Headlines

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကြောင်း၊စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားကြောင်းသိရ

ဧပြီလ ၉ ရက်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ ကို ဧပြီလ ၇ ရက်နေ့က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က ကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကာထွက်ပြေးသွားကြောင်း၊လက်ရှိ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World Media ကိုပြောပါတယ်။

“ကျနော်တို့ ဖလမ်းကို ၂၀၂၄ ခုနှစ် ၉ ရက်နေ့ကစတင်ပြီးလို့ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒီအတောအတွင်းမှာ စကစ အနေနဲ့ စစ်ကူကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကြိမ် ၂၀၂၅ ဖေဖော်ဝါရီလမှာ တစ်ကြိမ် နောက်ပြီး မတ်လအတွင်းမှာလည်း ၂ ကြိမ် စစ်ကူတွေ ချထားပါတယ် စစ်ကူလူဦးရေက ၂၀၀ ကျော်လောက်ပေါ့ ထပ်ပေးတယ် ဒါပေမယ့် သူတို့စစ်ကူပေးထားတဲ့ထဲကနေ ၁၅၀ လောက်ကို မြို့မသိမ်းခင်မှာ ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့ပါတယ် အခုအခြေအနေကတော့ ခလရ ၂၆၈ မှာ ကလေးနဲ့ တချို့အမျိုးသမီးတွေ ဒဏ်ရာရတဲ့သူတွေကို ချန်ထားတယ် အဲဒီ အယောက် ၅၀ လည်းကျနော်တို့ လက်ထဲမှာ လောလောဆယ်ထိန်းသိမ်းထားပါတယ် ထွက်ပြေးတဲ့သူတွေကိုလည်း လိုက်နေပါတယ် စစ်သုံ့ပန်းလူဦးရေက အတိကျ ပြောဖို့ စစ်ဆင်ရေးကမပြီးသေးဘူးဆိုတော့ အတိအကျတော့ မရှိသေးဘူး လောလောဆယ်ကတော့ အယောက် ၂၀၀ ဝန်းကျင်ကို ထိန်းသိမ်းထားတဲ့ အခြေအနေမှာရှိပါတယ်” လို့ CNO/CNDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ ဖလမ်းမြို့ကစစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ မကျရေး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့သလို စစ်ကူအင်အားလည်း အများအပြားချကာ ခုခံကာကွယ်တဲ့ကြားကနေ ဖလမ်းမြို့ကို ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဖလမ်းမြို့ကို စစ်ကောင်စီဘက်က မနေ့ ဧပြီလ ၈ ရက် ၉ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ တစ်ကြိမ်လောက် ပစ်ခတ်ခဲ့တာရှိခဲ့ပြီး ဒီကနေ့မှာတော့ လောလောဆယ် လေကြောင်း တိုက်ခိုက်မှု မရှိသေးဘူးလို့လည်း ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့အခြေစိုက် CNDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေး ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ (CB) က ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *