
နိုင်ငံရေးအခွင့်အရေးပိတ်ပင်တားဆီးမှုမျိုးစုံကြားက ပင်လုံစာချုပ်မှ ဖြစ်တည်လာခဲ့တဲ့ ပြည်ထောင်စုကြီး မပြိုကွဲရေးနဲ့ တန်းတူညီမျှမှုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲလျက် အာဏာရှင်မှန်သမျှကို ဆန့်ကျင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ် ေရးအစိုးရ( NUG)ရဲ့ (၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး(CNF)က သဝဏ်လွှာပေးပို့ပါတယ်။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ချင်း၊ ကချင်၊ ရှမ်းနဲ့ တခြားတိုင်းရင်းသားတွေဟာ မည်သည့်အခါကမျှ ပြည်ထောင်စုမှ မခွဲထွက်ပဲစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ၊ ၁၉၉၀ ခုနှစ် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်၊ ၁၉၂၂ ခုနှစ် မာနယ်ပလောစာချုပ်၊ ၁၉၉၇ ခုနှစ် မဲသရောထာသဘောတူညီချက်၊ ၁၉၉၈ ခုနှစ် သူးမွဲကလိုးသဘောတူညီချက်နဲ့ ၂၁ ရာစု ပင်လုံညီလာခံတို့မှာ တောင်းဆိုမှုပြုလုပ်ခဲ့ကြပြီး အဆိုပါ နိုင်ငံရေးတောင်းဆိုချက်တွေကို စစ်အာဏာရှင်အဆက်ဆက်က ငြင်းဆိုခဲသောကြောင့် ယနေ့တိုင် ပြည်တွင်းစစ်မီးတောက်လောင်နေခြင်းဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ရေးထားပါတယ်။
ပြည်ထောင်စုတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူမူနဲ့ တရားမျှတမှုကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ တည်ဆောက်ပြီး တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းလိုတယ်လို့ သဝဏ်လွှာမှာထည့်သွင်းဖော်ပြထားပါတယ်။
ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရှင်သန်စေရန် ဖက်ဒရယ်ဒီမိုကရေစီပဠိညာဉ်ပါ အခြေခံမှုများ ခိုင်မာစေရေး ရည်သန်လျက် (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကမကထပြုပေးတဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ အမျိုးသားညီညွှတ်ရေး အစိုးရတို့အား အထူးကျေးဇူးတင်ရှိတယ်လို့ (CNF) က သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီကနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဗြတိသျှ ကိုလိုနီ အစိုးရထံက လွတ်လပ်ရေးစောလျင်စွာရရှိပြီး လွတ်လပ်မှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် ရှမ်းပြည် ပင်လုံမြို့မှာ ချင်း၊ကချင်၊ ရှမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာကြားဖြတ်အစိုးရ တို့က သဘောတူ လက်မှတ်ရေးထိုးပြီး သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အမျိုးသားသွေးစည်းညီညွှတ်မှုကျောက်ကို စိုက်ထူနိုင်ခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်သည်။ ဒီသမိုင်းဝင်စာချုပ်အားဖြင့် ပြည်ထောင်စုများဖြင့် စုစည်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ထွန်းနိုင်ခဲ့သည့်ပြင် ဗြတိသျှ ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့ကြသည်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
