Headlines

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူအတွက် အာဆီယံ အကူအညီတွေကို စစ်ကောင်စီကနေ တဆင့်ပေးမှာကို အပြင်းအထန် ကန့်ကွက်ကြောင်း CNF ပါဝင်တဲ့ EROs အဖွဲ့တွေ နဲ့ NUG ပူးတွဲပြီးထုတ်ပြန်

ဧပြီလ ၁၆ ရက်။

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အာဆီယံ အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီကနေ တဆင့် ပေးမှာကို အပြင်းအထန် ကန့်ကွက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs)အဖွဲ့တွေ နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ပူးတွဲပြီးကန့်ကွက်ကြောင်း ဧပြီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ တိုင်းပြည် နယ်နိမိတ်စုစုပေါင်း ၂၂ ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်ထားနိုင်တာဖြစ်လို့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ပေးအပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ခွဲခြားဆက်ဆံမှုမရှိ၊ ဘက်မလိုက်ဘဲ ထိရောက်စွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အာဏာသိမ်းစစ်ကောင်စီကနေ တဆင့်ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံရေးအရ အလွဲသုံးချမယ့် အန္တရာယ်ကို မလွဲမသွေ တွေ့ကြုံရမှာ ဖြစ်တာကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန်တာလို့လည်း ဆိုထားပါတယ်။

အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ အာဆီယံခေါင်းဆောင်တွေ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စဆွေးနွေးကြမှာဖြစ်ကြောင်းလည်း သိရှိထားရတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာပြည်တွင်း အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိုဖို့အတွက် မြန်မာပြည်သူလူထု လိုလားချက် မျော်မှန်းချက်တွေကို ကိုယ်စားပြုတဲ့ သဘောထား ထင်ဟပ်စေနိုင်မယ့် (Myanmar – Owned and Myanmar Led Process) ဖြစ်စေရန် အတွက် စစ်ခေါင်းဆောင်နဲ့ တဖက်သက် ဆက်ဆံ ဆောင်ရွက်မှုတွေကိုလည်း အထူးသတိပြုသင့်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ (WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ (FRC) ၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ အခြားအမည်မဖော်လိုတဲ့ အင်အားစုတွေက ပူးတွဲထုတ်ပြန်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *