ဇန်နဝါရီလ ၁၀ ရက်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၄၀) သေဆုံးခဲ့ပြီး (၂၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိမှုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO ) ကထုတ်ပြန်ပါတယ်။
အရပ်သား (၄၀) ဦးအထိသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရရစေတဲ့ တိုက်ခိုက်မှုဟာ စစ်နဲ့အရပ်သားများကို မခွဲခြားတော့ပဲ စစ်အာဏာရှင်ရဲ့ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများရဲ့ နောက်ထပ်ထင်ရှားတဲ့အရာဖြစ်ကြောင်း၊ သေဆုံးသွားသူများနဲ့အတူ အလေးနက်ဆုံးထပ်တူဝမ်းနည်းရပြီး ဤရက်စက်မှုဒဏ်ခံရသူအားနှင့်အတူ အပြည့်အ၀ စည်းလုံးညီညွတ်စွာရပ်တည်တယ်လို့ ထုတ်ပြန်ပါတယ်။
“ ဒီတိုက်ခိုက်မှုဟာ အရပ်သားမှန်းမခွဲခြားတော့ပဲ အကြမ်းဖက်မှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တွေရဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်ပြီး၊ စစ်ရာဇဝတ်မှုစစ်ဆင်ရေးကို ကြောက်မက်ဖွယ်တိုးမြှင့်လာတဲ့ သင်္ကေတအဖြစ်သတ်မှတ်ရမှာဖြစ်တယ်” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ အမှုဆောင်ဒါရိုက်တာဆလိုင်းဇအုပ်လိန်းကပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်က ချင်းပြည်အတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး သီးခြားလေကြောင်းတိုက်ခိုက်မှု ၁၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး ချင်းအရပ်သား ၁၁၆ ဦးသေဆုံးကာ ၂၄၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။
“အရပ်ဖက်အခြေခံ အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်အသုံးပြုခြင်းဟာ အဆိုပါနယ်မြေများတွင် စစ်အစိုးရရဲ့ နယ်မြေဆုံးရှုံးနေမှုနဲ့ တိုက်ဆိုင်နေပါတယ်” လို့ CHRO ရဲ့ Director ဆလိုင်းဇအုပ်လိန်းကပြောပါတယ်။
သူကဆက်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်များဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ဖီဆန်လာပြီး အဆိုပါပြစ်ဒဏ်များအတွက် စစ်ကောင်စီအနေနဲ့ အမြန်ဆုံးအဆုံးသတ်နိဂုံးချုပ်နိုင်ရန် လျှင်မြန်စွာ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ပြောပါတယ်။
AA ပြောခွင့်ရ ဦးခိုင်သုခကလည်း “အခုလို စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်” လို့ မီဒီယာတွေကို ဖြေကြားပါတယ်။
အကြမ်းဖက်မှုတွေမှာတာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေဖို့၊ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ စစ်အစိုးရရဲ့ သံတမန်ရေးချက်ခြင်းရပ်တန့်ပေးဖို့တောင်းဆိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံသားများရဲ့ အသက်အိုးအိမ်စည်းစိမ် နဲ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရာမှာ စည်းလုံးညီညွတ်စွာရပ်တည်ရမည်ဖြစ်ကြောင်း CHRO ကသဘောထားထုတ်ပြန်ပါတယ်။