
ဧပြီလ ၁၀ ရက်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအတွက် ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနဲ့ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေးအတွက် ဆက်လက်တိုက်ပွဲကြပါရန် တော်လှန်ရေးအင်အားစု အားလုံးကို တိုက်တွန်းအပ်တယ်လို့လည်း CNF က ထုတ်ပြန်ပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ မကျရေး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့သလို စစ်ကူအင်အားလည်း အများပြားချကာ ခုခံကာကွယ်တဲ့ကြားကနေ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်(CB) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ တွေဖြစ်တဲ့ 96 Solider PDF ,Anti- Fascist Internationalist Front (AIF),Burma National Revolutionary Army (BNRA), Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့) ,Generationa Z Army (GZA), Giant Revolution Force (GRF) ,Harmonious Northern Brother (HNB), Kalay Revolution Force (KRF) ,Kalay Urban Guerrialla (Kalay UG), Myingyan Black Tiger (MBT), National Liberation Army (NLA),Revolvtion Ambulance Wolf ( RAW Medical Team) ,Sagaing Federal Troop (SFT – စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု) ,Yaw Defense Force (YDF) ,Zo Army (ZA) ,ကလေးခရိုင် ပကဖနှင့် ဒရုန်းအဖွဲ့တွေက ပါဝင်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲ ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့ (CB) က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
