
မတ်လ ၂၂ ရက်။
မတ်လ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်၊ ချိုရချန်ပူ (Churachanpur/ Lamka) မြို့မှာ တီးတိန်မြို့နယ် ဆဲဇန်ရွာကအသက် ၉ နှစ်အရွယ် ချင်းစစ်ဘေးရှောင်ကလေးမ Lia Man Deih Kim အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း အိန္ဒိယအရှေ့မြောက်မီဒီယာများရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။
သေဆုံးသူဟာ Nu Niang Sen Khup ရဲ့ သမီး ဖြစ်ကြောင်း၊ တီးတိန်မြို့နယ် ဆဲဇန်ရွာကနေ အမေ၊ အစ်ကို နှင့် မောင်လေး တို့နဲ့ အတူ မဏိပူရပြည်နယ် Lamka မြို့မှာ စစ်ဘေးဒုက္ခသည် အဖြစ် နေထိုင် နေကြသူများ ဖြစ်ကြောင်း၊ Way Mark Academy ကျောင်းတွင် ဒုတိယတန်း တက်ရောက်နေသူ ဖြစ်ကြောင်း၊ မတ်လ ၂၀ ရက်နေ့ညနေ ၆:၃၀ မှာ နောက်ဆုံး တွေ့ရှိခဲ့ရပြီး နေအိမ် ပြန်ရောက်ခြင်း မရှိတဲ့အတွက် မိသားစုမှ ရှာဖွေခဲ့ပေမယ့် မတွေ့ရှိတဲ့ အတွက် ဒေသခံ တာဝန်ရှိသူများထံ တိုင်ကြားပြီး ရှာဖွေခဲ့ရာ ည ၁၁ နာရီခွဲမှာ လည်ပင်း ဒဏ်ရာ ရှိပြီး သွေးစွန်းထင်နေတဲ့ သူမ အလောင်းကို သူတို့ နေထိုင်ရာ Relief Camp Compound တနေရာမှာ တွေ့ရှိခဲ့ကြောင်း၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာလို့ ယူဆရပြီး အလောင်းကို ခရိုင် ဆေးရုံမှာ ပို့ဆောင် စစ်ဆေးနေကြောင်း အိန္ဒိယ မီဒီယာများကရေးသားပါတယ်။
မတ်လ ၂၁ ရက်နေ့ ညမှာ သေဆုံးသူသူမအတွက် Lamka မြို့က Zomi Mothers Association General Head Quarter မှာ Candle Light Vigil (ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ) ZMA, GHQရဲ့ ဦးဆောင်မှု ဖြင့် ပြုလုပ်ခဲ့ပြီး ဒေသ အလွှာစုံ အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့တယ် လို့လည်း တိုက်ရိုက် ထုတ်လွင့်မှုများ အရ သိရှိရပါတယ်။
“လက်ရှိတွင် သံသယ ရှိသူ ၁၅ ဦးကို ဒေသရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးလျက် ရှိပြီး တရားခံဖြစ်နိုင်ခြေ အရှိိဆုံး တစ်ဦးကို ရဲ တပ်ဖွဲ့မှ ဆက်လက် အထူးစစ်ဆေးနေတယ်။ တရားခံကို ဖမ်းဆီးပြီး ထိုက်တန်တဲ့ ပြစ်ဒဏ် ပေးနိုင်တဲ့ အထိ ဆက်လက် ဆောင်ရွက်သွားမယ်” လို့ Zomi Council ဉက္ကဌ Pu Vumsuan Naulak ကဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ (Candle Light Vigil) အခမ်းအနားမှာ ပြောကြားခဲ့ကြောင်း တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိရ ပါတယ်။
လက်ရှိမှာတော့ Lia Man Deih Kim ရဲ့ ရုပ်အလောင်းကို သင်္ဂြိုလ်မယ့် အချိန် နဲ့ ပတ်သက်ပြီး သတ်မှတ်ထားခြင်း မရှိသေးပဲ၊ ကျူးလွန်သူကို ဖမ်းဆီးရမိတဲ့အထိ သင်္ဂြိုလ်ခြင်း မပြုလုပ်ရန် တောင်းဆိုမှုများလည်း ရှိနေကြောင်း၊Lia Man Deih Kim သေဆုံးမှု နဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိရေး အတွက် ဒေသ အတွင်း နဲ့ မဏိပူရပြည်နယ် အတွင်းရှိ အဖွဲ့အစည်းများစွာက တောင်းဆိုနေကြကြောင်း ဒေသမီဒီယာများမှာ ဖော်ပြပါတယ်။