Headlines

ချင်းပြည်နယ်မှာ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်စာရင်းပေးသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ၄၀၈ ဦး ရှိပြီးတက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူအနည်းဆုံးနှစ် ဖြစ်လာ

မတ်လ ၁၈ ရက်။

မတ်လ ၁၇ ရက်နေ့ကနေ စတင်ဖြေဆိုခဲ့တဲ့၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ချင်းပြည်နယ်မှာ ဖြေဆိုရန်စာရင်းပေးသွင်းသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ကျောင်းသားကျောင်းသူ ၄၀၈ ဦး ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြေဆိုသူ ဒုတိယ အနည်းဆုံး ပြည်နယ်ဖြစ်နေကြောင်း၊ယခုနှစ်ဟာ ချင်းပြည်နယ်ရဲ့တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအနည်းဆုံးနှစ်ဖြစ်ကြောင်း၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့နေ့စဉ်စာမေးပွဲ ဖြေဆိုမှု အခြေပြ ဇယား အရ သိရှိရပါတယ်။

ဖြေဆိုရန် စာရင်းပေးသွင်းခွင့်ကို မတ်လ ၁၆ ရက်နေ့ အထိ ပေးထားခဲ့တာကြောင့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းသူ ၅၅၆ ဦးထိ ရှိခဲ့သော်လည်း ၁၄၈ ဦး (၂၆.၆၂%) ပျက်ကွက်ခဲ့ပြီး ၄၀၈ ဦးသာ ဖြစ်ဆိုခဲ့ကြောင်း ယင်း အခြေပြ ဇယား အရ သိရှိခဲ့ရ ပါတယ်။

မတ်လ ၄ ရက်နေ့ အထိ Chin World Media မှ ရရှိခဲ့သော အချက်အလက်များ အရ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနိုင်ခဲ့သည် ဟားခါးမြို့ အထက (၁) နှင့် တီးတိန်မြို့ အထက (၁) ကနေ ကြိုတင် စာရင်းပေးသွင်းသူ ၃၇၁ ဦးသာ ရှိခဲ့သောကြောင့် ယင်းကာလ နှင့် မတ်လ ၁၆ ရက်နေ့အတွင်း ထပ်မံ စာရင်း ပေးသွင်းသူ ၁၈၅ ဦး ရှိကြောင်း နှိုင်းယှဉ် တွေ့ရှိခဲ့ရပါတယ်။

နိုင်ငံခြား စာစစ်ဌာန ၁၃ ခု ကနေ စာမေးပွဲ ဖြေဆိုသူ ဦးရေ ၂၀ ဦး ရှိခဲ့ပြီး စာစစ်ဌာန တစ်ခုတွင်သာ စာမေးပွဲ ဖြေဆိုနိုင်တဲ့ကယားပြည်နယ်ကနေ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၃၂ ဦး သာ ရှိခဲ့ပြီး မြန်နိုင်ငံအတွင်း ဖြေဆိုသူ အနည်းဆုံး ပြည်နယ် ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့အခြေပြ ဇယားပါ အချက်အလက်များ နှိုင်းယှဉ်မှု အရ တွေ့ရှိခဲ့ရ ပါတယ်။

နိုင်ငံခြား စာစစ်ဌာနများ အပါအဝင် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ စုစုပေါင်း ၂၀၈,၈၈၉ ဦး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၁၂၈,၈၀၁ သာ ဖြေဆိုခဲ့တာ ကြောင့် ယခု၂၀၂၅ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ၈၀,၀၈၈ ဦး ပိုမို များပြား လာခဲ့ပါတယ်။

ချင်းပြည်နယ် ကနေ ၃၃၈ ဦး အောင်မြင်ခဲ့တဲ့ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၀၁ ဦးရှိပြီး အထူးအစီအစဉ်နဲ့ ဧပြီလမှာ ပြန်လည်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၃၄ ဦး နဲ့ စုစုပေါင်း ၄၃၅ ဦး ရှိခဲ့ပြီး ချင်းပြည်နယ်ရဲ့ ပညာရေး သမိုင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အနည်းဆုံး နှစ် အဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ၂၀၂၅ ခုနှစ်တွင် ဖြေဆိုသူ ၄၀၈ ဦးသာ ရှိသည့် အတွက် ယခုနှစ်သည် ချင်းပြည်နယ်၏ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ အနည်းဆုံး နှစ် ဖြစ်ခဲ့ရ ပါတယ်။

Chin World Media မှ နောက်ဆုံး ရရှိသော အချက်အလက်များ အရ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ၁၅၀ ဦး ဝန်းကျင် ရှိသော တီးတိန်မြို့ အထက (၁)တွင် စစ်သား နှင့် ရဲများမှ လုံခြုံရေး တင်းကျပ်ထားခဲ့တယ် လို့ ကျောင်းသား မိဘ တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *