Headlines

အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းကောက်ခံတာတွေ မလုပ်သေးဘူးလို့ စစ်ကောင်စီထုတ်ပြန်

ဇန်နဝါရီလ ၂၉ ရက်။

ပြည်သူ့စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသမီးများကို စာရင်းကောက်ခံမှု တွေရှိနေတယ်ဆိုတဲ့ သတင်းဟာ ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်ပေါ်မှာ သတင်းပြန့်နေသလို အသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသမီးများကို စာရင်းကောက်ခံမှုလုပ်နေတယ်ဆိုတဲ့ သတင်းဟာ လုပ်ကြံဝါဒဖြန့် လှုံ့ဆော်ခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးစာရင်းတွေ စတင်ကောက်ယူတာတွေ မှန်ကန်ကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ဖို့အတွက်တော့ ညွှန်ကြားချက်မရှိသေးဘူးလို့ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က BBC မေးမြန်းမှုမှာ ပြောခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က “လက်ရှိအမျိုးသမီးစစ်မှုထမ်းဖို့ ဆင့်ခေါ်ဖို့ကို သီးခြားမရှိသေးပါဘူး အချိန်ကာလအရ ဘယ်အချိန်စခေါ်မယ်ဆိုတာမရှိသေးဘူး မြေပြင်မှာတော့ အကျုံးဝင်အင်အားကို ကောက်ကြတာပေါ့ အမျိုးသား၊ အမျိုးသမီးပေါ့နော် အကျုံးဝင်အင်အားကောက်တယ် ဆိုတာတော့ ပုံမှန် သန်းခေါင်စာရင်းကောက်ယူတဲ့ပုံစံမျိုးပေါ့ လက်ရှိ အကျုံးဝင်အင်အားကောက်တဲ့သဘောပေါ့ စစ်မှုထမ်းဖို့ တန်းပြီးဆင့်ခေါ်တဲ့ အဆင့်မဟုတ်ဘူး ” လို့ BBC သတင်းဌာနကို ဖြေကြားထားပါတယ်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံတဝန်းက လူငယ်အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ စတင်စာရင်းကောက်ယူတာတွေကို လုပ်ဆောင်လာတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံနေရာအနှံ့စစ်မျက်နှာပြင်မှာ တိုက်ခိုက်နေရတဲ့ စစ်ကောင်စီအနေနဲ့ စစ်သားလိုအပ်ချက်ကြောင့် အမျိုးသားစစ်မှုထမ်းကို ပြီးခဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ကစလို့ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ စတင်ခဲ့ကာ လက်ရှိမှာ အပတ်စဉ် ၉ အထိ သင်တန်းပေးနေပြီဖြစ်ကာ အပတ်စဉ် ၁၀ အတွက် လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *