Headlines

မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ MTC ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၁ ရက်။

မရာနယ်မြေလုံခြုံရေးနဲ့ နယ်မြေကျူးကျော်မှုတွေ ရန်လိုဗိုလ်ကျစိုမိုးဖို့ ကြိုစားမှုမှန်သမျှတွေကို အစဉ်အမြဲတားဆီးကာကွယ်မှာဖြစ်သလို မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ ဘုံသဘောတူညီချက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) ကထုတ်ပြန်ပါတယ်။

တတိယအကြိမ် မရာပြည်သူ့ညီလာခံကို မရာကျေးရွာ ၄၃ ရွာနဲ့ လိုင်လင်းပီမြို့ အပါအဝင် ပြည်တွင်းပြည်ပက လူထုကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊မဟာမိတ်မှကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူတွေအပါအဝင် စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ညီလာခံကို ကျင်းပခဲ့တယ်လို့ MTC ကထုတ်ပြန်ပါတယ်။

အဲဒီညီလာခံမှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီတပ်ပေါင်းစုက မရာနယ်မြေကို ကျူးကျော်ခြင်း၊ MDF တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာ၊ ညီနောင် အချင်းချင်းကြားဖြစ်နေတဲ့ မကျေလည်မှုတွေကို စစ်ရေးအင်အားနဲ့ ဖြေရှင်းဖို့ကြိုးစားကြံစည်တာနဲ့ မရာလူထုသွေးကွဲဖို့ကြံစည်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကို အားပေးအားမြောက် လုပ်နေတာတွေက တော်လှန်ရေးလမ်းစဉ်နဲ့မညီတဲ့အပြင် လူမျိုးရေးပဋ္ဋိပက္ခအဖြစ် အသွင်ကူးစေနိုင်သဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးကို ထိခိုက်စေတဲ့အတွက် မရာပြည်သူ့ညီလာခံမှ အလေးအနက် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

မရာပြည်သူလူအနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းပပျောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရေးနဲ့ ၎င်းကိုအသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို ဘဝတူညီနောင် တိုင်းရင်းသားလူမျိုးတွေနဲ့ လက်တွပြီး အဆုံးတိုင် တိုက်ဖျက်မှာဖြစ်သလို စစ်ကောင်စီ အနေနဲ့ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

မရာလူမျိုးအချင်းချင်း၊ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းမယ့် နည်းလမ်းကို ဆက်လက်ဦးတည်မှာဖြစ်သလို မရာမျိုးနွယ်စုအကြား တည်တံ့ခိုင်မြဲတဲ့ စည်းလုံးညီညွှတ်ရေးနဲ့ မရာလူမျိုးနွယ်စုအတွင်း တစ်ခုတည်းသော အုပ်ချုပ်ရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ တည်ဆောက်နိုင်ရေး အခြခံမှုအပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ချင်းလမျိုးနွယ်စု အချင်းချင်းကြား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ရေး စည်းလုံးညီညွတ်ရေးကို အစဉ်တစိုက် ဦးတည်သွားမယ်လို့ မရာပြည်သူ့ညီလာခံ ဘုံသဘောထားကို ထုတ်ပြန်ထားပါတယ်။

နယ်မြေအငြင်းပွားမှုတွေကြောင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နဲ့ CDF – Lautu တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ မတူပီမြို့နယ်၊ ရွာမန်းကျေးရွာမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်၊ ကျဆုံးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်ကောင်စီအနေနဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နဲ့ CDF – Lautu တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုမှာ ဘယ်ဘက်ကမှ ပူးပေါင်းပါဝင်တာမရှိသလို ဒီလိုချင်းလူမျိုးအချင်းချင်းကြား တိုက်ခိုက်မှုတွေကိုလည်း လက်မခံဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က Chinland Council ကထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *