Headlines

ဖလမ်းမြို့က စစ်ကောင်စီတပ်ရင်းမှူးဒုဗိုလ်မှူးကြီးဝေလင်းထွန်း တိုက်ပွဲမှာသေဆုံးကြောင်းသိရ

မတ်လ ၂၀ ရက်။

တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ က စစ်ကောင်စီတပ်ရင်း (ခလရ ၂၆၈)က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ မတ်လ ၁၇ ရက်နေ့က တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၆၈ မကျရေးအတွက် တပ်ကူတွေ မတ်လ ၁၆ ရက်နေ့ကပို့ခဲ့ပြီး နောက်တစ်ရက် မတ်လ ၁၇ ရက်နေ့မှာဘဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းသေဆုံး သွားခဲ့ရတာလို့လည်း သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောတာက “ ဖလမ်းကို ယခင်ရက်ပိုင်းက ဒုတိယ ဗိုလ်မှူးကြီး မင်းခန့်အောင်ဦးဆောင်တဲ့ ခမရ ၃၉၁ က တပ်ကူတွေကို ရဟတ်ယာဉ်နဲ့ ပို့်ဆောင်တယ် ရဟတ်ယာဉ်က ၂ ကြိမ်လောက်ဘဲ ဆင်းနိုင်ခဲ့တယ် အင်အား ၅၀ ကျော်လောက်ဘဲ ဖြည့်တင်းနိုင်ခဲ့တယ် အင်အားအပြည့် မရောက်ခဲ့ဘူးလို့ သိရတယ် နောက်တစ်နေ့ ၁၇ ရက်နေ့မှာတော့ (ခလရ ၂၆၈)က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းတိုက်ပွဲအတွင်းကျသွားတယ်လို့ သိရတယ်” လို့ပြောပါတယ်။

သေဆုံးသွားတဲ့ ဖလမ်းမြို့ (ခလရ ၂၆၈)က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၆) ဆင်းဖြစ်ပြီး အသက်အရွယ်အားဖြင့် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး မော်လမြိုင်က သူ့အိမ်မှာလည်း နာရေးလုပ်နေပြီဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က မီဒီယာတချို့မှာ ဖြေထားပါတယ်။

ဖလမ်းမြို့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်တဲ့ ခလရ -၂၆၈ ထဲကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ထားသလို ပွိုင့်တော်တော်များများကိုလည်း သိမ်းထားတာတွေကြောင့် စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးအလုံးရေ ရာနဲ့ချီကြဲချတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ရဲ့နောက်ဆုံးလက်ကျန် ခလရ – ၂၆၈ တပ်ကုန်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ပွဲတွေပြင်းထန်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *