Headlines

CDF – Matupi ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၂၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရကြောင်းထုတ်ပြန်

ဧပြီလ ၁၁ ရက်။

ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်တပ်ဖွဲ့ – မတူပီ (CDF – Matupi) ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၂၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ CDF – Matupi က ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂-၃) ရက်က ပြုလုပ်ခဲ့တဲ့ CDF-Matupi တပ်မဟာ-၁ အထွေထွေ အစည်းအဝေးကြီးက ေန ချင်းပြည်နဲ့ ချင်းလူမျိုး ၂ ရပ်ကို ကိုယ်စားပြုတဲ့ အမည်နာမအဖြင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ( Chinland Defense Force -Matupi) တပ်မဟာ (၁) နာမည်ကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (Chin Defense Force -Matupi)အဖြစ် ပြောင်းတဲ့အကြောင်း နဲ့ တပ်ရင်းတပ်ဖွဲ့ကိုလည်း တပ်မဟာ ဦးဆောင်တဲ့ စနစ်ကနေ စစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ ဗျူဟာမှူး ၊ တပ်ရင်းမှူးဖြင့် ဖွဲ့စည်းပုံသစ်ပြောင်းလဲဖွဲ့စည်းတဲ့အကြောင်းကိုလည်း CDF-Matupi က ထုတ်ပြန်ထားပါတယ်။

CDF – Matupi ရဲ့ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းဒေသမှာ တော်လှန်တိုက်ပွဲပေါင်း မြောက်များစွာမှာ ပါဝင်ခဲ့ပြီး ချင်းညီနောင်နဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ မတူပီခရိုင်မြို့ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

CDF – Matupi အနေနဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး မတူပီပြန်လည်တည်ဆောက်ရေး၊ ချင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့ ပြည်ထောင်စု တည်ဆောက်ရေးတွေမှာလည်း ဆက်လက်ပါဝင်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မတူပီမြို့ကို CDF – Matupi ပါဝင်တဲ့ ချင်းညီနောင် (CB) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသိမ်းပိုက်ခဲ့ပြီး မတူပီမြို့အုပ်ချုပ်ရေးကိုလည်း CDF – Matupi က အဓိက ဦးဆောင်ပြီးဖော်ဆောင်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *