Input your search keywords and press Enter.

တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ဘာကြောင့် အရေးကြီးလဲ

 

သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၀၊ ၂၀၂၀

ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရက ပြည်သူတွေကိုယ်တိုင် အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ခွင့် ရှိခြင်းပါပဲ။ အရေးကြီးတဲ့ အချက်က ပြည်သူတွေက ရွေးကောက်တင်မြှောက်မယ့် ပါတီဟာ ပြည်သူတွေရဲ့ အကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မယ့် ပါတီဖြစ်ဖို့ လိုသလို ကိုယ်စားလှယ်တွေကလည်း အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ဖို့ပါ။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်လို့ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်မှာပဲ ပြည်တွင်းစစ် စတင်ခဲ့တာ တွေ့ရမှာပါ။ ၁၉၄၈ ကနေ ၁၉၅၈ ခုနှစ်အထိ ဆယ်စုနှစ် တစ်ခုကို “ဖဆပလ” (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်) အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။ ဖဆပလ အစိုးရ အနေနဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလမှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို အကောင်အထည် မဖောင်ဆောင်နိုင်ခဲ့ပါဘူး။ ကရင်အမျိုးသားတွေရဲ့ တန်းတူအခွင့်အရေး အတွက် တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သလို မွန်အမျိုးသားတွေရဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာခဲ့ ပါတယ်။

ထိုစဉ်က အာဏာရ ဖဆပလ အစိုးရဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးထက် လက်နက်ကိုင် အစုအဖွဲ့တွေကို “အပြုတ်” တိုက်ရေး လမ်းစဉ်ကို ဦးတည်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဝန်းကြီးချုပ် ဦးနုဟာ လက်နက်စွဲကိုင်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို လက်နက်ချရေးကိုပဲ ဖိအားပေး ပြောဆိုခဲ့တာပါ။ အစိုးရအနေနဲ့ လာမယ့်ရွေး‌ကောက်ပွဲမှာ အတိုက်အခံ ဖြစ်တဲ့ “ပမညတ” (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု) ဘက်က ကိုယ်စားလှယ်တွေ အနိုင် မရအောင် ပြုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဖဆပလ အစိုးရက သူတို့ရဲ့ ခါးပိုက်ဆောင် “ပျူစောထီး” တပ်တွေကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ စစ်ဘက်၊ ရဲဘက်နဲ့ အုပ်ချုပ်ရေးဘက်က လူတွေ ပါဝင်ပါတယ်။ “ပမညတ” အဖွဲ့ကြီးဟာ လူပုဂ္ဂိုလ် လူတန်းစား အသီးသီးက ပါဝင်တဲ့ တပ်ပေါင်းစုကြီး ဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဖဆပလ အဖွဲ့ဘက်က အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့.. ပြည်တွင်း ငြိမ်းချမ်း‌ရေကိုလည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့သလို သန့်ရှင်းဖဆပလနဲ့ တည်မြဲဖဆပလ ဆိုပြီး ဖဆပလဟာ နှစ်ခြမ်းကွဲ ခဲ့ရပါတယ်။ အဲဒီနောက် ၁၉၆၀ ပြည့်နှစ်မှာ ပြုလုပ်တဲ့ ပါလီမန်အထွေထွေ ရွေးကောက်ပွဲမှာ လည်း သန့်ရှင်းဖဆပလ အဖွဲ့က အနိုင်ရရှိခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ဖဆပလရဲ့ အုပ်ချုပ်မှုအောက်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရခဲ့ ရုံသာမက တစ်ဖက်မှာ တရုတ်ဖြူကျူးကျော်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရတာပါ။ “ချင်းဝိသေသတိုင်း” ဆိုတဲ့ အနေအထားကို မကျေနပ်နိုင်တဲ့ အတွက် ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ချင်းပြည်နယ် ရရှိရေး လှုပ်ရှားမှုတွေလည်း ရှိလာခဲ့ ပါတယ်။ နောက်ဆုံးမှာတော့ ဖဆပလ အစိုးရရဲ့ အုပ်ချုပ်မှုဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ အာဏာသိမ်းမှုနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

တကယ်လို့ ဖဆပလ တစ်ဖွဲ့တည်းက ကြီးစိုးတာ မဟုတ်ဘဲ အခြားအစုအဖွဲ့ မျိုးစုံပါဝင်တဲ့ အစိုးရကသာ နိုင်ငံကို ဦးဆောင်နိုင်ခဲ့ရင် မြန်မာနိုင်ငံ အခြေအနေဟာ တစ်မျိုးတစ်ဖုံ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ခဲ့မှာပါပဲ။

၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်တာကာလကို အရပ်သားအစိုးရ တဖြစ်လဲ ဦးနေဝင်းရဲ့ မဆလ (မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစိုးရကပဲ တစ်ပါတီအာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ တစ်ပါတီ အာဏာရှင် စနစ်ရဲ့ စီမံမှု အလွဲတွေရဲ့ ဆိုးကျိုးကြောင့် မြန်မာ့စီးပွားရေးဟာ တဟုန်ထိုး ကျဆင်းခဲ့ရုံသာမက ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (Least developed Country – LDC) စာရင်းဝင် ဖြစ်သွားခဲ့ရပါတယ်။

ဖိနှိပ်မှုကို မခံနိုင်တဲ့ လူထုတိုက်ပွဲတွေလည်း မဆလ အစိုးရ လက်ထက်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ မှိုင်းရာပြည့် လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပြီး ကျောင်းသားတွေက ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လာခဲ့ပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးက ချင်းတိုင်းရင်းသား “ဆလိုင်းတင်မောင်ဦး” ဖြစ်ပါတယ်။ မဆလ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေက သူ့ကို ဖမ်းဆီးပြီး ၁၉၇၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ တိုင်းပြည်ဟာ အဘက်ဘက်က ယိုယွင်းပျက်စီးလာခဲ့ သလို ၁၉၈၈ ခုနှစ်မှာ ဖုန်းမော် အရေးအခင်း ထပ်မံ ပေါ်ပေါက်လာခဲ့ တာပါ။

