

Salai Khup Khup
ဟားခါးၿမိဳ႕တြင္ က်ဴးေက်ာ္အိမ္မ်ားဖ်က္စီးၿပီး ေျမကြက္ေဖာ္ခဲ့သည့္ စည္ပင္ဧရိယာ (၇၁၇)ကြက္ကို ျပည္နယ္အစိုးရမွ ေရာင္းခ်သြားမည့္အေပၚ ေျမကြက္ပြဲစားမ်ားမွ ပုဂၢိဳလ္ေရးအရ ဆက္လက္လုပ္ေဆာင္ေနပါက တရားဥပေဒအရ အေရးယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ၾကီးဦးစိုးထက္ကေျပာသည္။
စည္ပင္ဝန္ၾကီးဦးစုိးထက္က “သူတို႔ရဲ႕နာမည္စာရင္းေတြေတာ့ ေကာက္ထားၿပီးၿပီ။ ေနာက္ၿပီးမီဒီယာ ေတြဆီကိုလည္း ေပးထားၿပီးၿပီ။ လက္ရွိသူတို႔ရဲ႕ လႈပ္ရွားမႈကို ေစာင့္ၾကည့္ေနတယ္ ဒီဟာထက္ဆိုးဆုိးဝါးဝါး မရွိရင္လည္း ဘာမွလည္း လုပ္စရရာမရွိပါဘူး။ ဒီလုိမဟုတ္ဘဲနဲ႔ သူတုိ႔ဖက္ကေန ရပ္တန္႔မႈမရွိဘဲ အစိုးရကိုဘဲ တုိက္ခုိက္ၿပီး လုပ္ေနရင္ေတာ့ အေရးယူဖို႔ ဆံုးျဖတ္ထားတာရွိတယ္။ သူတုိ႔ဟာသူတို႔ အစုိးရရဲ႕လုပ္ေဆာင္ခ်က္အေပၚမွာ အစိုးရက အမ်ားအတြက္ ၾကိဳးစားတဲ႔အေပၚမွာ ဝုိင္းၿပီးေတာ့ ၾကိဳးစားပါဝင္မယ္ဆုိရင္ေတာ့ ေအးေဆးျဖစ္မွာေပါ႔။ ဒီလုိမဟုတ္ဘဲ ဆက္ၿပီးက်ဴးလြန္ေနရင္ အေရးယူမွာဘဲ”ဟုေျပာသည္။
ဟားခါးၿမိဳ႕တြင္ က်ဴးေက်ာ္အိမ္မ်ား ဖ်က္စီးသည့္ ၿမိဳ႕ျပစီမံကိန္း စည္ပင္ဧရိယာ ဧက ၆၇၆ ကို အကြက္ေပါင္း (၇၁၇) ကြက္ကိုေဖာ္ၿပီး ေျမကြက္မ်ားကို ျပည္နယ္အစိုးရအေနျဖင့္ ေရာင္းခ်သြားမည္ျဖစ္သည္။
အဆိုပါ ေျမကြက္ေပါင္း(၇၁၇)ကြက္ကို ၾသဂုတ္လ(၃၁)ရက္ေန႔ ေနာက္ပိုင္းတြင္ အစိုးရမွ ေျမကြက္ခ်ေပးေတာ့မည္ျဖစ္ေၾကာင္းလည္း စည္ပင္ဝန္ၾကီးကေျပာသည္။
သူကဆက္ၿပီး “မၾကာခင္ ဒီေျမကြက္ေတြကို ခ်ေပးေတာ့မွာျဖစ္တယ္။ ၃၁ ရက္ေန႔ ေနာက္ဆံုး ေလ်ွာက္လႊာေတြ လက္ခံဖို႔လုပ္ထားတယ္။ တစ္ခ်ိဳ႕ေျမျပင္မွာ အိမ္ေတြက ေဆာက္ၿပီးမွ ေျမျပင္မွာလည္းမေနဘူး။ အိမ္ရလုိမႈနဲ႔ လာေဆာက္တဲ႔သူေတြ နယ္ကေနတက္လာၿပီး သူတုိ႔ဟာသူတို႔ အိုးအိမ္ထူေထာင္ၿပီး လာေနတဲ႔သူေတြ နည္းနည္းေတာ့ ဒုကၡေရာက္ၾကတယ္ဆုိေတာ့ သူတို႔ကို ဦးစားေပးၿပီး အရင္ေနရာခ်ေပးဖုိ႔ ျပင္ဆင္ေနတယ္”ဟုေျပာသည္။
ျမိဳ႕ျပစီမံကိန္း စည္ပင္ဧရိယာ ၆၇၆ကို အကြက္ေပါင္း(၇၁၇)ကြက္ျပဳလုပ္ၿပီး ေျမကြက္ဝယ္ယူႏုိင္ရန္ ေျမကြက္ေလွ်ာက္လႊာမ်ားကို ၾသဂုတ္လ(၁၈)ရက္ေန႔မွ စတင္ၿပီး ေလွ်ာက္လႊာမ်ားကို ျဖန္႔ေဝခဲ႔ၿပီး ေလွ်ာက္လႊာမ်ားကို ယခုလ (၃၁)ရက္ေန႔တြင္ ေလွ်ာက္လႊာမ်ားကို ပိတ္ေတာ့မည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။
ေျမကြက္မ်ားကို အၾကမ္းဖ်င္းေျမကြက္ေစ်းအျဖစ္ ၁၀၀×၁၀၀ ပတ္လည္ကို (၂၂)ကြက္ေဖာ္ထားၿပီး တစ္ကြက္ကို သိန္း ၅၀၊ ၈၀×၉၀ ကို (၇၅)ကြက္ေဖာ္ထားၿပီး တစ္ကြက္ကို (၃၅)သိန္း၊ ၆၀×၈၀ကို အကြက္ေပါင္း (၄၄၅)ကြက္ေဖာ္ထားၿပီး တစ္ကြက္ကို (၂၅)သိန္း၊ ၄၀×၆၀ကို အကြက္ေပါင္း (၁၇၅)ကြက္ေဖာ္ထားၿပီး တစ္ကြက္ကို (၁၀)သိန္းျဖင့္ သတ္မွတ္ထားေၾကာင္းလည္း သိရွိရသည္။
Unicode Version
ဟားခါးစည်ပင်ဧရိယာအတွင်း မြေကွက် ပွဲစားလုပ်သူများကို ဥပဒေအရအရေးယူမည်
