီယံ
၅။ ဖလမ်း……….. ၂၀.၇၅ဘီလီယံ
၆။ ကန်ပက်လက်..၉ဘီလီယံ
၇။ မတူပီ……….. ၂၀.၀၈ဘီလီယံ
၈။ မင်းတပ်……… ၁၃ဘီလီယံ
၉။ ပလက်ဝ…….. ၁၂.၃ဘီလီယံ ဖြစ်ပါသည်။

https://m.facebook.com/story.php?story_fbid=3385360971494067&id=100000605935255

ဤကဲ့သို့ တစ်ချက်ခြင်း ဆွဲထုတ်သုံးသပ်မည်ဆိုပါက မေးခွန်းထုတ်စရာ တစ်ပုံကြီးရှိနေသော်လည်း လွှတ်တော်အစည်းအဝေးတစ်ခုလုံးကို ခြုံငုံသုံးသပ်မည်ဆိုပါက ယခုလွှတ်တော်အစည်းအဝေးသည် နိုးကြားတက်ကြွမှုရှိပြီး အပြန်အလှန် ထိန်းညှိသည့် သဘောတရားအသက်ဝင်သည်ဟု သုံးသပ်လို့ရနိင်သလို အခြားတစ်ဖက်တွင်လည်း ဝမ်းနည်းစရာ အလွန်ကောင်းသည်ဟု သုံးသပ်ရပါမည်။

အင်မတန်တက်ကြွနေသော လွှတ်တော်အစည်းအဝေးတွင် ကပ်ဘေးကာလ အများပြည်သူ၏အခက်အခဲများ၊ ကျန်းမားရေး၊ စားဝတ်နေရေး၊ ကိုဗစ်ကာလနှင့် ကိုဗစ်အလွန် ကျောင်းသားလူငယ်များ၏ ပညာရေး၊ ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်စီးပွားရေး၊ လူမူရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အစီအစဉ်နှင့် သဘောထားများ တစ်ခွန်းတစ်ပါဒမျှ ဆွေးနွေးခြင်း မပြုလုပ်ခဲ့ကြပါ။

နောက်ဆုံးအနေဖြင့် ချင်းပြည်နယ်၏ အသက်ဝင်ဆုံးသော အစည်းအဝေးပွဲသည် ပြည်နယ်တစ်ခုလုံးကို လွမ်းခြုံသော အရေးကိစ္စ မဖြစ်နိင်ခဲ့သော်လည်း ဤနိုးကြားတက်ကြွမှုအရှိ်န်အား ဆက်လက်ထိန်းသိမ်းကာ အများပြည်သူနှင့် သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ လူမူဘဝလုံခြုံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ အချင်းချင်းသဟဇာတဖြစ်ရေး စသည့်ကိစ္စရပ် များတွင်လည်း ဤကဲ့သို့ပင် အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးအဖြေရှာကြမည်ဆိုပါက မိမိတို့အားလုံး၏အနာဂတ်သည်လည်း ဆောင်းမနက်ခင်း နေရောင်ခြည်ဖြာထွတ်သကဲ့သို့ နွေးထွေး တောက်ပလာမည် ဖြစ်ကြောင်း။