
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ပြည်နယ်အစိုးရစာရင်းအရ လက်ရှိခိုလှုံလျက်ရှိတဲ့ မြန်မာနိုင်ငံသား ၃၂,၀၀၀ ကျော်ရဲ့ ဇီ၀ဆိုင်ရာအချက်အလက် (Biometric) မှတ်ပုံတင်ခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှုးက ဇူလိုင်လ (၂) ရက်နေ့မှာ တရားဝင်ပြောကြားခဲ့ ေကြာင်း India Today သတင်းဌာနမှာဖော်ပြပါတယ်။
မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Andrew H. Vanlaldika က “ဇီဝဆိုင်ရာ အချက်အလက် မှတ်ပုံတင်ခြင်းဟာ မြန်မာဒုက္ခသည်တွေကို သတ်မှတ်ဖော်ထုတ်ဖို့ သီးသန့်ရည်ရွယ် တာဖြစ်ပြီး ၎င်းတို့ရဲ့နိုင်ငံကို နှင်ထုတ်ခြင်းကို မဆိုလိုပါဘူး” လို့ပြောပါတယ်။
ဇီဝဆိုင်ရာနဲ့ လူဦးရေဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းကို ဤလအတွင်း ခရိုင် ၁၁ ခုလုံး၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့များက သင်တန်းများ ပေးခဲ့ပြီးဖြစ်ကာ ကွန်ပျူတာနဲ့ ဝက်ဘ်ကင်ကဲ့သို့သော လိုအပ်တဲ့ ပစ္စည်းကိရိယာများကိုလည်း မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွက် ပံ့ပိုးပေးပြီး မှတ်ပုံတင်တာကိုအွန်လိုင်းကနေ လုပ်ဆောင်မှာဖြစ်တယ်လို့ Andrew H. Vanlaldika က ပြောပါတယ်။
လုပ်ငန်းစဉ်အတွက် အမျိုးသားသတင်းအချက်အလက်ဌာန (NIC) က ဖန်တီးထားတဲ့ နိုင်ငံခြားသား ဖော်ထုတ်ခြင်း ပေါ်တယ်ကို အသုံးပြုမှာဖြစ်ပါတယ်။ အခုလုပ်ငန်းမှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းရောက်ရှိလာတဲ့ စစ်ဘေးရှောင်များအတွက် ဆောင်ရွက်မှာဖြစ်ပြီး လောင်တလိုင်တွင် နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက်လည်း ဗဟိုအစိုးရရဲ့ညွှန်ကြားချက်မရသေးသော်လည်း အလားတူ ဇီ၀အချက်အလက်မှတ်ပုံတင်ခြင်းကို နောက်ပိုင်းတွင် ဆောင်ရွက်ဖွယ်ရှိတယ်လို့သိရပါတယ်။
မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင် မြန်မာနိုင်ငံသား ၃၂၄၁၉ ဦးရှိခဲ့ပြီး အချို့မှာ မြန်မာပြည်သို့ပြန်သွားပြီး နောက်ပိုင်းတွင် ပြန်ရောက်လာခြင်းမျိုးရှိတာကြောင့် အရေအတွက်မှာ အပြောင်းအလဲအမြဲရှိနေတယ်လို့ သက်ဆိုင်ရာဌာနကဆိုပါတယ်။
ပြည်ထဲရေးဌာနစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအပြင် စစ်တကောင်းတောင်တန်းဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁၇၁ ဦးနဲ့ ၂၀၂၃ ခုနှစ်အတွင်း မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ တိုင်းရင်းသားများအကြား အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မဏိပူရ်ပြည်နယ်ကနေ ဇိုတိုင်းရင်းသား ၇၃၅၄ ဦးတို့ရောက်ရှိနေထိုင်လျက်ရှိပါတယ်။