Input your search keywords and press Enter.

မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးနဲ့ ၂၀၂၀ ရွေး‌ကောက်ပွဲ

 

 

သွေး (စစ်ကိုင်း)၊ သြဂုတ် ၅၊ ၂၀၂၀။

စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောင်ဖို့ ဆိုရင် တိုင်းရင်းသားများကြား တန်းတူရည်တူအခွင့် ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပြီး တိုင်းရင်းသား ပါတီတွေအနေနဲ့ ပြည်နယ်တွေမှာ အနိုင်ရရှိဖို့ မျှော်လင့်နေကြပါတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမယ့် ပါတီတွေဘက်ကလည်း ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။
ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ စတဲ့ ၃ ပါတီပူးပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (Chin National League for Democracy) အဖြစ် ပူးပေါင်းလာကြတာ တွေ့ရပါတယ်။ တခြားပါတီတွေ အနေနဲ့ ခူမီးအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့လည်း ရှိကြပါတယ်. ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းကို ထုတ်ပြန်ကြေညာ ခဲ့ရာမှာ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့ အတွက် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝ၊ မတူပီ မြို့နယ်တွေ အပြင် ချင်းတိုင်းရင်းသား အများစု နေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်မှာကို တွေံရပါတယ်။

ချင်းပြည်နယ်ဟာ တခြားပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ပြည်နယ်တစ်ခု ဖြစ်တာကြောင့် ချင်းပါတီတွေသာ အနိုင်ရရှိခဲ့မယ် ဆိုရင် ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပိုမိုလုပ်ဆောင် ပေးနိုင်လာမယ် လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချင်းပြည်နယ်ရဲ့ အခြေခံ အရေးပါတဲ့ လိုအပ်ချက်ကို ချင်းတိုင်းရင်းသား ပြည်သူတွေက အသိဆုံး ဖြစ်တာကြောင့်ပါ။
ဒါအပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ မတူတဲ့ အချက် တစ်ချက်က တိုင်းရင်းသားပါတီတွေ အပေါ်ကို လူထုရဲ့ စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်း ပါပဲ။ NLD အစိုးရ လက်ထက်မှာ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်နိုင်သရွေ့ လုပ်ဆောင်ပေးခဲ့ပေမဲ့ လွှတ်တော်မှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ပြောဆို အသံထွက်နိုင်မှု နည်းပါးခဲ့ပါတယ်။

ဒေသခံ ချင်းတိုင်းရင်းသား ပြည်သူတွေ သဘောမတူတဲ့ စီမံကိန်းတွေ ရှိလာခဲ့ရင် တိုင်းရင်းသားပါတီက လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့ကိုယ်စား ကန့်ကွက်လာနိုင်မှာပါ။ သိပ်မကြာသေးမီကပဲ စစ်ကိုင်းတိုင်း‌ဒေသကြီးနဲ့ ချင်းပြည်နယ် နယ်စပ် ဖလမ်းမြို့နယ်ထဲမှာ ပါဝင်တဲ့ “ဝေဘူလတောင်”မှာ သတ္တုတူးဖော်ရေး အတွက် လုပ်ကိုင်ဖို့ စီစဉ်နေတာကု ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဝေဘူလတောင်မှာ ခရိုမိုက် သတ္တုတူးဖော်ဖို့ စီစဉ်နေတာ ဖြစ်ပြီး ချင်းတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကိုပါ ရယူခဲ့ခြင်း မရှိဘူး လို့ သိရပါတယ်။