ဟားခါးမြို့တွင် ကျူးကျော်အိမ်များဖျက်စီးပြီး မြေကွက်ဖော်ခဲ့သည့် စည်ပင်ဧရိယာ (၇၁၇)ကွက်ကို ပြည်နယ်အစိုးရမှ ရောင်းချသွားမည့်အပေါ် မြေကွက်ပွဲစားများမှ ပုဂ္ဂိုလ်ရေးအရ ဆက်လက်လုပ်ဆောင်နေပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
စည်ပင်ဝန်ကြီးဦးစိုးထက်က “သူတို့ရဲ့နာမည်စာရင်းတွေတော့ ကောက်ထားပြီးပြီ။ နောက်ပြီးမီဒီယာ တွေဆီကိုလည်း ပေးထားပြီးပြီ။ လက်ရှိသူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတယ် ဒီဟာထက်ဆိုးဆိုးဝါးဝါး မရှိရင်လည်း ဘာမှလည်း လုပ်စရရာမရှိပါဘူး။ ဒီလိုမဟုတ်ဘဲနဲ့ သူတို့ဖက်ကနေ ရပ်တန့်မှုမရှိဘဲ အစိုးရကိုဘဲ တိုက်ခိုက်ပြီး လုပ်နေရင်တော့ အရေးယူဖို့ ဆုံးဖြတ်ထားတာရှိတယ်။ သူတို့ဟာသူတို့ အစိုးရရဲ့လုပ်ဆောင်ချက်အပေါ်မှာ အစိုးရက အများအတွက် ကြိုးစားတဲ့အပေါ်မှာ ဝိုင်းပြီးတော့ ကြိုးစားပါဝင်မယ်ဆိုရင်တော့ အေးဆေးဖြစ်မှာပေါ့။ ဒီလိုမဟုတ်ဘဲ ဆက်ပြီးကျူးလွန်နေရင် အရေးယူမှာဘဲ”ဟုပြောသည်။
ဟားခါးမြို့တွင် ကျူးကျော်အိမ်များ ဖျက်စီးသည့် မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ ကို အကွက်ပေါင်း (၇၁၇) ကွက်ကိုဖော်ပြီး မြေကွက်များကို ပြည်နယ်အစိုးရအနေဖြင့် ရောင်းချသွားမည်ဖြစ်သည်။
အဆိုပါ မြေကွက်ပေါင်း(၇၁၇)ကွက်ကို သြဂုတ်လ(၃၁)ရက်နေ့ နောက်ပိုင်းတွင် အစိုးရမှ မြေကွက်ချပေးတော့မည်ဖြစ်ကြောင်းလည်း စည်ပင်ဝန်ကြီးကပြောသည်။
သူကဆက်ပြီး “မကြာခင် ဒီမြေကွက်တွေကို ချပေးတော့မှာဖြစ်တယ်။ ၃၁ ရက်နေ့ နောက်ဆုံး လျှောက်လွှာတွေ လက်ခံဖို့လုပ်ထားတယ်။ တစ်ချို့မြေပြင်မှာ အိမ်တွေက ဆောက်ပြီးမှ မြေပြင်မှာလည်းမနေဘူး။ အိမ်ရလိုမှုနဲ့ လာဆောက်တဲ့သူတွေ နယ်ကနေတက်လာပြီး သူတို့ဟာသူတို့ အိုးအိမ်ထူထောင်ပြီး လာနေတဲ့သူတွေ နည်းနည်းတော့ ဒုက္ခရောက်ကြတယ်ဆိုတော့ သူတို့ကို ဦးစားပေးပြီး အရင်နေရာချပေးဖို့ ပြင်ဆင်နေတယ်”ဟုပြောသည်။
မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ၆၇၆ကို အကွက်ပေါင်း(၇၁၇)ကွက်ပြုလုပ်ပြီး မြေကွက်ဝယ်ယူနိုင်ရန် မြေကွက်လျှောက်လွှာများကို သြဂုတ်လ(၁၈)ရက်နေ့မှ စတင်ပြီး လျှောက်လွှာများကို ဖြန့်ဝေခဲ့ပြီး လျှောက်လွှာများကို ယခုလ (၃၁)ရက်နေ့တွင် လျှောက်လွှာများကို ပိတ်တော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မြေကွက်များကို အကြမ်းဖျင်းမြေကွက်စျေးအဖြစ် ၁၀၀×၁၀၀ ပတ်လည်ကို (၂၂)ကွက်ဖော်ထားပြီး တစ်ကွက်ကို သိန်း ၅၀၊ ၈၀×၉၀ ကို (၇၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၃၅)သိန်း၊ ၆၀×၈ဝကို အကွက်ပေါင်း (၄၄၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၂၅)သိန်း၊ ၄၀×၆ဝကို အကွက်ပေါင်း (၁၇၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၁၀)သိန်းဖြင့် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။