အဲဒီနောက် ဖိနှိပ်မှုကို မခံနိုင်ကြတဲ့ ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတေွ ပါဝင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီး မဆလ အစိုးရ ပြုတ်ကျသွားခဲ့ရပါတယ်။ အရေးတော်ပုံကြီး အတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ အများအပြားရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော်က ထပ်မံအာဏာသိမ်းခဲ့ပြန် ပါတယ်။

ဒါကြောင့် သမိုင်းဖြစ်ရပ်တွေကို ပြန်သုံးသပ်ကြည့်ရင် တိုင်းပြည်ကို တစ်ပါတီ (သို့မဟုတ်) တစ်စုတစ်ဖွဲ့ရဲ့ အုပ်ချုပ်မှုဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျစေတယ်၊ ငြိမ်းချမ်းရေး ရဖို့ပါ အဟန့်အတားတွေ ဖြစ်စေတယ် ဆိုတာ တွေ့နိုင်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ပြည်သူများကြား ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူကျင်းပခဲ့ပေမဲ့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာ တွေ့နိုင် ပါတယ်။ ဒါဟာ ဘာကို ပြသလဲ ဆိုရင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များကြား “ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ရေး” အားနည်းနေတယ် ဆိုတာပါပဲ။ အရပ်သားအစိုးရ လက်ထက်အထိ ပင်လုံကတိကဝတ်တွေကို အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့တာဟာ စိတ်မကောင်းစရာပါ။

ဒီလို အခြေအနေကြောင့်လည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ လိုအပ်လာပြီ လို့ သုံးသပ်ပြောဆိုလာကြပြီး တိုင်းရင်းသားပါတီတွေ အနိုင်ရရှိရေး စည်းရုံးလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေ အခုလို စည်းရုံးလုပ်ဆောင်လာတာနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌက တိုင်းရင်းသား ပါတီတွေကို မဲပေးခြင်းနဲ့ တိုင်းရင်းသား အခွင့်အရေး ပိုရမှာ မဟုတ်ဘူး လို့ ပြောကြားခဲ့တဲ့ အတွက် တအံ့တဩ ဖြစ်ရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ NLD အစိုးရ သက်တမ်း အတွင်း တိုင်းရင်းသား အခွင့်အရေး ပြည့်ပြည်ဝဝ မရရှိခဲ့သလို တိုင်းရင်းသားတွေ ဘက်က ကန့်ကွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာမျိုး၊ တံတားနာမည် ပေးတာမျိုးတွေ ကိုပါ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ချင်းတိုင်းရင်းသား ပါတီတွေကလည်း NLD ဒုဥက္ကဋ္ဌ ရဲ့ ပြောဆိုချက် အပေါ် ဝေဖန်ခဲ့ကြပါတယ်။

တကယ်တော့ တိုင်းရင်းသားတွေဘက်က ဘာတွေ ခံစားနေရတယ်၊ ဘာတွေ နစ်နာနေပြီး ဘယ်လို မျှော်လင့်ကြတယ် ဆိုတာ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကသာ အသိဆုံး ဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခတွေကြောင့် ချင်းပြည်နယ် ပလက်ဝမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အများအပြား ရှိနေဆဲပါ။

ဒါကြောင့် တိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ အတွက် တိုင်းရင်းသားတန်းတူ အခွင့်အရေး ရရှိရေးကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် တိုင်းရင်းသား ပါတီတွေ အပေါ် ပိုပြီး မျှော်လင့်ချက် ထားလာရတာ လို့ ဆိုရမှာပါ။ အစိုးအဖွဲ့ထဲမှာ တစ်ပါတီကပဲ ကြီးစိုးနေတဲ့ အခါ တိုင်းရင်းသားပါတီတွေဘက်က အဆိုတွေ တင်သွင်းပေမဲ့ ပယ်ချခံခဲ့ရတာတွေ ရှိခဲ့ဖူး ပါတယ်။

“ပါတီစုံ ဒီမိုကရေစီ” လို့ ဆိုထားတဲ့ အတွက် လွှတ်တော်ထဲမှာ တစ်ပါတီကပဲ ကြီးစိုးလွှမ်းမိုးထားတာထက် ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ ပိုမိုပါဝင်လာနိုင်ရင် အကောင်းဆုံးပါ။ လူနည်းစု အခွင့်အရေးကို ဒီမိုကရေစီ စနစ်မှာ ပိုမိုဖော်ဆောင်ပေးသင့် သလို “မတူကွဲပြားမှု” ကို တိုင်းပြည် ပြန်လည်ထူထောင်ရေး အတွက် “အင်အား” အဖြစ် ဖောင်ဆောင်သွားရမှာပါ။

ဒါကြောင့် ချင်းပြည်နယ်မှာလည်း တိုင်းရင်းသားပါတီတွေ ပိုမိုရွေးချယ် နိုင်တာနဲ့ အမျှ ချင်းတိုင်းရင်းသားတွေ အတွက် “အင်အား” တစ်ရပ် ဖြစ်ထွန်းလာမှာ ဖြစ်ပြီး၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်လာနိုင်မှာ ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။        ။

သွေး (စစ်ကိုင်း)

ရည်ညွှန်း – ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်

Note – Chin World Media မှဖော်ပြသည့်ဆောင်းပါးများသည်စာရေးသူ၏အာဘော်ဖြစ်သည်။