Input your search keywords and press Enter.

လူဦးရေနှင့် နေအိမ်နည်းပါးသေးခြင်းကြောင့် ချင်းပြည်နယ် မြို့နယ်အချို့တွင် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့မဆောင်ရွက်နိုင်သေးဟုဆို

Salai Khup Khup

ချင်းပြည်နယ်ရှိ လက်ရှိမြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရှိသော ဟားခါးမြို့၊မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင် ခရိုင်အဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ရန် လူဦးရေသိပ်သည်းမှု၊ မြို့ပြဒေသဖွံ့ဖြိုးမှုခြေနေနှင့် အိမ်ခန်း အရေတွက် နည်းပါးခြင်းကြောင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဇူလိုင်(၂၈)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက “ချင်းပြည်နယ်အနေဖြင့် လက်ရှိဖွဲ့စည်းပုံတွင်ရှိသော မြို့နယ်ရုံး (၃)ရုံးဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် မင်းတပ်မြို့နယ် အပါအဝင် အခြားမြို့(၁၁)မြို့ရှိ အိမ်ခန်းစုစုပေါင်းမှာ ပြည်သူပိုင် အဆောက်အဦ (၁၀)ခန်း၊ မြို့ပြ(လခရ) အဆောက်အဦ (၆၆)ခန်း၊ ဝန်ထမ်းအိမ်ရာ (၄၄၄)ခန်း၊ အငှားအိမ်ရာ (၂၄)ခန်း၊ အိမ်ခန်း စုစုပေါင်း(၅၃၄)ခန်းရှိပြီး အိမ်ခန်းအရေအတွက်မှာ နည်းပါးနေ သေးသည်ကို စိစစ်တွေ့ရှိရပါေ ကြာင်း”ဟုဆိုသည်။

ဆက်လက်ပြီး “ဟားခါး၊ ဖလမ်းနှင့် မင်းတပ် မြို့နယ်ရုံးတို့ကို ခရိုင်အဆင့်ရုံးများအဖြစ် တိုးချဲ့ဖွင့်လှစ်ရန်နှင့် ကျန်မြို့နယ်များကို မြို့နယ်အဆင့်ရုံးများအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်မှာ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် လူဦးရေသိပ်သည်းမှု၊ မြို့ပြဒေသဖွံ့ဖြိုးမှုအပေါ် မူတည်၍ ခရိုင်အဆင့်ရုံးများအဖြစ်လည်းကောင်း၊ အိမ်ခန်းအရေအတွက် တိုးတက်လာပါက မြို့နယ်ဦးစီးမှူးရုံးများအဖြစ်လည်းကောင်း ထပ်မံတိုးချဲ့ဖွဲ့စည်းရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း”ရှင်းလင်းပြောခဲ့သည်။

ဇူလိုင်(၂၈)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမာန်လောမောင်းမှ ချင်းပြည်နယ်ရှိ လက်ရှိမြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရှိသော ဟားခါးမြို့၊မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင် ခရိုင်အဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် ကျန်မြို့နယ်များကို မြို့နယ်အဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာအနေဖြင့် မြို့နယ်ရုံးများကို ဖွဲ့စည်းရာ၌ အိမ်ခန်းအရေအတွက်ပေါ် မူတည်၍ အိမ်ခန်း ၃၅၀၀ နှင့်အထက်ကို “က”အဆင့်၊ အိမ်ခန်း ၄၅၀ နှင့် အထက်ကို “ခ”အဆင့်၊ အိမ်ခန်း ၉၀ နှင့်အထက်ကို “ဂ”အဆင့်၊ အိမ်ခန်း ၆ဝနှင့်အထက်ကို “ဃ”အဆင့်တို့ဖြင့် သတ်မှတ်၍ တစ်နိုင်ငံလုံး၌ မြို့နယ်ရုံး (၂၇)ရုံး ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်းလည်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရှင်းလင်းဖြေကြားခဲ့သည်။