
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ကနေ ရန်ပုံငွေတွေ ကျပ်သိန်းတထောင်ဝန်းကျင်ခန့် ယူပြေးပြီး စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့ထဲဝင်သွားတဲ့ ကျော်ကြီး (ခ) ဂန်းကျော်ကြီး ဟာ မတ်လ ၂၁ ရက်နေ့ည ၈ နာရီလောက်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ကျော်ကြီး (ခ) ဂန်းကျော်ကြီးဟာ PDF ထဲကနေ ရန်ပုံငွေတွေခိုးပြီးမှ ပျူစောထီးအဖွဲ့ထဲကို ဝင်သွားတာဖြစ်ပြီး ကလေးမြို့ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းထဲမှာ မတ်လ ၂၁ ရက်နေ့ညက ကိုယ့်ကိုယ်ကို သတ်သေသွားတာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ မင်္ဂလာဥယျာဉ်ဘုန်းကြီးကျောင်းက မဘသကျောင်း ဟုတ်တယ် ပျူတွေက အဲနားတဝိုက် ကျက်စားကြတယ် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူလဲ အဲဒီဘုန်းကြီးကျောင်းထဲမှာဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်” လို့ပြောပါတယ်။
ကလေးမြို့မှာ ပြည်သူ့စစ်မှုထမ်းအတွက် အဖမ်းအဆီးတွေကိုလည်း မင်္ဂလာဥယျာဉ်ဘုန်းကြီးကျောင်းနားဝန်းကျင်မှာရှိတဲ့ ပျူတွေက အဓိက လိုက်ဖမ်းနေကြတာဖြစ်ကြောင်းကိုလည်း ဒေသခံတွေဆီကနေ သိရပါတယ်။
“ စစ်မှုထမ်းအတွက် အခုလည်း ဖမ်းတာတော့ အမြဲလိုလိုဖမ်းနေတာဘဲ သူတို့မှာ လူဦးရေပြည့်တယ်ဆိုတာမရှိဘူး ဘယ်နှဦးဖမ်းဆီးခံရပြီလဲဆိုတာ သိတာလည်းရှိတယ် မသိတာလည်းရှိတယ် လက်လှမ်းမမီတာလည်း အများကြီးပေါ့ နေရာတိုင်းမှာ အဖမ်းခံရတဲ့ သူကအများကြီးဘဲလေ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် (၆) ကနေ အပတ်စဉ် (၉) အထိ ကလေးမြို့နယ်ကနေ စစ်မှုထမ်းဖို့အတွက် လူငယ် ၁၈၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
