Headlines

ကလေးမြို့နယ်နဲ့ မုံရွာမြို့တွေမှာ ၃ ရက်အတွင်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၂၁၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား ပြည်သူ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ ၁၇ ရက်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မုံရွာမြို့နယ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ သုံးရက်တာအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၂၁၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၆) ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် ဟောက်ဝှစ်စာနဲ့ လက်နက်ကြီးတွေအသုံးပြုပြီး အရပ်သားပြည်သူနေအိမ်တွေ စစ်ရှောင်စခန်းတွေ ဆေးရုံတွေ နဲ့ စာသင်ကျောင်း ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၁၃ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းအနီးက ဟားခါးလေးရွာ၊ ရှာဖိုရွာ၊ အရှေ့စည်းရွာ၊ ဒိုးနွယ်ရွာ အပါအဝင် ကျေးရွာတွေကို ဗုံးအသီး အလုံး(၄၀) ကြဲချတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ နတ်ချောင်းတိုက်နယ်ဆေးရုံကို ဗုံးအလုံးရေ ၃၀ ကျော်တိုက်ခိုက်ခဲ့ကာ ညပိုင်းမှာလည်း ဆက်လက်ပြီး သံဖိုရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီ အပါအဝင် စစ်လက်နက်ပစ္စည်းတွေ နည်းပညာတွေ အထောက်အကူပြုပစ္စည်းတွေရောင်းချပေးတာ အမြန်ဆုံးရပ်တန့်ပေးဖို့ နဲ့ နိုင်ငံတကာ ရာဇတ်ဝတ်မှုတွေ ပိုမိုစိုရွားစွာ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးအရေးယူမှုတွေ လုပ်ဆောင်ပေးကြရန်ကိုလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေကို တောင်းဆိုတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးမြို့နယ် တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာ ၁၀ ရွာကျော် က ဒေသခံပြည်သူ ေထာင်ချီဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *