
ဧပြီလ ၁၀ ရက်။
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊တိုက်နယ် ၄ တစ်နေရာကို စစ်ကောင်စီက မနေ့ဧပြီလ ၉ ရက်နေ့ညမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၈ လသားကလေးငယ်အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရ့ပါတယ်။
မင်းတပ်မြို့၊ တိုက်နယ် ၄ တစ်နေရာကို မနေ့ဧပြီလ ၉ ရက် ည ၈ နာရီ ၄၄ မိနစ်ဝန်းကျင်လောက်မှာ ပေါင်၅၀၀ ဗုံးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန် အမှုတော်ဆောင် ဆရာတစ်ပါး ၊ သက်ကြီးရွယ် ၂ ဦး၊ မသန်စွမ်း ၁ ဦး၊ ၇ နှစ်သာအရွယ်၊ ၈ လသားအရွယ် တစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီးတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ် ၉ ဦးက ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူနေအိမ်တွေ နဲ့ ခရစ်ယာန် ဘုရားကျောင်း အပါအဝင် စုစုပေါင်းနေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
CDF – Mindat ထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ်တဲ့ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့၊ ၂ ရက်နေ့ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို စစ်ကောင်စီဘက်က မကြာခဏလုပ်လေ့ရှိနေပါတယ်။
မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိပါတယ်။