ဝေဘူလတောင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄ ထောင်ကျော် အမြင့်မှာ ရှိနေပြီး သတ္တုတူးဖော်ခဲ့ရင် ရေအရင်းမြစ်တွေပါ ဆုံးရှုံးသွားနိုင်ခြေ ရှိနေပါတယ်။ သယံဇာတ စီမံခန့်ခွဲမှုမှာ မှန်မှန်ကန်ကန် ဖြစ်စေဖို့ လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေ ပါဝင်ခွင့် ပိုမိုရရှိစေရေး ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ချင်းတိုင်းရင်းသားတွေရဲ့ စိတ်ဝင်စားမှု ရနေတဲ့ ပါတီကတော့ CNLD ပါတီဖြစ်ပြီး ထူးခြားချက်က အမျိုးသမီး ပါဝင်မှုကို ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားတာပါပဲ။ CNLD ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက သူ့အမြင်ကို အခုလို ထုတ်ဖော်ပြောကြားတာ ခေတ်ရနံ့မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ် –
“အဓိကကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်က အထူးသဖြင့် အရေးကြီးတာက ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကို အထူးပြုရတာက ငြိမ်းချမ်းမှု မရှိဘဲနဲ့ ဘာစနစ်မှ အကောင်အထည်ဖော်လို့ ရမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိုတာကလည်း စနစ်တစ်ခုပဲ။ ဖက်ဒရယ် ဆိုတာလည်း စနစ်ပဲ။ မြန်မာပြည်ရဲ့ အရေးလို့ ပြောရင် တစ်နိုင်ငံလုံးရဲ့ အရေးပါပဲ။ ဒီအရေးအရာတွေထဲမှာမှ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေပါလာတယ်။ အထူးသဖြင့် အမျိုးသားတွေနဲ့ မတူကွဲပြားတဲ့ အမြင်မျိုးတွေက အမျိုးသမီးတွေဆီမှာ ရှိတယ်” လို့ ပြောကြားထားတာက ဘာကြောင့် အမျိုးသမီးပါဝင်မှုနှုန်း များလာရသလဲ ဆိုတာကို အဖြေထုတ်ပေးလိုက်တာပါပဲ။
မငြိမ်းချမ်းမှုတွေရဲ့ ဆိုးကျိုး၊ ပဋိပက္ခတွေရဲ့ ဆိုးကျိုးကို အများဆုံးခံစားရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်ခံရမယ် ဆိုရင် လွှတ်တော်ထဲမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အတွက် ပိုပြီး ပြောဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါအပြင် အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူတဲ့ အယူအဆ၊ အတွေးအခေါ်တွေလည်း ရှိတတ်ကြပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း အမျိုးသမီးကိုယ်စားပြုမှုတွေ ပိုမိုပါဝင်လာရေးကို အချက်တစ်ချက် အနေနဲ့ ထည့်သွင်းသဘောတူထားတာပါ။

တစ်ဖက်ကလည်း မဲပေးပိုင်ခွင့် ရှိသူတိုင်း ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရေးက အထူးအရေးကြီးပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမဲ့ မဲစာရင်း မထုတ်ပြန်နိုင်သေးတဲ့ ကျေးရွာတွေ ရှိနေဆဲပါ။ ပလက်ဝမြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀၂ ခု ရှိတဲ့ အထဲက ၇၀ ကျော်မှာ မဲစာရင်း မကပ်နိုင်သေးကြောင်း မြို့နယ်ကော်မရှင် ဥက္ကဌက ဧရာဝတီကို ပြောကြားထားပါတယ်။ ဒါဟာ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ပြီး ပလက်ဝ တစ်မြို့နယ်လုံးမှာ မဲပေးခွင့်ရှိသူ ၆ သောင်းကျော်ထိ ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို မဲဆန္ဒရှင်တွေဆီ ပညာပေးနိုင်ရင် ပိုပြီး ကောင်းမွန်ပါတယ်။ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပလက်ဝမြို့နယ်ထဲက မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့ ပြင်ဆင်နေကြောင်း ပြောကြားထားပါတယ်။

ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာ ၁၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် လို့ ဆိုပါတယ်။ ဒီပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက လွှတ်တော်ကိုယ်စားလှယ် ၆ နေရာ အနိုင်ရရှိခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ချင်းတိုင်းရင်းသားပါတီတွေ အနေနဲ့ အဓိကပါတီကြီး နှစ်ခု ဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေးပါတီတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ကြံ့ခိုင်ရေးပါတီဟာ ချင်းပြည်နယ်မှာ ၃၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး NLD ပါတီကတော့ ၃၉ နေရာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၈ နေရာ လို့ သိရပါတယ်။

တိုင်းရင်းသား တန်းတူရည်တူ ရှိရေးအတွက် အပြောနဲ့ မဟုတ်ဘဲ လက်တွေ့ဖော်ဆောင်ပေးနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ပါတီကို ရွေးချယ်မဲပေးခွင့်ဟာ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးပါ။ ဒါကြောင့် ချင်းတိုင်းရင်းသား မဲဆန္ဒရှင်တွေ အနေနဲ့ အသဲကြားက မဲတစ်ပြားကို မှန်မှန်ကန်ကန် ရွေးချယ်သင့်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်မဲပေးခဲ့သူတွေက ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ၊ ကိုယ်မဲပေးမယ့်သူက ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာ ချိန်ဆပြီး မှန်မှန်ကန်ကန် ရွေးချယ်နိုင်တာနဲ့ အမျှ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေဆီ ဦးတည်နိုင်မှာပဲ ဖြစ်ပါတယ်